
အုန်းသည် မြန်မာလူမျိုးတို့နှင့် ဆက်စပ်နေသော အပင်တစ်မျိုးဖြစ်သည်။ ထို့ပြင် အုန်းသီးနှင့် ငှက်ပျောသည်လည်း ဒွန်တွဲလျက်ရှိသည်။ ထမင်းနှင့်ဟင်းကဲ့သို့ပင် ငှက်ပျောနှင့်အုန်းသည် တွဲဖက် လျက်ရှိသည်။
အုန်းသီးသည် မြန်မာ့လူမှုဓလေ့များ၊ မိရိုးဖလာရိုးရာဓလေ့များ၊ ဘာသာရေးဆိုင်ရာပွဲများ တွင် မပါမဖြစ်ပါဝင်သော အသီးတစ်မျိုးဖြစ်သည်။ ဥပမာ-ဓမ္မသဘင်ပွဲမှာ အုန်းငှက်ပျောပွဲပါသည်။ အလှူမင်္ဂလာပွဲများမှာလည်း အုန်းငှက်ပျောပွဲပါမြဲဖြစ်သည်။ မြန်မာလူမျိုးတို့၏ မိရိုးဖလာနတ်ပွဲ၊ နတ်ပူဇော်ပသရာမှာလည်း အုန်းသီးပါသည်။ အိမ်ဦးခန်းရှိဘုရားစင်မှာပင် အုန်းငှက်ပျောပွဲ ထိုးလေ့ ရှိကြသည်အထိ မြန်မာမှုနယ်ပယ်တွင် အုန်းသီးက နေရာယူထားမြဲဖြစ်သည်။
ထို့ပြင် အုန်းသီးသည် ယနေ့အခါ စျေးကွက်ဝင်အသီး တစ်မျိုးဖြစ်သည့်အပြင် စျေးကောင်း သောအသီး တစ်မျိုးလည်းဖြစ်သည်။ ထို့ပြင် အုန်းပင်သည် အခြားသောရာသီပေါ်သီးနှံများကဲ့သို့ တစ်နှစ်တစ်ခါစိုက်ပျိုးရသော အပင်မျိုးမဟုတ်ပေ။ နှစ်ရှည်ခံအပင်မျိုးဖြစ်သဖြင့် တစ်ခါစိုက်၍ တစ် သက်ခူးဆွတ်နိုင်သော အပင်မျိုးဖြစ်သဖြင့် စီးပွားဖြစ်စိုက်ပျိုးသင့်သော အပင်တစ်မျိုးလည်း ဖြစ်သည်။ တစ်ခါစိုက်ပြီး အသီးသီးချိန် ခူးဆွတ်ရောင်းချနေရုံသာဖြစ်သည်။ ထို့ကြောင့် စာရေးသူ အနေဖြင့် နှစ်ရှည်ပင်ဖြစ်သော အုန်းပင်စိုက်ပျိုးနည်း အကြောင်းကိုလေ့လာ တင်ပြသွားမည်ဖြစ် သည်။
မူရင်းဒေသနှင့် အုန်းမျိုးများ
အုန်းပင်ထွက်ပစ္စည်းများသည် သူ့နေရာနှင့်သူ အသုံးပြု၍ရသည်။ ထို့ကြောင့် အုန်းပင်ကို ပဒေသာပင်ဟုလည်းခေါ်ကြသည်။ အုန်းပင်ထွက်ပစ္စည်းများသည် လူတို့စားသုံး၍ရနိုင်သော ပစ္စည်း များသာဖြစ်သည်။ အုန်းပင်၏ မူရင်းဒေသမှာ အပူပိုင်းဒေသဖြစ်သည်။ အုန်းမျိုးများကို သက်တမ်း အလိုက်ခွဲခြားထားသည်။ သက်တမ်းအလိုက် အုန်းမျိုးကို သုံးမျိုးခွဲထားသည်။ ယင်းတို့မှာ
(၁) အမြင့်မျိုးသည် အမြင့်ပေ ၅၀ -၆၀ ခန့်အထိမြင့်တတ်သည်။ အုန်းထရံဟုလည်း ခေါ် ကြသည်။
(၂) အပုမျိုးသည် အပင်နိမ့်သည်။ တချို့အပင်များက လူ့တစ်ရပ်ခန့်သာရှိပြီး တချို့အပင် များမှာ မြေတိုက်နေသည်။ ထို့ကြောင့် ဝက်မလွတ်မျိုးဟုလည်း ခေါ်ကြသည်။ ဝက်မ လွတ်ဟုခေါ်ရခြင်းမှာ ဝက်ကျောလောက်သာ အပင်အမြင့်ရှိသောကြောင့်ဖြစ်သည်။
(၃) လိမ္မော်ရောင်မျိုးသည် အပင်အနည်းငယ်မြင့်သည်။ အသီးကလိမ္မော်ရောင် ဖျော့ဖျော့ ရှိသည်။ တော်ဝင်အုန်း၊အုန်းပနီဟုလည်း ခေါ်ကြသည်။ လိမ္မော်ရောင်မျိုးသည် စပ် မျိုးဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်က အုန်းကြီးမျိုးနှင့် အုန်းပုမျိုးကိုမျိုးစပ်ရာမှ တော်ဝင် အုန်း ခေါ် လိမ္မော်ရောင်မျိုးကိုရရှိသည်။ အုန်းပင်ကို အင်္ဂလိပ်လို Coconut ဟုခေါ် သည်။
Coconut ဟူသော ဝေါဟာရသည် ၁၆ ရာစုနှစ် ပေါ်တူဂီနှင့် စပိန်ဝေါဟာရဖြစ်သည်။ Coco ဟူသော ဝေါဟာရမှဆင်းသက်လာပြီး အတွင်းခွံမာသဖြင့် Nut ဟူသောစကားနှင့် တွဲဖက်အသုံး ပြုခဲ့ရာမှ Coconut ဟူသော ဝေါဟာရဖြစ်လာသည်။ ရုက္ခဗေဒအမည်မှာ Cocos Nucifera ဖြစ် သည်။ မျိုးရင်းမှာ Palmaceae ဖြစ်ပြီး ထန်းပင်၊ ပေပင်မျိုးရင်းနွယ်ဖြစ်သည်။ အုန်းပင်၏ မျိုးရင်းတူ ဖြစ်သော ပေပင်၊ ထန်းပင်တို့သည် တောင်အမေရိကတိုက်တွင် မူလစတင်ပေါက် ရောက်ရာဖြစ် သဖြင့် ထန်းပင်၊ ပေပင်နှင့်မျိုးရင်းတူဖြစ်သော အုန်းပင်သည်လည်း တောင်အမေရိကတိုက် ဖြစ်နိုင ်စရာအကြောင်းရှိသည်။ အုန်းပင်သည် ၁၂ လရာသီလုံး အမြဲစိမ်းလန်းနေသော အပင်မျိုး လည်းဖြစ် သည်။
စိုက်ပျိုးရာဒေသ
အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ တောင်ပေါ်မြေပြန့်မကျန်အောင် ရေပြင်နှင့်နီးသော နေရာများတွင် ပေါက်ရောက်နိုင်ပြီး မြန်မာပြည်တွင် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုး တန်းတစ်လျှောက်တွင် အများအပြား စိုက်ပျိုးကြသည်။ ကမ်းရိုးတန်းဒေသရှိ အုန်းပင်များသည် အသီးအရည် ပိုအရသာရှိသည်။ ရေငန်၊ ရေချိုကွာခြားမှုကြောင့်ဟု ယူဆရသည်။
ရေမြေနှင့်ရာသီဥတုအုန်းစိုက်ပျိုးရန် အသင့်လျော်ဆုံးမြေမျိုးမှာ မြေဆီသြဇာပေါပြီး ရေအလွယ်တကူစိမ့်ဝင်နိုင်သော မြေ၊ ရေငွေ့ထိန်းအားရှိသော နုန်းတင်မြေနု၊ သဲနုန်းမြေမျိုး ကို ကြိုက်နှစ်သက်သည်။ အုန်းပင်သည် ရေကြိုက်သောအပင်ဖြစ်သည်။ ထို့ကြောင့် အုန်းစိုက်မည်ဆိုပါ က အောက်ခံရေနီးသောနေရာ၊ ရေအလွယ်တကူပေးသွင်းနိုင်သော နေရာမျိုးတွင် စိုက်ပျိုးဖြစ် ထွန်းသည်။
အလွန်စေးသောမြေ၊ ကျောက်စရစ်မြေမျိုးတွင် မစိုက်ပျိုးသင့်ပါ။ အောက်ခံရေနီးသော နေရာနှင့်ရေအလွယ်တကူ ပေးသွင်းနိုင်သော နေရာမျိုးဖြစ်ပါက စေးသောမြေနှင့် ကျောက်စရစ် မြေမှလွဲ၍ ကျန်မြေများတွင် စိုက်ပျိုးနိုင်သည်။ အုန်းပင်သည်ရေကြိုက်သော်လည်း အပင်ခြေရေ ဝပ်ခြင်းကို မနှစ်သက်ပေ။ အပူချိန်မှာအနည်းဆုံး ၂၇ ဒီဂရီစင်တီဂရိတ်နှင့်မိုးရေချိန် ၃၀ မှ ၇၀ အကြား ရွာသွန်းပါက စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
အုန်းမျိုးရွေးချယ်ခြင်းနှင့်မြေပြင်ခြင်း
အုန်းပင်စိုက်ပျိုးမည်ဆိုပါက အုန်းမျိုးကို စနစ်တကျရွေးချယ်ဖို့လိုသည်။ အကြောင်းမှာ အုန်းပင်သည်ရာသီပင်မဟုတ်ဘဲ နှစ်ရှည်ပင်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် စတင်စိုက်ပျိုး မည်ဆိုလျှင် မျိုးကောင်းမျိုးသန့်နှင့် အရွယ်အစားကြီးသော အုန်းမျိုး၊ အသီးသီးနှုန်းကောင်းသော အုန်းမျိုးကိုသာ ရွေးချယ်စိုက်ပျိုးကြရမည်။ မျိုးရွေးချယ်ခြင်းကအဓိကဖြစ်သည်။ အုန်းမျိုးရွေးချယ် ရာတွင် အဆင့်လေးဆင့်ရှိသည်။ ထိုအဆင့်လေးဆင့်မှာ-
(၁) အုပ်စုလိုက်ရွေးချယ်ခြင်း၊
(၂) အမိမျိုးပင်ရွေးချယ်ခြင်း၊
(၃) မျိုးအုန်းသီးရွေးချယ်ခြင်း၊
(၄) အုန်းပျိုးပင်ရွေးချယ်ခြင်းတို့ဖြစ်သည်။
ထိုကဲ့သို့ သင့်လျော်ရာအုန်းမျိုးများကို ရွေးချယ်ပြီးနောက် စိုက်ပျိုးရန်အတွက် စိုက်ပျိုးမြေ ကိုပြုပြင်ရမည်။အပင်မစိုက်မီ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့တွင် မြေပေါ်ရှိအပင်များ၊ ဆူးငြောင့် များကို ခုတ်ထွင် ရှင်းလင်းရမည်။ ဧပြီလလောက်တွင် စိုက်ပျိုးခြံကို ကာရံ၍ အကွက်ချခြင်း၊ ကျင်း တူးခြင်းပြုလုပ်ရသည်။
ကျင်းတူးရာတွင် တစ်ကျင်းနှင့်တစ်ကျင်းကို (၃၀ x ၃၀) ပေအကွာအဝေးထား၍ တစ်လကြို တင်ပြီး သုံးပေပတ်လည်ကျင်းတူးထားရမည်။ မေလအရောက်တွင် စိုက်ကျင်းအတွင်းသို့ အပေါ်ယံ မြေဆီလွှာ၊ နွားချေးဆွေး၊ သစ်ရွက်ဆွေးများကို ပြန်ထည့်ပေးရမည်။ အုပ်စုလိုက်မျိုး ရွေးချယ်ရာ တွင် မျိုးကောင်းသော အပင်ပတ်လည်တွင် မျိုးကောင်းသော အပင်အုပ်စုလိုက်ရှိနေတတ်ခြင်း ကြောင့်ဖြစ်သည်။
ပျိုးထောင်စိုက်ပျိုးခြင်း
အုန်းသီးကိုစိတ်ကြိုက်မျိုးရွေးချယ်ခြင်း၊ မြေပြင်ခြင်းပြုလုပ်ပြီးပါက အုန်းပင်များကိုပျိုး ထောင်ရမည်။ပျိုးထောင်ရာတွင် သဲတစ်ဝက်ခန့် ထည့်ထားသော ပျိုးပေါင်ပေါ်တွင် အုန်းသီးကို အလျားလိုက်လှဲ၍ အညှာဘက်ကို ထောင်မြှုပ်ပြီး ပျိုးထောင်ရမည်။ ထိုကဲ့သို့ ပျိုးထောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
ပျိုးထောင်ရာတွင် သဲလွှာကိုခြောက်လက်မခန့် ထူအောင်ခင်း၍ မျိုးအုန်းသီးများကို ပင် ကြား ၉ လက်မ၊ တန်းကြား ၁၈ လက်မစီတန်းချပြီး သဲကိုလေးလက်မ ထပ်ထည့်ပေးရသည်။ ပျိုး ပင်များကို ခြောက်မနေစေရန် ရေပုံမှန်လောင်းပေးခြင်း၊ အပူကိုရောက်ပါကအရိပ်ပေးခြင်း၊ အစို ဓာတ်ဆုံးရှုံးမှု မရှိရအောင် အတန်းကြားတွင် ကောက်ရိုးဖုံးပေးခြင်းတို့ပြုလုပ်ပေးရသည်။ ထိုကဲ့သို့ ပျိုးထောင်ပြီးအပင်ပေါက်၍ ပျိုးသက်တစ်နှစ်သားတွင် ရွှေ့ပြောင်းစိုက်ပျိုးပေးနိုင်သည်။ ရွှေ့ပြောင်း စိုက်ပျိုးမည့်အချိန်၌ အပင်သည်အရင်းတုပ်၍ သန်စွမ်းရမည်။ အရွက်ဖားပြီး ပျိုးပင်အလက်ရင်း များသည် အရွက်ကွဲစပြုသော အနေအထားမျိုး ဖြစ်ရမည်။အုန်းမျိုးသည် အပင် ၁၀၀ ပျိုးသော်မှ အပင် ၆၀ ကျော်လောက်သာ စိုက်ပျိုးနိုင်သည့် အပင်ကိုရရှိသည်။
အုန်းစိုက်ရာတွင် ရှေးစာချိုးတစ်ခုရှိသည်။ “ငှက်ပျောတစ်နှိုက်၊ အုန်းတစ်မိုက်”ဟူ၍ဖြစ် သည်။ ဆိုလိုသည်မှာ ငှက်ပျောစိုက်ရာတွင် ကျင်းကိုလက်တစ်နှိုက် တူးစိုက်ပြီး အုန်းကိုလက် တစ်မိုက် တူးစိုက်ရမည်ဟု ဆိုလိုဟန်တူသည်။ စိုက်ပျိုးသောအခါ ကျင်းအလယ်တည့်တည့်တွင် ပျိုးပင်ကိုဖြောင့်မတ်စွာထား၍ ပျိုးအုန်းသီး၏ အပေါ်လွှာကို သုံးပုံတစ်ပုံခန့်ဖော်၍ စိုက်ရမည်။ သတိပြုရမည့်အချက်မှာ မစိုက်မီအမြစ်များကို ဓားပြတ်ပြတ်ဖြင့် ခေါင်းတုံးရိတ်ပေးရသည်။
စိုက်ပျိုးပြီး အပင်ရှည်ပါက ငုတ်ရိုက်၍ ချည်ပေးရမည်။ တစ်ပင်နှင့်တစ်ပင် (၃၀ x ၃၀) ပေ အကွာစိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် ၄၈ ပင်ဝင်ဆံ့သည်။ အုန်းပင်၏ ပင်စည်သည်ကြီးပြီး မြေကြီးထဲမှာ ဖုလုံးသဏ္ဌာန်ရှိသည်။ အမြစ်က မူရင်းမြစ်၊ လေရှူမြစ်၊ မြစ်မြွှာနှင့်လေမြစ်ဟူ၍ လေး မျိုးရှိသည်။
မြေသြဇာကျွေးခြင်းနှင့်ရေသွင်းခြင်း
စိုက်ပျိုးပြီးမြေသြဇာကျွေးမည် ဆိုပါက မိုးဦးကျစဇွန်လတွင် မြေသြဇာအပြီး ကျွေးပေးရ သည်။ မီးဖိုပြာ၊ နှမ်းဖတ်ပုပ်ရည်နှင့် နွားချေးဆွေး၊ သစ်ရွက်ဆွေးများကို ကျွေးပေးနိုင်သည်။ ထို့နောက် အပင်သက်တမ်းအလိုက် ကျွေးပေးရသည်။ အပင်သက်တစ်နှစ်၊ နှစ်နှစ်သားတွင် N:P:K (၅:၅:၉)ရောစပ်ပြီး မြေသြဇာတစ်ပေါင်ကို အပင်ငယ်စဉ်အပင်၏ ဘေးသုံးပေခွာ၍ ကျင်းတူး၍ ထည့် ပေးရသည်။ သုံးနှစ်သားတွင် အထက်ပါနှုန်းအတိုင်း ၂ ပေါင်၊လေးနှစ်သားတွင် ၃ ပေါင်၊ ငါးနှစ် သားတွင် ၄ ပေါင်၊ ခြောက်နှစ်သားအထက်တွင် ၅ ပေါင်နှုန်းဖြင့်ကျွေးပေးရသည်။ အပင်ကြီးစဉ်တွင် အပင်ကြားကို ထယ်ကြောင်းပေး၍ မြေသြဇာထည့် ပေးရမည်။ ရေသွင်းရာတွင်မြောင်းသွယ်၍ ပင်ခြေရင်းဝိုင်းပေးသော ရေသွင်းနည်းသည် အကောင်းဆုံးဖြစ်သည်ဟုဆိုသည်။ အုန်းပင်အတွက် အထူးသတိပြုရမည့်အချက်မှာ နွေရာသီ၌ ရေလုံလုံလောက်လောက် ရရှိနိုင်ရေးဖြစ်သည်။ မိုးရာသီတွင် ပင်ကြားတန်းကြား နှစ်ကြိမ်ထယ်ထိုးခြင်း၊ အုန်းပင်၏အခြေကို အဝိုင်းပုံသဏ္ဌာန်ဖြင့် ပေါင်းရှင်းခြင်း၊ မြေတောင်မြှောက်ပေးခြင်း၊ မြေနိမ့်သောနေရာများ၌ ရေမဝပ်အောင် ရေနုတ်မြောင်း များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်။
ရောဂါပိုးမွှားများ
ပိုးမွှားများအနေဖြင့် အပင်ငယ်စဉ်ခြ၊ ပုရွက်ဆိတ်၊ ကြွက်များကျရောက်တတ်သည်။ အပင်ကြီးလာလျှင် ရွက်စားပိုး၊ အုန်းပိုး ခေါ် ပိုးတစ်မျိုးလည်း ကျရောက်တတ်သည်။ ကြွက်သည် အုန်းသီးအသီးနုစဉ် ဖျက်ဆီးတတ်သည်။ ရောဂါများအနေဖြင့် အမြစ်ပုပ်ရောဂါ၊ အညွန့်ကျိုး ရောဂါ တို့ ကျရောက်တတ်သည်။ ထိုအခါ သင့်လျော်သော ပိုးသတ်ဆေးနှင့် ရောဂါကာကွယ်ဆေးများ ကိုအသုံးပြုနှိမ်နင်းသင့်သည်။
အုန်းသီးနှင့်ကျန်းမာရေး
အုန်းသီးသည် ကျန်းမာရေးကို အထောက်အကူပြုပုံကို အနည်းငယ်မျှဖော်ပြလိုသည်။ အုန်းရည်သည် သန္ဓေသားဖွံ့ဖြိုးရန် လိုအပ်သော အာဟာရဓာတ်ကိုပေးပြီး သန္ဓေသားမပျက်စီး အောင် ကာကွယ်ပေးသည်။ အုန်းရည်သောက်ခြင်းဖြင့် ရေငတ်ပြေရုံသာမက ပိုတက်ဆီယမ်နှင့် ဆိုဒီယမ်ပါဝင်သဖြင့် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကိုပြေပျောက်စေသည်။ ဒုတိယကမ္ဘာစစ်ကာလက ရှေ့တန်းစစ်မြေပြင်တွင် သွေးကြောသွင်းဆေးရည်များ ပြတ်လပ်သည့်အခါ သွေးပေါင်ကျပြီး ရှော့ရ နေသော လူနာများကို သွေးကြောအတွင်းသို့ အုန်းရည်ကို တိုက်ရိုက်ထိုးသွင်းပေးပြီး သွေး ပေါင်ချိန်တက်စေရန် အရေးပေါ်ကုသပေးခဲ့ကြသည်။ သွေးတိုးရှိသူများအုန်းရည်ကို ပုံမှန်သောက် ပေးခြင်းဖြင့် သွေးပေါင်ကျစေသည်။
အုန်းသီးတွင် အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒရိတ်ဓာတ်၊ ပရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဖောလိတ်၊ မီးစုန်းဓာတ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ သွပ်ဓာတ်၊ ကြေးနီ၊ဆီလီ နီယမ် အပြင် အခြားအာဟာရဓာတ်များလည်း ပါဝင်နေသည်။ အုန်းသီးအဖြူအသားကို စားပါက အမောခံ နိုင်ခြင်း၊ အသားအရေလှပခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။ အုန်းသီးသည် နှလုံး ကျန်းမာရေးကို အကျိုးပြုကြောင်းလည်းသိရသည်။ဤကားသိသာရုံဖော်ပြခြင်းဖြစ်သည်။
အုန်းထွက်ပစ္စည်းနှင့်အကျိုးအမြတ်များသောအုန်းသီး
အုန်းသီးကို မြန်မာမုန့်များနှင့် တွဲဖက်စားသုံးလေ့ရှိကြသည်။ အုန်းသီးပါသောမုန့်များမှာ အုန်းနို့ခေါက်ဆွဲ၊ ကောက်ညှင်းပေါင်း၊ ငှက်ပျောပေါင်း၊ အုန်းသီးမုန့်၊ ထန်းသီးမုန့်၊ ပေါင်မုန့်အုန်း နို့ဆမ်း၊မုန့်ဖက်ထုပ်၊ မုန့်ကျွဲသည်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ရွှေထမင်း၊ အုန်းထမင်း၊ ကျောက် ကျောစသည်တို့ဖြစ်သည်။ ထိုမုန့်များအားလုံးမှာ အုန်းသီးပါသည်။ အုန်းထွက်ပစ္စည်းများမှာ အုန်း အပေါ်ခွံကို အရုပ်အမျိုးမျိုးပြုလုပ်ကြသည်။ အတွင်းကအုန်းခွံကို ရေနွေးကရား၊ အုန်းခွံဖြင့် အ ရုပ်များပြုလုပ်ကာ လည်ဆွဲအဖြစ်လည်းအသုံးပြုကြသည်။ အုန်းမှုတ်ခွက်ကို အလှစိုက်ပန်း အိုးလေးများလည်းပြုလုပ်ကြသည်။ အုန်းအပေါ်ခွံ ခေါ် အုန်းဆံဖြင့်ကြိုးကျစ်၍ ရောင်းချကြသည်။ ထို့ပြင် အုန်းဆံဖြင့် ခြေသုတ်များ ပြုလုပ်၍ရောင်းချကြသည်။ အုန်းသီးအတွင်းခွံဖြင့် ရေမှုတ်များ ၊သောက်ရေခွက်များ ပြုလုပ်ရောင်းချကြသည်။ တချို့က အုန်းခွံဖြင့် အလှမီးလုံးလေးများ ပြုလုပ်၍ လည်း အလှဆင်ကြသည်။ အုန်းပင်ကို စီးပွားဖြစ်စိုက်ပျိုးရာတွင် အုန်းပင်မှ လူသုံးကုန်ပစ္စည်း၊ အိမ် သုံးပစ္စည်းအမျိုး ၂၀ ထုတ်လုပ်နိုင်သည်ဟုလည်း သိရသည်။
တရုတ်နိုင်ငံမှာဆိုလျှင် အုန်းသီးစိမ်းအပေါ်ခွံကို စနစ်တကျလှီးဖြတ်၍ စနစ်တကျထုပ်ပိုးပြီး ပြည်ပသို့တင်ပို့ကြသည်ကို စာရေးသူဖေ့ဘွတ်ပေါ်တွင် တွေ့လိုက်ရသည်။ ထို့ပြင် အုန်းသီး အတွင်း သားကို အုန်းဆီအဖြစ် ထုတ်လုပ်နိုင်သည်။ အုန်းဆီသည်ပြည့်ဝဆီ တစ်မျိုးဖြစ်ပြီး စားသုံး၍ရသော ဆီတစ်မျိုးလည်းဖြစ်သည်။ အုန်းဆီကိုအုန်းသီးကို နေလှန်းအခြောက်ခံ၍ စက်ဖြင့်ကြိတ်ယူရခြင်း ဖြစ်သည်။
အုန်းသီးကိုအဖူးခိုင်ထွက်ပြီး အဖူးဖုံးကွဲသွားသည့်နောက် ၁၂ လပြည့်လျှင် အုန်းသီးရင့်၍ ခူးဆွတ်နိုင်ပြီဖြစ်သည်။ မျိုးအုန်းသီးဆိုလျှင် ၁၃ လအထိထားရသည်။ အုန်းသီး၏ သဘာဝသည် တစ်လတစ်ကြိမ်အဖူးဖြင့် တစ်နှစ်ပတ်လုံးအဖူးထွက်ကြောင်းသိရသည်။ စီးပွားဖြစ်စိုက်ပျိုးသော အုန်းခြံများတွင် အုန်းသီးကို နှစ်လတစ်ကြိမ် ခူးကြသည်ဟု သိရသည်။
အုန်းသီးသည်စျေးကွက်ဝင်သော အသီးဖြစ်သည်။အမြင့်မျိုးသည်ပင်သက် ခုနစ်နှစ်မှ ၁၀ နှစ်အတွင်းအသီးသီးသည်။ အပုမျိုးသည် သုံးနှစ်မှငါးနှစ်အတွင်းလည်းကောင်း၊ လိမ္မော်ရောင်မျိုး သည် ငါးနှစ်မှ ခုနစ်နှစ်အတွင်းလည်းကောင်း အသီးစတင်သီးသည်။တစ်နှစ်လျှင်တစ်ပင်ကို အလုံး ၅၀ နှုန်းလောက်သီးသည်။ တစ်ဧကလျှင်ပျမ်းမျှ အလုံးရေ ၂၅၀၀ ခန့်သီးသည်။၂၅၀၀ နှုန်းသည် ရိုးရိုးအုန်းသီးမျိုးဖြစ်သည်။ စပ်မျိုးအုန်းကအသီးပိုသီးသည်။ စပ်မျိုးသည် လေးနှစ်ဆိုအသီးသီးပြီး တစ်ပင်ကိုအလုံး ၁၀၀ ခန့်ရနိုင်သည်။ တစ်ဧက ၄၈ ပင်ဆို အလုံးရေ ၄၈၀၀ ခန့်ရနိုင်သည်။ စပ်မျိုးများကအသီးသီးနှုန်းကောင်းသည်။ တစ်ဧကအလုံး ၄၈၀၀ ကိုတစ်လုံး ၃၀၀၀ နှုန်းဆို သိန်း ၁၄၀ ကျော်ရရှိမည်ဖြစ်သည်။ အုန်းသီးကို ကြွက်မြီးအုန်း၊ အရည်သောက်နှင့် အသီးခြောက်ဟူ ၍သုံးမျိုးခွဲထားသည်။ ကြွက်မြီးအုန်းသည် ကန်တော့ပွဲ၊ မိရိုးဖလာအိမ်တွင်း အုန်းထိုးရာတွင် အသုံးပြုကြသည်။
ကြွက်မြီးအုန်းသည် စျေးကြီးပြီးတစ်လုံးကို ယခုကာလပေါက်စျေး ၇၀၀၀ ခန့်ပေးရသည်။ စာရေးသူတို့ဒေသမှာ အုန်းသီးခြောက်တစ်လုံးကို ၂၅၀၀- ၃၀၀၀ ခန့်ပေးရသည်။ တစ်ဧက အလုံး ၂၅၀၀ သီးလျှင် အုန်းသီးတစ်လုံး ၃၀၀၀ နှင့် တွက်ကြည့်ပါက တစ်နှစ်ကို ၇၅၀၀၀၀၀ သိန်းခန့် အကျိုးအမြတ်ရနိုင်သည်။ စာရေးသူတို့ဒေသဘက်မှာ အုန်းသီးအရောင်းအဝယ် လုပ်ကိုင်သူများ အဆင်ပြေကြသည်။ ယခုအခါ အဝယ်အရောင်းများသဖြင့် အုန်းသီးတစ်လုံးစနှစ်လုံးစပင် အလွယ် တကူဝယ်၍ မရပေ။ ဤကား အုန်းသီးအဝယ်လိုက်ခြင်း သဘောပင်ဖြစ်သည်။ ထို့ကြောင့် အုန်းသီး သည် စီးပွားဖြစ်စိုက်ပျိုးသင့်သော အပင်ဖြစ်သည်။ နှစ်ရှည်ပင်ဖြစ်သဖြင့်လည်း တစ်ခါစိုက်ပျိုးပြီး တစ်နှစ်တစ်ခါ ခူးဆွတ်ရောင်းချနေရုံသာဖြစ်သည်။ တစ်ဧကကို ငွေကျပ် ၇၅ သိန်းခန့်ရရှိနိုင်သဖြင့် ဧကများများ စိုက်ပျိုးထားပါက စိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်များရရှိနိုင်သည်။ ထို့ကြောင့် စီးပွားရေးအတွက် အကျိုးအမြတ်များသော နှစ်ရှည်ခံအုန်းပင်ကို စိုက်ပျိုးကြဖို့ တိုက်တွန်း လိုက်ရ ပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)