Main menu

ဂုဏ်ယူဝံ့ကြွား မြန်မာ့သနပ်ခါး

Powered by Drupal
Mon, 11/10/2025 - 15:08 -- consumer_admin

 

မြန်မာနိုင်ငံသူ နိုင်ငံသားများသည် သနပ်ခါးကို အစောဆုံး အေဒီ ၅ ရာစုခန့် ပုဂံခေတ်တွင် စတင် အသုံးပြုခဲ့ကြကြောင်း နံရံဆေးရေးပန်းချီ အထောက်အထားများအရ လေ့လာသိရသည်။ ထိုမှဆက်တိုက် ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်မှ သည် ယနေ့မျက်မှောက် ခေတ်ထိအောင် ခေတ်အဆက်ဆက် သုံးစွဲလာကြသည်။ သနပ်ခါးလိမ်း ကျံသည့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ဓလေ့ကို ကျား၊ မ မခွဲဘဲ လူတန်းစားပေါင်းစုံ နှစ်ခြိုက်စွာ အသုံးပြု လျက်ရှိကြသည်။ သနပ်ခါးနှင့် ပတ်သက်သော အကြောင်းကို ဗုဒ္ဓဝိနည်း ပညတ်ချက်နှင့် ဓမ္မပဒပါဠိတော်၌လည်း တွေ့ရလေသည်။ ဝေဿန္တရာဇာတ်၌ ဇူဇကာပုဏ္ဏားကြီးက ကဏှာနှင့် ဇာလီအား နှိပ်စက်သဖြင့် ဒဏ်ရာများရခဲ့ရာ နတ်များက ထိုဒဏ်ရာကို သနပ်ခါးလိမ်းပေးခဲ့ခြင်းကို ဖော်ပြထား၏။ မြန်မာ့ ရိုးရာသနပ်ခါး ယဉ်ကျေးမှုနှင့် ပတ်သက်၍ အေဒီ ၁၁ ရာစု ပုဂံနဂါးရုံ ဘုရားနှင့်  အပ္ပာယ်ရတနာ ဘုရား  နံရံဆေးရေး   ပန်းချီကားများတွင်  သနပ် ခါးနှင့် ယှဉ်တွဲ အသုံးပြုလေ့ရှိသော ကျောက်ပျဉ်နှင့်အလှဆင်နေသည့်  မိန်းမပျိုပုံများကို တွေ့ရသော ကြောင့်     ပုဂံခေတ်တွင်လည်း     မြန်မာမိန်းမပျိုတို့သည်သနပ်ခါးဖြင့်အလှဆင်လိမ်းခြယ်ကြ      ကြောင်း သိနိုင်ပါသည်။  

သနပ်ခါးအသုံးဝင်ပုံများသက္ကရာဇ် ၈၄၆ ခုနှစ် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်ပျို့အရ အင်းဝခေတ်မြန်မာ အမျိုးသမီးများ၏သနပ်ခါး အသုံးကိုခန့်မှန်းနိုင်သည်။မိုးလင်းတာနဲ့ မျက်နှာပေါ်မှာ သနပ်ခါးလေးရှိမှ ကျက်သရေရှိတာ”၊မြန်မာမိန်းကလေးတိုင်း သနပ်ခါးကို မြတ်မြတ်နိုးနိုးလိမ်းကြတယ်”၊ “မြန်မာ မိန်းကလေး တွေရဲ့ အသားအရေလှတာဟာ သနပ်ခါး ကြောင့်ပေါ့”၊ “သနပ်ခါးလူးထားရင် လူကလန်းဆန်း နေတယ်”၊ “သနပ်ခါးနံ့က စိတ်ကြည်တယ် ဒါကြောင့် သနပ်ခါးကိုအမြဲလူးတယ်”စသည်ဖြင့် သနပ်ခါးလူး လေ့ရှိသူ အများစုက သနပ်ခါး ကောင်းကြောင်း အမွှမ်းတင်ပြောသည့် စကားသံများကို အမြဲလိုလိုကြားရ သည်။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက သနပ်ခါးကို မြန်မာ့ရိုးရာအစဉ်အလာအဖြစ်နဲ့ ခေတ် အလိုက် မျိုးဆက်တခုပြီးတခု လိမ်းခြယ်လာခဲ့တာဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုရဲ့ ထင်ရှားတဲ့ အမှတ် သင်္ကေတ တခုလည်းဖြစ်လာခဲ့ပါတယ်။ သနပ်ခါးနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထား တွေကိုတော့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အမွေအနှစ်ဖြစ်တဲ့ ပုဂံမြို့က ၁၁ ရာစု ပုဂံခေတ်နံရံဆေးရေး ပန်းချီတွေမှာ တွေ့နိုင် ပါတယ်။ နည်းပညာနဲ့ စက်မှုထွန်းကားတဲ့ ဒီကနေ့ခေတ်မှာတော့ နိုင်ငံတကာက ခေတ်မီတိုးတက်တဲ့ အလှ ကုန် ပစ္စည်းတွေ ထိုးဖောက်ဝင်ရောက်လာတာကြောင့် အဲဒီလို အလှကုန်ပစ္စည်း အသုံးပြုသူတွေ များလာ နေပေမယ့်လည်း မြန်မာနိုင်ငံသားအများအပြားကတော့ သနပ်ခါးက ခန္ဓာကိုယ်ကို အေးမြပြီး အသား အရည်လည်း စိုပြေဝင်းဝါပြီးတော့ နူးညံ့ချောမွေစေတဲ့လို့ ယုံကြည်တဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတခုအဖြစ် ဆက်ပြီး အသုံးပြုနေကြဆဲဖြစ်ပါတယ်။

သနပ်ခါး၏ ဂုဏ်သတ္တိများ

သနပ်ခါးကို    ရုက္ခဗေဒ    အမည်အားဖြင့်   Limonia Acidissima Linn   ဟုခေါ်၍ RUTACEAC  မျိုး ရင်း ဖြစ်သည်။ ပင်လတ်မျိုးဖြစ်၍   အမြင့်ပေ ၂၀   မှ   ၃၀   ထိ ရှိတတ်သည်။ ပင်စည် နှင့်     အကိုင်းများ ၌  ချွန်ထက်သောဆူးများပါရှိကာ အပင်နုစဉ်အပွေးပါးလာ၍ အပင်ရင့်လာမှ သာ  အပွေး ထူ သည်။  တန်ခူးလ၊ ကဆုန်လများ ၌    အပွင့်ပွင့်၍   ဝါခေါင်လ၊ တော်သလင်းလများ၌ အသီး   သီးလေ့ ရှိသည်။ အဖိုပင် နှင့်အမပင်ဟူ၍နှစ်မျိုးရှိ၏။ သနပ်ခါးကို   ရှေးပဝေ သဏီ က ပင်   စတင် သုံးစွဲခဲ့ကြ သကဲ့ သို့     နောင် တွင်လည်းမည်သည့် ခေတ်အခါမျှ  သနပ်ခါးသုံးစွဲသည့်   အစဉ်အလာ ပျောက်ကွယ် သွား မည်      မဟုတ်ပေ။  

မြန်မာ့ရိုးရာသနပ်ခါးသည်မြန်မာနံ့သာ   ၁၀  မျိုးတွင်အခေါက်နံ့သာတစ်မျိုးတွင်ပါဝင်သည်။    သနပ်ခါးတွင် “သန”ဆိုသည်မှာ မြန်မာ့အဘိဓာန် တွင်မသန့်မရှင်းဖြစ် သည်။  ယုတ်ညံ့သွား သည်” ဟုဆိုပါသည်။ “ခါ” ကမူစွန့်ထုတ်ခြင်း”ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် “သနခါ” ဟူသည် မကောင်း သော  အညစ် အကြေးများကို  စွန့်ထုတ် ပေးသောအရာပင် ဖြစ်ပါသည်။  သနခါမှ ကာလ ရွေ့လျားလာလျက် သနပ်ခါး ဟု ပြောင်းလဲလာခြင်းဖြစ်သည်ဟုဖွင့်ဆိုထားသည်။ 

သနပ်ခါးပင်၏ တန်ဖိုးသည် အခေါက်နှင့်အပွေးဖြစ်သည်။ “အပွေးမြင် အပင်သိ” ဟူသော ဆိုရိုးစကားရှိလေသည်။ အပင်အမြင့် မည်မျှရှည်စေကာမူ အပွေးမကောင်းပါက ရနံ့မမွှေးတတ်သလို တာရှည်လည်း အသွေးမခံတော့ပေ။ အပင်တုတ်ခိုင်ခြင်း မတုတ်ခိုင်ခြင်းထက်၊ အပွေး၏ အရောင်အသွေးနှင့် သူ၏အထူကိုကြည့်ပါ။ သနပ်ခါးအပွေးများမှာ ကြေးနီရောင်အပွေး၊ ဥသျှစ်ပွေး၊ ဂုံးပွေးဟူ၍ သုံးမျိုးရှိရာ ကြေးနီရောင်အပွေးမှာ လက်ချောင်းကလေးများလို အခေါက်များ အမြောင်းလိုက်ကြွနေပြီး အပွေးမှာ မာကျော၍ ကြေးနီရောင် သို့မဟုတ် ပုစွန်ဆီရောင်ရှိသည့် ပထမတန်းစားအပွေးဖြစ်သည်။ ဥသျှစ် မှည့်ခြောက်ရောင် အပွေးခေါက်မှာပြားကပ်ပြီး အပွေးအသင့်အတင့်ထူ၍၊ ဂုံးပွေးမှာ အဖြူရောင် အခေါက်ပါး၊ အပွေးလည်းပါးပြီး ပွယောင်းသော အညံ့စား သနပ်ခါးဖြစ်သည်။ လက်သည်းဖြင့် အပွေးကိုအသာ ဖိဆိတ် ကြည့်ပါ၊ လက်သည်းနစ်ဝင်သွားပါက အခေါက်သားနု၍ မဝယ်ပါနှင့်။ လက်ဖြင့် ကိုင်ဆကြည့်ပါက ပေါ့လွန်း နေလျှင် ပြန်ချထားလိုက်ပါ။ ယင်းအတုံးသည် အသားကျစ်မှုနည်းခြင်း၊ ခုတ်ဖြတ်ထားသည့် အချိန်ကာလ ကြာနေခြင်းတို့ကြောင့် အတွင်းမှရေဓာတ်ခန်းသွားပြီး အလေးချိန် ပေါ့နေခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် မြန်မာ့သနပ်ခါး

အလှကုန်ပစ္စည်းအများစုကို တားမြစ်ဓာတုဆေးဝါးများဖြင့် ပြုပြင်ဖော်စပ်ထားသည်။ သုံးစွဲသူများကို ဘေးဥပဒ်ဖြစ်စေသော အသားဖြူခရင် (မ်) တွေကို လိမ်းမည့်အစား ရှေးထုံးမပျက် မြန်မာ့ရိုးရာ သနပ်ခါး အေးအေးမွှေးမွှေးလေးကို ကိုယ်တိုင်သွေးလိမ်းပြီး အလှဆင်သင့်သည်။ ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါး အခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို အသေးစိတ်လေ့လာခဲ့ကြရာ သနပ်ခါးမှာ antioxidant (ခေါ်) ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ပါရှိနေသည့်အပြင် အသားအရေရောင် ရမ်းခြင်း ကို သက်သာစေသော ဓာတ်ပစ္စည်းများ၊ ဗက်တီးရီးယားများကို သေစေသော ဓာတ်များနှင့် အရေပြား အရောင်ကို အပြောင်းအလဲဖြစ်စေသော ဟော်မုန်းထွက်ရှိမှုကို ဟန့်တား ပေးနိုင် သည့် ဓာတ်ပစ္စည်းများလည်း သဘာဝ အလျောက်ပါရှိနေကြောင်း လေ့လာတွေ့ရှိထားကြသည်။ သနပ်ခါးက  နေပူဒဏ်၊ နေလောင်ခြင်း ဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ထားနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန်ကြီးများ က လည်း အကြံပြု ထားသည်။

မြန်မာဆေးကျမ်း များ  ၌ သနပ်ခါးသည် ပူ၏။ သွေးကို ကြွစေတတ်၏။  သနပ်ခါးသည်  ပူ၊ ခါး၊ ချုပ်၊ ပွင့် ဖြစ်၏။  ငန်းမန်းကိုနိုင်စေ၏။  အပူနာ၊ အအေးနာ နှစ်မျိုးလုံးတွင် သုံးနိုင်၏။ လိမ်းလျှင် အေး၍ ချွေးရ၏။ ကျောက်ရောဂါကိုကာကွယ်နိုင်၏။ နေပူထဲ၌  အလုပ် လုပ်ရသော  အမျိုးသမီးများ သနပ်ခါးထူထူလိမ်း ထားပါ ကအသားအရေလောင်ခြင်းကိုကာကွယ်နိုင်သည်။ အမျိုးသမီး မီးယပ်ဖြူဆင်းပြီး အသားအရေ ပူနွေးနေ လျှင် သနပ်ခါးကိုကံ့ကော်ဝတ်ဆံနှင့်သွေး၍သကြားအနည်းငယ်ထည့်တိုက်နိုင်သည်။တချို့တွေကတော့ မနက် ရေချိုး ပြီးချိန်နဲ့ ညအိပ်ယာဝင်ခါနီးအချိန်တွေမှာ တနေ့ကို တကြိမ် ဒါမှမဟုတ် ၂ ကြိမ်ခန့် လိမ်းလေ့ရှိ ပါတယ်။ ထို့အပြင် အဆိပ်သင့်ခြင်း၊ အနာပေါက်ခြင်း၊ ဝက်ရူးနာ၊  ဝက်သက် နာ၊   အနာညှော်ဝင်ခြင်း၊ ရာသီ ဖျား တို့ကို ပျောက်ကင်းစေသည်ဟု ဖော်ပြ ထားပါသည်။ 

အလားအလာကောင်းသော မြန်မာ့သနပ်ခါး

မြန်မာ့သနပ်ခါးကို အသင့်လိမ်း၍ရသည့်အဆင့်အထိ အချောထည်ပြုလုပ်ကာ အာဆီယံနိုင်ငံများ ဖြစ်ကြ သော ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာ့ သနပ် ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့သနပ်ခါး သည် ပြည်တွင်းဈေးကွက်၌ ရောင်းအားပုံမှန်ရှိပြီး ပြည်ပဈေးကွက်သို့ အကြမ်းထည်အဖြစ် တင်ပို့၍ မရသည့် အတွက် လိမ်း၍ရသည့်အဆင့်အထိ အချောထည်ထုတ်လုပ်ကာ ခရင် (မ်) ပုံစံမျိုး ပြုလုပ် တင်ပို့နိုင် မည်ဖြစ် ကြောင်းနှင့်ပြည်ထောင်စုအဆင့် MSME ပြပွဲတွင် သနပ်ခါးနှင့်သနပ်ခါးထွက်ပစ္စည်းအမယ်(၃၀) ကျော်အား ခင်းကျင်းပြသ ရောင်းချနိုင်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် မတ်လ တွင်သနပ်ခါး ပွဲတော်များ ၊ဆောင်းပါး၊ ကာတွန်း၊ကဗျာ ပြိုင်ပွဲများ ကို တိုင်းဒေသကြီးပြည်နယ်များအလိုက် ကျင်းပခဲ့ကြပါသည်။

ထို့ပြင် မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းအနေဖြင့် မြန်မာ့သနပ်ခါးကို UNESCO အသိအမှတ်ပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးကိုလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေး နေကြောင်းနှင့် ပြည်တွင်း၌ သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း အရာတော်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ခန့်မှန်းစိုက်ဧက သုံးသိန်းဝန်းကျင် ခန့်ရှိကြောင်းနှင့် သနပ်ခါးပင်များသည် ခြောက်နှစ်မှ ခုနစ်နှစ်အတွင်း ဈေးကွက်သို့ စတင်ဝင်ရောက်ပြီး သားတက်သနပ်ခါး ခင်းများကို အပင်သက်တမ်းငါးနှစ်မှ ခြောက်နှစ်အတွင်း စတင် ရောင်းချနိုင်ကာ အရည်အသွေးအကောင်းဆုံး သနပ်ခါးပင်တစ်ပင်ရရှိရန် သက်တမ်း ၃၅ နှစ် ကြာမြင့်ကြောင်း သိရှိရပါသည်။

ဒြပ်မဲ့ယဉ်ကျေးမှု

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံ၏ ပထမဆုံးဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခု ဖြစ်လာသကဲ့သို့ မြန်မာ့သနပ်ခါးသည်လည်း ဒုတိယမြောက် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်လာစေရေး ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်သည်။လက်ရှိတွင် သနပ်ခါးကို ကျောက်ပျဉ်နှင့်သွေးပြီး လိမ်းရ သည့်ဓလေ့အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် ၂၀၂၅ ခုနှစ် မတ်လကုန်မတိုင်ခင် ၁၀ မိနစ်စာ မှတ်တမ်းဗီဒီယိုနှင့်အတူ တင်သွင်းရန် ဆောင်ရွက်လျက် ရှိသည်။ သနပ်ခါးသည် မြန်မာအမျိုးသမီးများ အစဉ်အဆက်သုံးစွဲခဲ့ကြသည့် ရိုးရာအလှပြင်ပစ္စည်း တစ်မျိုးဖြစ်သည်။ တစ်နည်းဆိုသော် သနပ်ခါးသည် မြန်မာအမျိုးသမီးများ၏ မူပိုင်ဖြစ်သည်။ အမျိုးသားတချို့လည်း သနပ်ခါးကို နှစ်သက်စွာလိမ်းကြသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များနေ့ကို အမျိုးသားပြတိုက်(ရန်ကုန်)၌ ပထမဆုံးကျင်းပပါသည်။ ယင်းနေ့ တွင်“မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ” စကားဝိုင်း ဆွေးနွေးပွဲ (Panel Discussion)နှင့် ဘွဲ့လွန်ပြတိုက် ပညာဒီပလိုမာ တစ်နှစ် သင်တန်းအမှတ်စဉ် (၂၂)သင်တန်းသား သင်တန်းသူများ၏ သနပ်ခါးပြကွက်၊ ကြိုးကြီးချိတ်ပြကွက်၊ ဆယ့်နှစ်လရာသီပွဲတော် ပြကွက်၊ မြန်မာ့လက်ဖက် နတ်သစ်ရွက်ပြကွက်စသည်ဖြင့် အထူးပြပွဲ လက်တွေ့ခင်းကျင်းပြသ ခြင်းကိုလည်း ထည့်သွင်း ကျင်းပခဲ့ပါသည်။

 ထို့ပြင်မြန်မာ့သနပ်ခါး”ကိုလည်း မြန်မာနိုင်ငံမှ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုတွင် တင်သွင်းထားပြီးဖြစ်သလို ဆက်လက်ပြီး မြန်မာ့လက်ဖက်နှင့် မြန်မာ့ကြိုး ကြီးချိတ်တို့ကိုလည်း ယူနက်စကိုစာရင်းဝင်နိုင်ရေးအတွက် အစိုးရနှင့် မြန်မာ့ ယဉ်ကျေးမှု အမွေ အနှစ်များ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့၊ သက်ဆိုင်ရာ လူမှုအဖွဲ့ အစည်းများက ဆက်လက် ကြိုးစားဆောင်ရွက် လျက်ရှိပါသည်။

သနပ်ခါးစိုက်ပျိုးဖြစ်ထွန်းသည့်ဒေသများ

သနပ်ခါးပင် သည်  အိန္ဒိယနိုင်ငံ ဟိမဝန္တာ တောင် တန်း တစ်ဝိုက်၊ ပန်ဂျပ်ပြည်နယ်၊ ဗီဟာပြည်နယ်၊ အာသံပြည်နယ်၊ အာရှအရှေ့တောင်ပိုင်း၊   ဇင်းမယ်၊   ထိုင်း၊ မြန်မာနိုင်ငံ စသည်တို့မှ မြစ်များခံကာ  စတင် ပေါက်ရောက်ခဲ့ခြင်း  ဖြစ်သည်ဟု     ဆိုထားသည်။ မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် သနပ်ခါးကို ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊  အရာတော်၊ ဟုမ္မလင်း၊ မော်လိုက်၊ ကသာ၊ ဝန်းသို၊ မြစ်ကြီးနား၊ မြင်းခြံ၊ မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ယင်းမာပင်၊ ပြင်ဦးလွင်၊ သရက်၊ အထက်မင်းလှ၊ မကွေး၊ တောင်တွင်းကြီး၊ မင်းဘူး၊ ကျောက် ဆည်၊ ရမည်းသင်း၊ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ နောင်ချို၊ မောက်မယ်၊ ကော့ကရိတ် စသော ဒေသ များ၌ တွေ့ရှိရသည်။   သနပ်ခါးသည် မြေနီစပ်၊ သဲစပ်၊ ကျောက်စရစ်မြေ၊ နုန်းမြေ၊ သဲနုန်းမြေ၊ ဂဝံမြေ၊ မြေရိုးရိုး၊  ကျောက်အေးမြေတို့၌   ကောင်းစွာ ဖြစ်ထွန်းသည်။ မိုးရေချိန်အားဖြင့်  လက်မ ၂၀၊ လက်မ ၄၀ အထိ   ရွာသွန်းသော ဒေသများ ၌     စိုက်ပျိုးအောင်မြင်သည်။  

 

မြန်မာ့သနပ်ခါးနေ့

  မြန်မာနိုင်ငံတွင်   ၂၀၂၁ ခုနှစ်မှစ၍   တပို့တွဲလပြည့် နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ထိုနေ့တွင်    မြို့နယ်ငါး မြို့နယ်ဖြစ်သည့်  အရာတော်၊ ရွှေဘို၊   ရေစကြို၊   မြိုင်နှင့် ပေါက်မြို့နယ်တို့တွင် ကျင်းပကြကြောင်း     မြန်မာနိုင်ငံ သနပ်ခါးအသင်း ဥက္ကဋ္ဌ ထံမှ သိရသည်။ ဆက်လက်၍ မြန်မာ့သနပ်ခါး နေ့ကို   မြို့နယ်ငါး မြို့နယ်တွင်   ပြုလုပ်ရခြင်းမှာ  ရိုးရာ ယဉ်ကျေး မှုများ    ရေရှည်ရပ်တည်နိုင်ရန်ဖြစ် ကြောင်း၊ သနပ်ခါးမဟုတ်ဘဲ    သနပ်ခါး အမည်ခံ အလှကုန်များကို ဟန့်တားနိုင်ရန်အတွက်  မြန်မာ တစ်မျိုးသားလုံးက မြန်မာ့သနပ်ခါးကို  မြတ်နိုး တန်ဖိုးထားတတ်ရန်အတွက် မြန်မာ့သနပ်ခါးနေ့ ကို     ကျင်းပရခြင်းဖြစ်သည်ဟု ဆက်လက်ပြောကြား သည်။  မြန်မာ့သနပ်ခါးနေ့အဖြစ် ကျင်းပရာတွင် သနပ်ခါးဖြင့်   မီးပူဇော်ခြင်း၊ သနပ်ခါးနံ့သာရေဖြင့်   ဘုရားအားဆက် ကပ်ခြင်း၊    ရေသပ္ပာယ် ခြင်း၊  စတုဒိသာအဖြစ် ထမနဲထိုး၍ ဝေငှခြင်း၊ သနပ်ခါး နှင့် ပတ်သက် သည့်  အသိပညာပေးစာစောင် များ   ဝေငှခြင်း စသည်တို့ ကို  ထည့်သွင်းဆောင်ရွက်သွား မည်ဖြစ် ကြောင်း   ပြောကြား သည်။   ယခု လက်ရှိ တွင်   ပြည်တွင်း သနပ်ခါးဈေးကွက်အတွင်း ရောင်းချ နေသည့်  သနပ်ခါးအမည်ခံ   အလှကုန် ပစ္စည်းများကို ဟန့်တား နိုင်ပါက သနပ်ခါး ဈေးကွက် ကောင်းလာမည်ဖြစ်ပြီး   မြန်မာ့သနပ်ခါးရိုးရာ ယဉ်ကျေးမှု    အမွေအနှစ်ကိုလည်း   ထိန်းသိမ်း ရာ ရောက်ပါကြောင်း၊   စစ်ကိုင်းတိုင်းဒေသကြီး အတွင်း သနပ်ခါးစိုက်ဧကအများဆုံးမှာ  အရာတော် မြို့နယ်ဖြစ်ပြီး     သနပ်ခါးစိုက် ဧကတစ်သိန်း ကျော်ရှိကြောင်း သိရှိရပါသည်။     

ထို့အပြင် တပို့တွဲလပြည့်နေ့  မြန်မာသနပ်ခါးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာ့ရိုးရာ သနပ်ခါးပွဲတော်နဲ့ သနပ်ခါးသရုပ်ဖော်တဲ့ပြိုင်ပွဲကို ရန်ကုန်မြို့က အင်းလျားကန်ဘေးက စိမ်းလန်းစိုပြေပန်းခြံမှာကျင်းပခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ရာပေါင်းများစွာ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ အခုလို ဒီပြိုင်ပွဲကိုကျင်းပရတာဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ သနပ်ခါးကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်တဲ့ UNESCO ရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ အမည် စာရင်း ပြန်တင်သွင်းဖို့အတွက် ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

မြတ်နိုးဖွယ်ကောင်းသည့် မြန်မာ့သနပ်ခါးအား ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်က တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” အဖြစ် အထူးတလည် သတ်မှတ်လိုက်သည့်အတွက် သနပ်ခါးကြိုက်သော စာရေးသူတို့က လွန်စွာဝမ်းသာပီတိဖြစ်ရပါသည်။ သနပ်ခါးစိုက်ဒေသ ငါးမြို့ဖြစ်သော အရာတော်၊ ရေစကြို၊ မြိုင်၊ ရွှေဘိုနှင့် ပေါက်မြို့များတွင် တပို့တွဲလပြည့်ညတွင် မြို့အလိုက် ဘုရားများ၌သနပ်ခါးမီးပူဇော်ခြင်း (သနပ်ခါးဖြင့် အနွေးဓာတ်ပူဇော်ခြင်း) နှင့်အတူ ထမနဲကျွေး စတုဒိသာပွဲများလည်း ပြုလုပ်ကြသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာ့သနပ်ခါးကို ကုန်ချောထုတ်လုပ်၍ လူသုံးကုန်ပစ္စည်းအဖြစ် ရေရှည်တည်တံ့ခိုင်မြဲ၍ ပြည်ပဈေးကွက်ရရှိသော မြန်မာ့သနပ်ခါးသည် မြန်မာနိုင်ငံတွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုတစ်ရပ်ပေါ်ထွန်းခဲ့သလို ကမ္ဘာ့ဈေးကွက်တွင်လည်း မြန်မာဆိုလျင်သနပ်ခါး သနပ်ခါးဆို လျှင်မြန်မာဟု တွဲဖက်ထင်ပေါ်ကျော်ကြားလာစေရေးနှင့်မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အလွှာအသီးသီး၊ အဖွဲ့အစည်းပေါင်းစုံမှ အားတက်သရော ကြိုးပမ်းလျက်ရှိရာ စာရေးသူလည်း သနပ်ခါးချစ်သူတစ်ဦးဖြစ်ပေရာ နှစ်လိုဖွယ် ကောင်း သည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် ကမ္ဘာ့အလယ်တွင် မှတ်တိုင်တစ်ရပ် စိုက်ထူ နိုင်ပါစေကြောင်း လေးလေးနက်နက် ဆုမွန်တောင်းပါသည်။ ။

DOCA(စစ်ကိုင်း)