မှိုသည် လူအများကြိုက်နှစ်သက်သည့် အစားအသောက်တစ်မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် ကောက်ရိုးမှို၊ မြက်ကြမ်းမှို၊ တောင်ပို့မှိုစသည့် စား၍ရသောမှိုများ သဘာဝအလျောက် ပေါက်ရောက် သကဲ့သို့ မှိုစိုက်ပျိုးရေးလုပ်ငန်းများလည်း တွင်ကျယ်လာပါသည်။ မှိုရှင်သန်အထွက်နှုန်းကောင်းရန် အတွက် မှိုမျိုးအလိုက် အပူချိန်၊ စိုထိုင်းဆ အာဟာရချို့တဲ့မှု၊ ကာဗွန်၊ အလင်းရောင်နှင့် လေဝင် လေထွက်ကောင်းရန် အရေးကြီးပါသည်။ မိမိတို့နိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်အညီ စိုက်ပျိုးသော မှိုအများအပြားရှိသည်။ စားသုံးသူများ၏ ကြိုက်နှစ်သက်သော မှိုများကိုလိုက်၍ စီးပွားဖြစ် စိုက်ပျိုးကြသည်။ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် မှိုအများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး အမေရိကန် ပြည်ထောင်စုက ဒုတိယလိုက်သည်။
မှိုကို ရှေးနှစ်ပေါင်းများစွာကပင် တောထဲမှ သဘာဝမှိုများကို နုတ်ယူစားခဲ့ကြသည်။ ဥရောပ တွင် ၁၆၀၀ ခုနှစ်များနှင့် ပြင်သစ်တွင် ၁၈ ရာစုကျမှ နည်းပညာသစ်များနှင့် စိုက်ပျိုး ထုတ်လုပ် လာကြ သည်။(၁၉)ရာစုတွင် မှိုစိုက်ပျိုးစားသုံးမှုမှာ ဥရောပနှင့် အမေရိကန်တို့တွင် ထင်ရှားကျော်ကြား လာသည်။ ၁၉ ရာစုနှစ်အလွန်တွင် မှိုစိုက်ပျိုးရေးနည်းပညာများကို နယ်သာလန်၊ အီတလီ၊ အခြားဥရောပနိုင်ငံများမှတဆင့် အမေရိကန်သို့ ဝင်ရောက်လာသည်ဟု သိရှိရသည်။
ဒုတိယကမ္ဘာစစ်ဖြစ်ပြီးနောက် ကမ္ဘာတွင် နိုင်ငံပေါင်း ၈၀ ကျော်၌ မှိုစိုက်ပျိုး လာကြသည်ဟု လေ့လာသိရှိရပါသည်။ ယခုအခါ မှိုတစ်ခေတ်ဆန်းသစ်လာပြီဖြစ်သည်။ ဖွံ့ဖြိုးပြီး ဥရောပ၊ အမေရိကန်နိုင်ငံများတွင် အဆင့်မြင့်နည်းပညာများ၊ စက်ကိရိယာများဖြင့် အမြောက်အမြား ထုတ်လုပ် စားသုံးနေကြသည်။ ပြည်ပသို့ပင် နည်းပညာများ၊ စက်ကိရိယာများ၊ အထွက်ကောင်း မှိုမျိုးများ၊ မှိုများတင်ပို့ရောင်းချနေကြသည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းသည် အမှိုက်မှရွှေထုတ်ယူခြင်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် မှိုအများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး အမေရိကန် ပြည်ထောင်စု က ဒုတိယလိုက်သည်။ ကမ္ဘာ့မှိုဈေးကွက်သည် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့အရ (၃၄.၁)ဘီလျံ ရှိသည်။ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၈.၁၃)ဘီလျံရှိသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၆၉.၃)ဘီလျံထိရှိမည်ဟု ခန့်မှန်းကြသည်။ ၎င်းငွေပမာဏမှာ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်ပမာဏနှင့်တူညီနေ၍ မှိုစိုက်ပျိုးရေး လုပ်ငန်း၏ အနာဂါတ် အရေးပါမှုကို ခန့်မှန်းနိုင်ပါသည်။ ၂၀၂၈ ခုနှစ်တွင် ဒေါ်လာ (၈၆)ဘီလျံ ရှိလိမ့်မည်ဟု ခန့်မှန်းကြသည်။ အမေရိကန် ပြည်ထောင်စု၌ နှစ်စဉ်လူတစ်ဦးချင်းစီ၏ မှိုစားသုံးမှု (၄)ပေါင်ခန့်ရှိသည်လေ့လာသိရှိရသည်။ စိုက်ပျိုးမှို ကို စားနပ်ရိက္ခာအနေနှင့်သာမက ဆေးဝါး လုပ်ငန်းတွင်လည်းကောင်း၊ အလှကုန်ပစ္စည်း ထုတ်လုပ်ရေး တွင်လည်းကောင်း တွင်ကျယ်စွာ အသုံးပြုလာကြသဖြင့် မှိုစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းသည် တစ်နေ့ တခြား ပိုမိုကြီးထွား ကျယ်ပြန့်လာဖို့သာရှိပေသည်။
မြန်မာနိုင်ငံတွင် မှိုသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(၅)ခြံရှိသည်ဟုသိရှိရပါသည်။ ရန်ကုန် (၉)မိုင်၊ မှော်ဘီညောင်နှစ်ပင်၊ ပဲခူး(၁၀)မိုင်၊ တောင်ငူ(ကျောက်တိုင်)၊ ပြင်ဦးလွင်(ဒိုးကွင်း) မှိုခြံကြီးများမှ နည်းပညာဖွံ့ဖြိုးရေး၊ မှိုစိုက်ပျိုးနည်းပညာပြန့်ပွားရေးသင်တန်းကို ပို့ချလျှက်ရှိပါသည်။ ငွေနှင်းမှိုမှာ ၁၉၇၄ ခုနှစ်တွင်မှ အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်ရှိနေသော ငွေနှင်းမှိုမျိုးများသည် မြန်မာ့ရာသီဥတုနှင့် ကိုက်ညီမှုရှိသဖြင့် သုံးရာသီလုံးပင် အထွက်ကောင်းကြောင်း သိရှိရသည်။ မှိုရှင်သန်အထွက်နှုန်းကောင်းရန်အတွက် မှိုမျိုး အလိုက် အပူချိန်၊ စိုထိုင်းဆအဟာရချို့တဲ့မှု၊ ကာဗွန်၊အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းရန် အရေးကြီးသည်။ မှိုစိုက်ပျိုးရန် အကောင်းဆုံးအပူချိန် လိုအပ်ချက်မှ (၂၅-၂၆)ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင် တွင်ဖြစ်ပြီး (၁၀)ဒီဂရီစင်တီဂရိတ်ထက် နိမ့်လျှင်လည်းကောင်း၊ (၃၂)ဒီဂရီစင်တီဂရိတ် ထက် မြင့်လျှင် လည်းကောင်း မှိုသည် အပွင့်မပွင့်နိုင်ကြောင်း ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။
မှိုများတွင်ပါဝင်သည့် ကြွယ်ဝသော အာဟာရဓါတ်ပါဝင်မှုတန်ဖိုးများကို လေ့လာတွေ့ရှိခဲ့ ကြသည်။ အိန္ဒိယနိုင်ငံတွင် သုတေသနပြုချက်အရ ငွေနှင်းမှိုအခြောက်တွင် ပရိုတိန်းပါဝင်မှု(၄၇.၉၃) ရာခိုင်နှုန်းပါဝင်ကြောင်း တွေ့ရှိရပြီး၊ အခြားစားသုံးနိုင်သော မှိုများအားလုံးထက်သာကြောင့် တွေ့ရှိရ သည်။ အက်စကောသစ်အက်စစ်(Ascorbic Acid)၊ ပိုတက်စီယမ်(Potassium) နှင့် ဖောစ်ဖရပ် (Phosphorus)ပါဝင်မှုများလည်း ကမ္ဘာကျော် ကြယ်သီးမှိုထက် ပိုမိုကြောင်း တွေ့ရှိရသည်။ စားသုံးနိုင် သည့် မှိုများသည် အနာဂတ်ကမ္ဘာတွင် အရေးကြီးသောအစားအစာတစ်ရပ် ဖြစ်လာနိုင်ပေသည်။ ငွေနှင်းမှိုသည် ကမ္ဘာပေါ်တွင် အာဟာရဓါတ်ချို့တဲ့မှု ပြဿာနာနှင့် အာဟာရဓါတ်ချို့တဲ့မှုကြောင့် ဖြစ်သော ရောဂါများကို ကူညီဖြေရှင်းပေးနိုင်မည့် အစားအစာတစ်ရပ်ဖြစ်ကြောင်း ပညာရှင်များက တွေ့ရှိလာကြသည်။ လူများစားသုံးလေ့ရှိသော ဟင်းသီးဟင်းရွက် အချိုးထက် နိုင်ယာစင်း(Niacin)ဓါတ် ငါးဆမှ ဆယ်ဆအထိ ပိုမိုပါဝင်သည်။ သွေးအားနည်းသော ရောဂါများကို ကာကွယ်ကုသနိုင်သည့် ဖောလစ်အက်ဆစ်ပါဝင်မှုမှာ လူများစားသုံးနေသော အစားအစာများထဲတွင် အသည်းမှတစ်ပါး အချို့အသားများ၊ ဟင်းသီးဟင်းရွက်များထက် ပိုမိုကြွယ်ဝစွာပါဝင်သည်။
ငွေနှင်းမှိုသည် တစ်နှစ်ပတ်လုံးပွင့်နိုင်သည့် မှိုမျိုးဖြစ်သည်။ အာဟာရဓါတ် တန်ဖိုးသည် ဆေးဘက်ဝင်မှု ရှု့ထောင့်မှကြည့်လျှင် များစွာ အကျိုးရှိကြောင်း တွေ့ရှိလာကြသည်။ ကစီဓါတ်၊ အဆီဓါတ်၊ကယ်လိုရီဓါတ်ပါဝင်မှု နည်းပါးသောကြောင့် ခန္ဓာကိုယ် အလေးချိန်လျော့လိုသူများ၊ ဆီးချို ရောဂသည်များ၊ သွေးတိုးရောဂါကို သက်သာစေနိုင်သည်။ သတ်သတ်လွတ်စားသူများ နယ်ပယ် တွင် အထူးတန်ဖိုးထား စားရသော အစားအစာတစ်ရပ်လည်းဖြစ်ပေသည်။ အင်္ဂလန်နိုင်ငံ မှိုအသင်းကြီး၏ စမ်းသပ်ချက်အရ ကင်ဆာရောဂါသည်များအား တစ်ပတ်လျှင် မှိုသုံးပေါင်နှုန်းဖြင့် ခြောက်လတိုင် ကျွေးခဲ့သည်။ ရောဂါသည်များ၏ အခြေအနေ တိုးတက်လာသည့်အပြင် ရောဂါကို ကြာရှည် အကုခံနိုင်လာကြသည်။ မှိုစားနေစဉ်အတွင်း ရောဂါဆက်လက်တိုးပွားခြင်း မရှိသဖြင့် ကြာရှည် ဆေးကုသခံနိုင် လာခြင်းဖြစ်သည်။
များမကြာမီက အမေရိကန်နိုင်ငံ မီချီဂန်တက္ကသိုလ်(Michigan University) သိပ္ပံပညာရှင် များ၏ ထုတ်ဖော်ချက်မှာ မှိုမှထွက်သော ပနိပစ္စည်းများသည် ဓါတ်ခွဲခန်းတွင် မွေးမြူထားသော တိရစ္ဆာန်များတွင် ဖြစ်ပေါ်တက်သည့် အရိုးပျော့ရောဂါနှင့် အအေးမိတုတ်ကွေးရောဂါများကို ဖြစ်စေနိုင် သည့် ဗိုင်းရပ်စ်များကို ကာကွယ်တိုက်ခိုက်နိုင်ကြောင်း ကောင်းစွာ အတည်ပြုနိုင်ခဲ့သည်။
တန်ဆေးလွန်ဘေးဆိုသည့် ဆိုရိုးစကားအတိုင်း ငွေနှင်းမှိုကို စားသုံးမယ်ဆိုရင် အလွန်အကျွံ စားသုံးမှုကိုလည်း ရှောင်သင့်ပါသည်။ ဓါတ်မတည့်မှုဖြစ်တတ်သူတွေ ကျန်းမာရေး ပြဿာနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နှင့်တိုင်ပင်ပြီးမှ စားသုံးသင့်ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်တွင် စီးပွားဖြစ် ငွေနှင်းမှိုစိုက်ပျိုးရေးလုပ်ကိုင်နေသော မုဒိတာမှိုလုပ်ငန်းရှိပါသည်။ မုဒိတာမှို ခြံပိုင်ရှင် သည် မှို စိုက်ပျိုးရေးလုပ်ငန်းကို စိတ်ဝင်စားသည့်အတွက် မှိုမျိုးစုံစိုက်ပျိုးထုတ်နည်း သင်တန်းကို တက်ရောက် သင်ယူပြီး အချိန်တိုအတွင်း ဝင်ငွေရရှိသော အောင်မြင်သည့် မှိုစိုက်ပျိုးရေးလုပ်ငန်းကို ထူထောင် နိုင်ခဲ့ပါသည်။
ငွေနှင်းမှိုစိုက်ပျိုးရေးသည် အမှိုက်မှ ရွှေထုတ်ယူခြင်းဖြစ်သည်။ ငွေနှင်းမှိုစိုက်ပျိုးရေး လုပ်ငန်းရှင် ဒေါ်ဝင်းပပခိုင်သည် မိမိတွင်ရှိရင်းစွဲဖြစ်သော မြေခံ၊ရေခံ၊ခြံအကျယ်အဝန်း ရှိနေမှုကို အကျိုးရှိစွာ အသုံးပြုထားသည်ကို တွေ့ရှိရသည်။ သင်ယူထားသော မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ် နည်းပညာကို ကိုယ်ပိုင်အရင်းအနှီးဖြင့် စီးပွားဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ မှိုတဲဆောက်ရာ တွင် ကြီးလွန်းလျှင် သန့်ရှင်းရေးပြုလုပ်ရန် ခဲယဉ်းပြီးရောဂါပိုးများ ကျရောက်လျှင် ကူးစက်မှု လွယ်ကူသောကြောင့် မှိုတဲသည် သိပ့်မကြီးရန် သတိပြုရမည်ဟု ရှင်းပြသည်။ အိမ်နောက်ဖေး မြေနေရာတွင် မှိုတဲများ ဆောက်ထားသည်။ မှိုထုပ်များပေါက်ရန် ပေါင်း၊ မြေဆွေး၊ အာဟာရ ပြင်ဆင် ထုတ်ပိုးသည့် အလုပ်ရုံ ဆောက်လုပ်ထားသည်။
မှိုစိုက်ပျိုးရန် ဝါစေ့ခွံ၊လွှစာမှုန့်၊ဆားခါး၊ဖွဲနု၊ ဂလူးကိုစ့်၊ ထုံးလိုအပ်ပါသည်။ ဝါစေ့ခွံ ကုန်ကြမ်း များကို မိတ္ထီလာခရိုင်၊မြင်းခြံမြို့မှ မှာယူသည်။ တောင်ငူမြို့အရောက် ဝါစေ့ခွံကုန်ကြမ်း တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် ဝယ်ယူရသည်။(၁၀)ပိဿာဆံ့ အိတ်ကြီးဖြင့် ထည့်၍ကားဖြင့် တင်ပို့ပေးသည်။ လွှစာမှုန့်အသုံးပြုရာတွင် ရာဘာပင်လွှစာမှုန့်ကိုသာ အသုံးပြုရသည့်အတွက် မော်လမြိုင်မြို့မှ မှာယူရသည်။ရောဘာလွှစာမှုန့် ခြောက်ဘီးကား တစ်စီး တောင်ငူမြို့အရောက် ၁၆၀၀၀၀၀ကျပ် ဖြင့် ဝယ်ယူရသည်။ ဆားခါး ၂၅ ကီလိုဂရမ် တစ်အိတ်လျှင် ၅၅၀၀၀ကျပ်၊ ဂလူးကိုစ့် ၂၅ ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ဆန်ဖွဲနု၂၅ပိဿာတစ်အိတ်လျှင် ၂၈၀၀၀ကျပ်၊ ထုံးတစ်အိတ် လျှင် ၈၀၀၀ကျပ်ဖြင့် ဝယ်ယူရသည်။
မှိုများပြင်ပမှ ဝယ်ယူခြင်းမရှိ ကိုယ်တိုင်မျိုးထုတ်နေရသည့်အတွက် မျိုးစေ့ဝယ်ယူခ သက်သာပါသည်။ မှိုစိုက်ပျိုးရန် စပ်မြေဆွေးများထုတ်ရန် ၇'×၁၂' အိတ်ခွံပေါင်း (၁၀၀)လျှင် ၄၄၀၀၀ ကျပ် ဖြင့် ဝယ်ယူရသည်။ မှိုပျိုးထုတ်များတွင် ကော်လံကွင်းများ ထည့်ပေးရသဖြင့် ကော်လံကွင်း (၁၀၀၀၀)ခုကို (၂၈၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရပါသည်။ မှိုမျိုးများ မထည့်ခင် ရောစပ်ထားသော မြေဆွေးထုတ်များကို (၄)နာရီကြာ ပေါင်းရသည့်အတွက် ထင်းဖိုး ၁ ရက် ၃၀၀၀ကျပ် အသုံးပြုရသည်။ လုပ်သား (၃)ဦး မိသားစုဝင်များဖြင့် ပူးပေါင်း အလုပ်လုပ်ကြရသည်။ တစ်ရက်မှိုစိုက်ပျိုးထုပ် (၆၀၀) ထုတ်သည်။ ပြင်ပမှ အလုပ်ဆင်းသည့်လုပ်သား (၃)ဦးအတွက် တစ်ရက်လုပ်သားတစ်ဦးကို (၁၀၀၀၀) ကျပ် ရှင်းပေးရသည်။ စိုက်ပျိုး မှိုတစ်ထုတ်အတွက် အထွေထွေကုန်ကျစရိတ် ၉၀၀ ကျပ် ကုန်ကျရသည်ဟု သိရှိရပါသည်။ စိုက်ပျိုးရန် လာဝယ်သည့် ငွေနှင်းမှိုစိုက်ပျိုးသူများ တစ်ထုပ် ၁၁၀၀ ကျပ်ဖြင့် ရောင်းချပေးပါသည်။ နေ့တိုင်း အမှာရှိသည်ဟု ရှင်းပြပါသည်။ မှိုစိုက်ပျိုးနိုင်သည့် အဆောက်အအုံ နှစ်လုံးဆောက်လုပ်ထားသည့်အတွက် ငွေနှင်းမှို မျိုးထုတ် (၆၀၀၀) စိုက်ပျိုးထားသည်။ မှိုပင် ကုန်သွားသည့်အိတ်များကိုလည်း မှိုစိုက်စင်မှ ဖယ်ထုတ်သည်။ မှိုထွက်ရှိနှုန်း အနေဖြင့် တစ်ရက်လျှင် ပိဿာ ၂၀ ခန့် ထွက်ရှိပါသည်။ ငွေနှင်းမှို တစ်ပိဿာသွင်းဈေး ၈၀၀၀ကျပ် ဈေးကွက် အတွင်း လက်လီ ၁၂၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ငွေနှင်းမှိုကြိုက်သူများ အတွက် လွယ်ကူစွာ ဝယ်ယူနိုင်ပြီး ဖြစ်သည်။ နိုင်ငံခြား စားသောက်ဆိုင် အချို့တွင် ပွင့်နေသော မှိုထုပ်များကို ပြသထားပြီး စားသုံးသူ စားလိုသော မှိုပွင့်ကို လက်ညှိုးပြလျှင် ချက်ချင်းခူးပြီး လတ်လတ် ဆတ်ဆတ် ကြော်ချက်ပေးသည်ဟု သိရပါသည်။
မြန်မာနိုင်ငံတွင်လည်း ဤလိုဆိုများ ပေါ်ပေါက်လာမည့် ထင်ပါသည်။ မှိုစိုက်ပျိုးခြံ အတွက် လုပ်သားလိုအပ်သည့်အနေအထားကြောင့် ဒေသခံများလည်း အလုပ်အကိုင်များ ရလာသည်။ တောင်ငူမြို့တွင် ဟော်တယ်များ၊ စားသောက်ဆိုင်များ၊ မြန်မာ့ထမင်းဆိုင်ကြီးများ ရှိသည့်အတွက် မှိုဝယ်သည့်ဈေးကွက်လည်း ရှိနေသည်။ ပျိုးထုပ် (၁)ထုပ်လျှင် ၆၀ကျပ်သား ထွက်ရှိသည်ဟု သိရပါ သည်။ မှိုအထွက်နှုန်း ၄၀ ကျပ်သားထွက်လျှင် ၃၂၀၀ကျပ် ဝင်ငွေ ရရှိသည်။ မှိုမျိုးထုပ်အရင်း ၁၁၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးသူအနေဖြင့် တစ်ထုပ် ၂၀၀၀ကျပ် အမြတ်ရရှိသည်။ ငွေနှင်းမှိုစိုက်ပျိုးရန် မျိုးထုပ်အမှာများလည်း ရှိသည်ဟု ပြောပြသည်။ မှိုစိုက်ပျိုးခြင်း၏ အားသာချက်များ များစွာရှိသည်။ နေရာကျင်းကျင်း အချိန်တိုအတွင်း အကျိုးအမြတ် ရရှိခြင်း၊ လယ်ယာကဏ္ဍနှင့် ပတ်ဝန်းကျင်ရှိ ဘေးထွက်ပစ္စည်းများကို မှိုစိုက်ပျိုးရာတွင် အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း၊ မှိုစားသုံးခြင်းဖြင့် ဆေးဖက်ဝင်နှင့် အာဟာရတန်ဖိုးများကို ရရှိခြင်း နိုင်ငံတော်၏ ရည်မှန်းချက်များတွင် ပါဝင်သည့်ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး စီမံကိန်းလုပ်ငန်းစဉ်များတွင် အထောက်အကူ ပြုပါသည်။
မြန်မာ့လူဦးရေး၏ ၇၀%ခန့်သည့် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ကျေးလက် ဒေသ အလုပ်အကိုင်များရရှိလာမည်။ အစားအစာဖူလုံမှု ရရှိလာခြင်း၊ ဆင်းရဲနွမ်းပါးမှု ကိုလည်း လျှော့ချပေးသည်။
မီးဖိုချောင်စရိတ် ကာမိစေရန် အနည်းအကျဉ်း စိုက်ပျိုးလို၍လည်းကောင်း ဝါသနာအရ အပျော်တမ်းစိုက်ပျိုး၍ မိမိအိမ်အတွက် စားချင်သည့်အချိန်၌ လတ်လတ်ဆက်ဆက် သန့်သန့် ရှင်းရှင်း စားလို၍လည်းကောင်း၊ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရသော ဓါတုဆေးနှင့် ဓါတ်မြေဩဇာ ကင်းလွတ်သည့် ဟင်းသီးဟင်းရွက်ဖြင့်သော်ကြောင့် ပြည်သူများ ကျန်းမာရေး အထောက်အကူ ဖြစ်စေရန်လည်းကောင်း၊ အသင့်ထုတ်ရောင်းချသော မှိုစိုက်ပျိုးထုတ်များကို ဝယ်ယူ၍ မိမိနေအိမ်တွင် ရေလောင်းပြုစုပေးရုံမျှဖြင့် အမြတ်အစွန်းရရှိသော လုပ်ငန်းဖြစ်ပါသည်။ စိုက်ပျိုးရေး စွန့်ပစ် အမှိုက်များက သီးနှံလည်းရ၊ မှိုလည်းရ၊မြေဆွေးလည်းရ တစ်ချက်ခုတ် သုံးချက်ပြတ်သည့် အလုပ်ဖြစ် သည်။
ကျွန်တော်တို့နိုင်ငံတွင် စပါးကောက်ရိုး၊ ပဲကောက်ရိုး၊ နှမ်းရိုး၊ အလျှံအပယ် ရရှိသည်။ မှိုသည် နွားချေး၊ကြက်ချေးထက် မြင်းချေးကို ပိုနှစ်သက်သည်ဟု သိရသည်။ နွားချေး၊ ကြက်ချေး၊ မြင်းချေး လိုသလောက် ရရှိနိုင်သည်။ လူလုပ်အား လိုသလောက် ရရှိနိုင်သည်။ ရေကိုလိုသလောက် ရရှိနိုင်သည်။ ရပ်ထဲရွာထဲတွင် ပိုင်အိုးနီးယားပဲ လိုပါတော့သည်။ ပိုင်အိုးနီးယားများက မြန်မာမှို မြို့တော်ကြီး ပေါ်ထွက်လာအောင် တည်ဆောက်ထားကြသည်။ ပဒေသာပင် မြေကပေါက် ဆိုသည်မှာ အခြားမဟုတ် အမိမြန်မာနိုင်ငံသာဖြစ်သည်ဟု မမှိတ်မသုန် ယုံကြည်ပါသည်။” နိုင်ငံရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆောင်ပုဒ်နှင့်အညီ မှိုစိုက်ပျိုးထုတ်လုပ်အောင်မြင်အောင် ဆောင်ရွက်ကြပါစို့။
DOCA(ပဲခူး)