
တရုတ်စံကားပင်သည် မြန်မာနိုင်ငံတွင် ထင်ရှားသော အလှဆုံး ပန်းပင်မျိုးစိတ်တစ်ခုဖြစ်ကာ မက္ကဆီကိုနှင့် ဗဟိုအမေရိကဒေသများမှ မူလဆင်းသက်ပြီး အိန္ဒိယ၊ မြန်မာအပါအဝင် အပူပိုင်းဒေသ များသို့ ပျံ့နှံ့ခဲ့သည်။အမြင့်ပေ ၂၀ အထိရှိပြီး အခေါက်မှာမွဲပြာရောင် ချောမွတ်ကာအပွေးတက်လေ့ရှိ သည်။ အရွက်များသည် အလျား ၁ ပေခန့်ရှည်၍ ရွက်ထိပ်ချွန်ပြီး အကိုင်းထိပ်တွင် စုပေါက်သည်။ အပွင့်များမှာ အဖြူရောင်၊ အဝါစင်း သို့မဟုတ် ပန်းရောင်သမ်း၍ အနံ့မွှေးကြိုင်ပြီး ပွင့်ချပ် ၅ ခုပါသည်။ အချင်း ၂ လက်မ ခန့်ရှိသည်။ ကဆုန်၊ နယုန်လများတွင် အဓိကပွင့်ပြီး တစ်နှစ်ပတ်လုံး ရှားရှားပါးပါး ပွင့်တတ်သည်။ တရုတ်စံကားပင်၏ အစေး၊ အခေါက်၊ အရွက်နှင့် အပွင့် တို့ကို ရိုးရာ ဆေးပညာတွင် ကျယ်ပြန့်စွာ အသုံးပြုလေ့ရှိသည်။ နို့နှစ်ရောင်အစေးကို ဝမ်းနုတ်ဆေး၊အဆစ်ရောင် ရောဂါ၊ ကြွက်နို့နှင့် မှဲ့ပျောက်ဆေးအဖြစ်သုံးသည်။ သွားကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းတို့တွင် သွားပိုး ပေါက်အတွင်း ထည့်ပေးပါက နာကျင်မှုသက်သာစေသည်။ ဆီးချို ရောဂါအတွက် အခေါက် ၁၀ သား ကို ရေ ၁ လီတာဖြင့် ပြုတ်၍ တစ်နေ့ ၂ ကြိမ် သောက်သုံးနိုင်သည်။ အရေပြားရောင်၍ ယားယံခြင်း ကို ပြုတ်ရည်ဖြင့် ဆေးကြောပေးနိုင်သည်။ ဗီတာမင် E ကြွယ်ဝသဖြင့် အသားအရေစိုပြည်ရန် ပြုတ်ရည်ကို မျက်နှာသစ်ဆေးအဖြစ် အသုံးပြုနိုင်သည်။
အဖြူရောင်ပန်းများကို ဘုရားပန်းအဖြစ် ကပ်လှူခြင်း၊ အိမ်တွင်းဘုရားစင်တွင် အလှဆင်ခြင်း များပြုလုပ်လေ့ရှိသည်။ အနံ့မွှေးကြိုင်မှုကြောင့် ဥယျာဉ်များ၊ အိမ်ခြံဝင်းများတွင် အဓိကစိုက်ပျိုး ကြပြီး ပန်းကိုနေ့စဉ် ဆံထုံးတွင် စိုက်ပန်းအဖြစ် အသုံးပြုကြသည်။ မြန်မာတို့က တရုတ်စံကား ဟုခေါ်သော်လည်း ရုက္ခဗေဒအရ စံကားဝါ (Magnolia champaca)နှင့် မျိုးရင်းခြားနားပြီး အသွင်လက္ခဏာလည်း ကွဲပြားသည်။ အစေးသည် အရေပြားနှင့် ထိတွေ့ပါက ယားယံခြင်း သို့မဟုတ် ဓာတ်မတည့်မှုဖြစ်နိုင်သဖြင့် သုံးစွဲချိန်တွင် ပုံမှန်အရေပြားကို မထိမိစေရန် ဂရုပြုရပါမည်။ တရုတ်စံကားပင်သည် မြန်မာ့ပတ်ဝန်းကျင်တွင် အလှဆင်ပန်းအဖြစ်သာမက ဆေးဖက်ဝင်အပင်အဖြစ် နှစ်ပေါင်းများစွာ အသုံးတည့်ခဲ့သည်။ ၎င်းမှာရောင်ရမ်းမှုကျစေသော အာနိသင်မှာခေတ်ပေါ်ဆေး သုတေသနတွင်ပါ အလားအလာကောင်းများရှိပြီး ယဉ်ကျေးမှုအရလည်း ဘာသာရေးနှင့် နေ့စဉ် အလှဆင်မှုတို့တွင် နက်ရှိုင်းစွာစွဲမြဲနေဆဲဖြစ်ကြောင်း လေ့လာ ဖတ်ရှု့ရကြောင်းသိရှိရသည်။
DOCA(မန္တလေး)