Main menu

ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခု ထိန်းသိမ်းရမည့် မြန်မာ့တို့၏ သနပ်ခါး

Powered by Drupal
Fri, 09/12/2025 - 10:20 -- consumer_admin

       မြန်မာနိုင်ငံအနှံအပြားတွင် ရိုးယာယဉ်ကျေးမှု မြောက်များစွာရှိပါသည်။ အချို့သော ရိုးယာယဉ်ကျေးမှုများသည် ပျောက်ကွယ်လုနီးပါး ရှိနေပြီး၊ မြန်မာ့ ယဉ်ကျေးမှုကို မပျောက်ကွယ်စေရန် လူငယ်များဆက်လက်ထိန်းသိမ်းသင့်ပြီး လူအများတစ်ချို့က ယနေ့အထိလည်း နှစ်သက်မြတ်နိုး တန်ဖိုးထား၍ အသုံးပြုလျှက်ရှိကြပါသည်။ အချို့ယဉ်ကျေးမှုများမှာ ယနေ့အထိ တည်ရှိပြီး တစ်ပတ်လည် ပြန်လည်အောင်မြင်ပေါ်ထွန်းလျက်ရှိသည်၊

   မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များမှာ များစွာရှိပြီး ဂီတ၊ လက်မှုပညာ၊ အနုပညာ၊ ဘာသာသာသနာ ယဉ်ကျေးမှု၊ ပန်းပု ပန်းဆယ်မျိုး၊ ဒေသထွက်ကုန်တန်းဖိုးမြှင့် ပစ္စည်းများ ယနေ့တိုင် တည်ရှိလျက်ရှိသည်။ ထိုရိုးယာအမွေအနှစ်များကို မြန်မာအမျိုးသမီးတို့ နှစ်နှစ်ကာကာ တန်ဖိုးထား ရသော ယဉ်ကျေးမှု အမ‌ွေအနှစ် တစ်ခုဖြစ်သည်။

      ရိုးရာအမွေအနှစ် များစွာထဲမှ စဉ်ဆက်မပျက်အသုံးပြုလျက်ရှိသော သနပ်ခါးသည် မြန်မာအမျိုးသမီးများနှင့် ယနေ့အချိန်ထိ တန်ဖိုးထား လိမ်းခြယ်သူများ ရှိနေပါသည်။ ယနေ့ခေတ်တွင် ခေတ်မှီသော အလှကုန် ပစ္စည်းမျိုးစုံရှိနေသော်လည်း မြန်မာသနပ်ခါးကို လွမ်းမိုးနိုင်စွမ်းမရှိသေးပါ၊။ မည်သို့ခေတ်ရေစီးအရ ပြောင်းလဲလာ ပါစေ အောက်ခံ မိတ်ကပ်လူးပြီးလျှင် သနပ်ခါးရျေကဲ ပါးပြင်ပေါ်တင် ၍ ခပ်ပါးပါးလေး လိမ်းခြယ် လျက်ရှိပါသည်။

    မြန်မာနိုင်ငံတွင် သနပ်ခါးကို အစောဆုံး အေတီ ၅ရာစုခန့် ပုဂံခေတ်က စတင်းအသုံးပြုလာကြောင်း နံရံဆေးပန်းချီ အထောက်ထားများအရ သိရသည်။ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်ဘောင်ခေတ် များမှ စ၍ ယနေ့အထိ ခေတ်အဆက်ဆက် အသုံးပြုလာကြခြင်းဖြစ်သည်။ သနပ်ခါးချစ်သူ များသည် သံစဉ်ဖွဲ့၍ တန်းဖိုးထားပြီး သနပ်ခါးလိမ်းခြယ်သော အမျိုးသမီးငယ်များကို ပိုးပန်းကြသည့်အထိ သနပ်ခါးကို ကျား/မ မရွေး လူ့အလွှာတန်းစားမျိုးစုံ တန်ဖိုးထားနှစ်ခြိုက်ကြောင်း ဂီတမှ တဆင့်ခံစား၍ ရနိုင်သည်။

    သနပ်ခါးကို  နွေ၊ မိုး၊ ဆောင်း သုံးရာသီးလုံး ကျမတို့ မွေးကင်းစ အရွယ်ကတည်းက လိမ်းခြယ်ကြသည်။ မြန်မာနိုင်ငံမည်သည့် ဒေသမဆို သနပ်ခါး လိမ်းသောမျက်နှာကိုမြင်တွေ့နိုင်ခြင်းက မြန်မာရိုးရာအမွေ အနှစ်ဖြစ်ကြောင်း  သက်သေတစ်ခုပင်ဖြစ်သည်။ ယနေ့ခေတ်ပေါ်  Skin Care ကုန်ပစ္စည်းများ အသုံးပြုသူများ သော်လည်း သနပ်ခါးနှင့် ကင်းစွာ နေနိုင်သော အမျိုးသမီးအရေအတွက်နည်းပါးလွန်းပါသည်။ မြန်မာသနပ်ခါးလူးရန် အချိန်မပေးနိုင်သော သူများအတွက်လည်း အလွဘ်တကူအသင့် လိမ်းနိုင်ရန် တန်ဖိုးမြှင့်ထုတ်ကုန် တစ်ခုအနေဖြင့် သနပ်ခါးဗူးများ ထုတ်လုပ်သည့် လုပ်ငန်းရှင်များလည်း ပေါ်ပေါ်လျက်ရှိပြီး မြန်မာဈေးကွက်မှ ကမ္ဘာ့ဈေးကွက်ထိ ပေါက်အောင် ကြိုးစားအားထုတ်နေသော နာမည်ကြီးထုတ်ကုန်များ လည်းရှိပါသည်။

      မြန်မာနိုင်ငံတွင် အကြီးဆုံး သနပ်ခါး အမှတ်တံဆိပ် တစ်ခုမှ တကမ္ဘာလုံးမှာ တစ်ခုတည်းသော သနပ်ခါးပြတိုက်အဖြစ် ညောင်ဦး-ပုဂံလမ်းမကြီးတွင်တည်ရှိကြောင်း သိရသည်။ ကုန်းဘောင်ခေတ်နဲ့ ပျူခေတ်က (သနပ်ခါးသွေးတဲံ) ကျောက်ပြားနဲ့ ဖီးလိမ်း ဖီးလိမ်းချယ်သတဲ့ ခုံကို ပြသထားကြောင်း သိရသည်။  အလည်လာဧည့်သည်များ ပြတိုက်ထဲမှာ အသင့် ထားပေးသော သနပ်ခါးတုံးကို ကျောက်ပြင်အဝိုင်းပေါ်မှာ ကိုယ်တိုင်သွေးပြီး လိမ်းနိုင်သည်။ ထို့ပြင် ဘုရားစေတီပုထိုးများတွင် ဘုရားဖူးဧည့်သည်များ သနပ်ခါးလူ’နိုင်ရန် ကျောက်ပြင်နှင့် သနပ်ခါးတုံး များထားရှိပြီး ခရီးသွားဧည်သည်များက အမြတ်တနိုးလိမ်းခြယ်ကြ ကြောင်းမြင်တွေ့ရသည်။ ပုဂံဒေသတွင် နို်ငငံတကာဧာ်သည်များ၊ မြန်မာခရီးသွားပြည်သူများအား သနပ်ခါးလိမ်းခြယ်ခြင်း အလှတရားကို တန်ဖိုးထား ပြသလျှက်ရှိပြီး အမှတ်တယ လိမ်းချယ်နေကြကြောင်း မြင်တွေ့နိုင်သည်။

    မြန်မာသနပ်ခါး ပေါက်ရောက်ရာနိုင်ငံနှင့် ဒေသများ

     သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒယနိုင်ငံ အနောက်ပိုင်၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတို့တွင် ပေါက်ရောက်သည်။  သနပ်ခါးသည် အပူပိုင်းဒေသများတွင် ဖြစ်ထွန်းအောင်မြင်ကြောင်း သိရသည်။  မြန်မာသနပ်ခါးအပင်သည် မြန်မာနိုင်ငံမှထွက်သော သနပ်ခါးက အရည်အသွေးကောင်းမွန်ဆုံးဖုစ်သည်။ မြန်မာနိုင်ငံအပူပိုင်းဒေသဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြရုံမက အိမ်ခြံဝန်းများအတွင်း စိုက်ပျိုးလေ့ရှိကြသည်။ သနပ်ခါးပင်စိူက်ခင်းသစ် ပထမအကြိမ်ခုတ်၍ ရောင်းချပြီး သန်မာထွားကြိုင်းသည့် သားတက်များ ဆက်ခါ ဆက်ခါ ထားနိုင်သဖြင့် ဘိုးဘွားစဉ်ဆက် အဆင့်ဆင့် ခုတ်ယူရောင်းချပြီး ဝင်ငွေရသဖြင့် အပူပိုင်း ပဒေသာ၌င်ဟူ တင်စားပြီး အပူပိုင်းဒေသ’ ရတနာ ဟုခေါ်ဆိုနေကြသည်။  သနပ်ခါးပင်ကို ဂဝံကျောက်စရစ်မြေ တွင် အဓိကစိုက်ပျိုးပြီး ရွံဆေးမြေ၊ ဆားပေါက်သောမြေများမှ လွဲ၍ ကျန်မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။ သနပ်ခါးပင်သက်တမ်းမှာ ၅-၈နှစ် အရွယ်တွင် စတင်ဈေးကွက်ဝင်ကာ အရည်အသွေးအကောင်းဆုံး သနပ်ခါးပင်ရရှိရန် သက်တမ်း ၃၅နှစ်ခန့် လိုသည်ဟု ဆိုကြသည်။

သနပ်ခါး ဖြစ်ပေါ်လာပုံ

သက္ကရာဇ် ၇၄၅ ခုနှစ် ရာဇာဓိရာဇ်မင်းသည် ဗညားနွဲ့မင်းသားဘဝဖြင့် ဒဂုန်သို့ချီတက်ရာ ကြင်ရာတော်ထံရေးသားပေးပို့သည့် အိုင်ချင်းတွင် သနပ်ခါးအကြောင်းကို “သနပ်ခါးကျောက်ပြား ပေါ်တွင် သောက်ရေအေးနှင့် ရောသွေးပါလျှင် နံ့သာအပေါ်ကျဲတတ်တယ်” ဟု ရေးသားထားပါသည်။ မြိုင်မြို့နယ်တွင် သနပ်ခါးနှင့်ပတ်သက်သည့် ပါးစပ်ရာဇဝင်တစ်ခုကိုလည်း သိမှတ်ရသည်။ အလောင်းစည်သူမင်းကြီး ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်လာစဉ် ပခန်းဒေသရှိ ရှင်မတောင် အရောက်တွင် မိဖုရားအသုံးပြုသော သနပ်ခါးအစ်တိမ်းမှောက်ရာ သနပ်ခါးအရည်များ ဖိတ်စဉ်ကျကျန်ခဲ့သည်။ ဖိတ်ကျန်ခဲ့သော သနပ်ခါးအရည်များကြောင့် ရှင်မတောင်တွင် ပေါက်ရောက်နေသော သနပ်ခါးပင်များ မွှေးကြိုင်ထုံသင်းကြသည်ဟု မှတ်သားရသည်။ ထိုအကြောင်းအရာ အချက်အလက်များသည်လည်း မြန်မာတို့သနပ်ခါးလိမ်းသည့် ရိုးရာယဉ်ကျေးမှုဓလေ့ဖြစ်တည်ခဲ့မှုကို ပြသနေခြင်းပင်ဖြစ်ပါသည်။

    မြန်မာနိုင်ငံတွင် သနပ်ခါးသုံးစွဲလာကြသည်မှာ နှစ်များရှည်ကြာခဲ့သည်ကို ဝေဿန္တရာဇာတ်၌ ဇူဇကာပုဏ္ဏားကြီးက ကဏှာနှင့်ဇာလီအား နှိပ်စက်သဖြင့် ဒဏ်ရာများရခဲ့ရာ နတ်များက ထိုဒဏ်ရာကို သနပ်ခါးလိမ်းပေးခဲ့ခြင်းဆိုသည့် မှတ်တမ်းကဖော်ပြနေသည်။

    သက္ကရာဇ် ၈၄၆ ခုနှစ် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်ပျို့အရ အင်းဝခေတ် မြန်မာအမျိုးသမီးများ သနပ်ခါးအသုံးပြုခဲ့မှုကို သိနိုင်သည်။ သက္ကရာဇ် ၁၁၄၃ ခုနှစ်က ရာမရကန်ဦးတိုး၏ နန်းတွင်းသူတို့ အလှအပအပြင်အဆင်ကို ရေးသားခဲ့သည်မှာလည်း ဘိုးတော်ဘုရားလက်ထက်ကပင် သနပ်ခါးသုံးစွဲမှု ရှိနေသည်ကို သိရှိနိုင်ပါသည်။

    သနပ်ခါး သည် မြန်မာ့နံ့သာ ၁၀ မျိုးတွင် အခေါက်နံ့သာ တစ်မျိုး ဖြစ်သည်။ မြန်မာ့သနပ်ခါး သည်   “သနခါ”ဟူသော   စကားမှ ဆင်းသက်လာပြီး “သန”ဆိုသည်မှာ မြန်မာ့အဘိဓာန် တွင် “မသန့်မရှင်းဖြစ် သည်။  ယုတ်ညံ့သွားသည် ”ဟုဆို ပါသည်။ “ခါ”  ကမူ “စွန့်ထုတ်ခြင်း”ဟု အဓိပ္ပာယ်ရ ပါသည်။ ထို့ကြောင့် “သနခါ” ဟူသည် မကောင်းသော အညစ်အကြေးများကို    စွန့်ထုတ်ပေးသောအရာပင် ဖြစ်ပါသည်။ သနခါမှ ကာလရွေ့လျားလာ၍ သနပ်ခါး ဟု ပြောင်းလဲလာခြင်းဟု ယူဆနိုင်ပါသည်။

သနပ်ခါး အသုံးဝင်ပုံ

    သနပ်ခါးကိုရာသီမရွေး လိမ်းခြယ်နိုင်ပြီး နွေရာသီကောက်ရိတ်သိမ်းချိန် နေအပူဒဏ်၊ အသားအရေ ထိခိုက်မှုကို ကာကွယ်နိုင်သည်။ သနပ်ခါးလိမ်းခြယ်ပါက မျက်နှာပြင်တစ်ခုလုံးအေးမြ၍ အရေးပြာအစိုဓါတ်ကို ထိန်းပေးပါသည်။ သနပ်ခါးတွင် ဓါတ်တိုးအာနိသင် များစွာ ပါဝင်နေသည်။  သနပ်ခါးသည် ရောင်ရမ်းမှုကို လျော့ပါးသက်သာနိုင်သည့် အစွမ်းရှိတာကြောင့် များနှာကို နုပျိုးစေပါသည်။ ဝက်ခြံထွက်နေသူများ သနပ်ခါးလူးပေး၍ ပျောက်ကင်းနိုင်သည်။ အမာရွတ်တေံကအစ သက်သာစေနိုင်သည်။  သနပ်ခါးအေးမြမှုသည် ကိုယ်ရောစိတ်ပါ လန်းဆန်းစေသည်။  အရေးပြား မိတ်ထွတ်ခြင်းဦ၊ အသေးစား ထိခိုက်ရှိနာများ ရှိပါက လူပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။ သနပ်ခါးသည် UV-A အပြည်အဝကာကွယ်ပေးပါသည်။

သနပ်ခါး ကျန်းမာရေး အသုံးဝင်ပုံ

     သနပ်ခါးက အရွက်ကနေစလို့ အမြစ်အထိ အသုံးတည့်သောအပင်တစ်မျိုးဖြစ်သည်။  အရွက်နဲ့ အပွေးသည် ကင်ဆာကာကွယ်နိုင်သည့် အာနိသင်ပိုင်ဆိုင်ထားသည်။ အမြစ်က အော့အန်ခြင်း၊ ဝမ်းကိုက်ခြင်း၊ လေထိုးလေအောင့် တာတွေကို သက်သာစေနိုင်စည်။ အသီးပြုတ်ရည်ကို ပိုးကောင်တွေ ကိုက်ခံရတဲ့နေရာမှာ ဆွပ်ပေးရင် အဆိပ်ပြေနိုင်သည်။ အဆက်အမြစ်ကိုက်ခဲပါက သနပ်ခါးလူးပေးခြင်းဖြင့် စက်စာစေသည်။ ဝက်ရူးပြန်အတွက်လည်း ဆေးဖော်စပ်ရာမှာ သနပ်ခါးပင်အရွက်ကို အသုံးပြုကြသည်။  အရေးပြား ပြသနာကို ဖြစ်စေနိုင်တဲ့ ညက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သော အာနိသင်ရှိသည်ဟု သိရသည်။

သနပ်ခါးဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ရန် “သနပ်ခါးနေ့ “ ဖြစ်ရန်ကြိုးပမ်း

     မြန်မာ့သနပ်ခါးကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of The Intangible Cultural Heritage of Humanity) သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် အကြိုလှုပ်ရှားမှုနှင့် “မြန်မာ့သနပ်ခါးနေ့” အထိမ်းအမှတ် အကြိုလှုပ်ရှားမှုတို့ကို တိုင်းဓေသကြီး/ ပြည်နယ်၊ ခရိုင်/မြို့နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။ တပို့တွဲလတွင် ကျင်းပသည့်ပွဲမှာ မီးပုံပွဲဖြစ်သည်။ ထမနဲပွဲကိုလည်း ကျင်းပကြသည်။ “မီးဖုန်းလှူမြဲ၊ တပို့တွဲ” ဟု ဆိုသည့်အတိုင်း တပို့တွဲလတွင် မီးဖုန်းပွဲ(မီးပုံပွဲ) ကျင်းပလေ့ရှိကြသည်။ မီးဖုန်းပွဲဆိုသည်မှာ တပို့တွဲလ အအေးဓာတ်ပိုသဖြင့် မြတ်စွာဘုရားရှင်လက် တော်ကင်ရန် ရည်စူးကာ မီးပုံပြီးပူဇော်သော ပွဲဖြစ်ပါသည်။ ထိုမီးဖုန်းပွဲ(မီးပုံပွဲ)သည် ပုဂံခေတ်တွင် အစပြုခဲ့ပြီး မြန်မာမင်းများအဆက်ဆက် တခမ်းတနားကျင်းပခဲ့သည်။ သနပ်ခါးပင်‌အများဆုံးပေါက်သည့် အညာမြေဒေသများ၌ မီးဖုန်းပွဲကျင်းပရာတွင် ထင်းကိုအသုံးမပြုဘဲ သနပ်ခါးအတုံး၊ အကိုင်းအခက်အလက်များကို အသုံးပြုကြသည်။ ကရမက်၊ နံ့သာဖြူ၊ နံ့သာနီ စသည့် အမွှေးနံ့သာသားများနှင့်ရောပြီး မီးရှို့ပူဇော်ကြသည်။ မီးဖုန်းပွဲတော်အတွက် သနပ်ခါးခုတ်ရန် သနပ်ခါးတောရှိရာသို့ တပျော်တပါး စုပေါင်းထွက်ကြသည်။ ရရှိသည့်သနပ်ခါးများကို တပို့တွဲလပြည့်နေ့တွင် မြတ်စွာဘုရားရှင်အား ရည်မှန်းကာ အမွှေးနံ့သာသားတို့နှင့် ပေါင်းစုပြီး မီးပူဇော်ကြသည်။ တပို့တွဲလပြည့်နေ့ သနပ်ခါးဖြင့် မီးဖုန်းပွဲ(မီးပုံပွဲ)ပူဇော်ခြင်းသည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပါသည်။ ရှေးနှစ်‌ပေါင်းများစွာ အစဉ်အဆက်သနပ်ခါးသားဖြင့် မီးပူဇော်ခဲ့သည်ကို အကြောင်းပြုအမှတ်ရစေရန် တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” ဟု သတ်မှတ်ခြင်းဖြစ်ပါသည်။ ထိုနေ့ကို မြန်မာနိုင်ငံ သနပ်ခါးအသင်းက သတ်မှတ်ပေးခဲ့သည်။

     သနပ်ခါးသည် မြန်မာ့ဒြပ်မဲ့ ယဉ်ကျေးမှု စာရင်းဝင်တစ်ခုဖြစ်ပြီး မြန်မာ့သနပ်ခါး ယဉ်ကျေး မှုဓလေ့ကို ယူနက်စကိုတွင် အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရှိရန် လိုအပ်လျက်ရှိသဖြင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များတွင် နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။

ကြာရှည်ခံသနပ်ခါး ထားသိုပုံ

    သနပ်ခါးကို မြန်မာလူမျိုးများမှ ခရီးသွားရင်း၊ အညာဒေသဘုရာဖူးအပြန်တို့တွင် သနပ်ခါးများကို အများအပြားဝယ်ယူလာကြပြီး မှန်ဘီရိုထဲတွင် အမြတ်တနိုး သိမ်းကာ နေ့စဉ် လူးကြသည်။ သနပ်ခါးတုံး များပြား သဖြင့် နှစ်ကာလ ကြာသည့်အခါ မှိုတက်ခြင်း၊ ပိုးလိုက်ခြင်းများ ရှိတက်သည်။ ကြာရှည်ခံ သနပ်ခါးနံ့ မပျက်ပျယ်စေရန်အတွက် လက်တွေ့အသုံးဝင်မှု သိမ်းဆည်ပုံကို တင်ပြလိုပါသည်။ သနပ်ခါးတုံးကို ဆေးကျောပြီးလျှင် ရေနွေးဆူဆူပွတ်ပွတ်တွင် ပြုတ်ပါ။ ပြုတ်ပြီးသော သနပ်ခါးတုံးများကို နေပူကျဲကျဲတွင် ခြောက်အောင် နေပြန်လှမ်းပြီးမှ  သိမ်းဆည်းထားပါက သနပ်ခါးနံ့မပျက် ပျယ်သလို  ပိုးထိုးခြင်း၊ မှိုလိုက်ခြင်းများမရှိပဲ၊ နှစ်ကာလာကြာရှည်စွာ အသုံးခံကြောင်း သိရှိရ၍ ၎င်းနည်း အတိုင်း သိမ်းဆည်းနိုင်သည်။ 

သနပ်ခါး ဈေးကွက်

    မြန်မာသနပ်ခါးတုံးများကို အညာဒေသမကွေးဘက်မှ မှာယူပြီး  ခြံပြတ်ဝယ်ယူ၍ ရောင်းချကြောင်း၊ နှစ်စဉ် သီတင်းကျွတ်လမှ သင်္ကြန်ကာလအထိ ရောင်းချရကြောင်း၊ မိုးတွင် ၃လအချိန်သာ အရောင်းပါးသည်။ သနပ်ခါးမှ ထွက်ရှိလာသော အဖျားအကိုင်းများကို ထင်းအဖြစ်ရောင်းချပြီး ထင်း အချိန် ၁၅ကို ငွေကျပ် ၁၅၀၀၀ကျပ်၊ ကိုင်းဖျားအနုများကို အမှုန်ကြိတ်ရန် လက်ဆုတ်တုံးအဖြစ်ရောင်းချကာ ၁ပိဿာ ၁၀၀၀ကျပ်ဖြင့် ပြန်လည်ရောင်းချသည်၊ သနပ်ခါးတုံးအကောင်းများကို လက်လီဈေးအနေဖြင့် ၁တုံးလျှင် အတုံးကြီး ၇၀၀၀ကျပ်၊ အလတ် ၁တုံးလျှင် ၅၀၀၀ကျပ်၊ အသေး ၁တုံးလျှင် ၂၅၀၀ကျပ် ဖြင့် ရောင်းချလျှက်ရှိပြီး  အရွယ်အစား၊ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း ပြောင်းလဲကြောင်း သိရသည်၊ သယ်ယူစရိတ်အနေဖြင့် ကားဖြင့် သယ်ယူပြီး ကားခမှာ ၁၀သိန်းမှ  ၁၇သိန်းထိ သယ်ယူစရိတ်ရှိကြောင်း၊ ရင်းနှီးမှု အနေဖြင့် သိန်း ၁၀၀ နီးပါးခန့်ရှိသည်။ ပြန်လည်ရောင်းချရသည့် တစ်နှစ်အတွင်း အကျိုးအမြတ်အနေဖြင့် သိန်း ၇၀နီးပါး  တစ်နှစ်အတွင်း ရရှိကြောင်း သနပ်ခါးရောင်းချသူထံမှ သိရသည်။

သနပ်ခါး ရိုးရာမပျက်စေရန် ထိန်းသိမ်းစို့

     မြန်မာသနပ်ခါးကို ဒြပ်မဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဟူ ဆိုကြသည်။ ခေတ်အဆက်ဆက်တွင် တည်ရှိလာသော သနပ်ခါးသည် မြန်မာတို့အတွက် အဖိုးတန်ယဉ်ကျေးမှု  တစ်ရပ်ဖြစ်ပါသည်။ ကျန်းမာရေးအရသော်လည်းကောင်း၊ ဆေးဝါးအဖြစ် လည်း အသုံးပြုနိုင်သည်။ မြန်မာသနပ်ခါးသည် ကဗျာ၊ ဂီတ၊ စာပေဘက်တွင်လည်း  မှတ်တမ်းတင်ရ လောက်အောင် တန်ဖိုးကြီးမားလှသည်။ ယဉ်ကျေးမှုကို လက်ဆက်ထိန်းသိမ်းရန် မြန်မာလူမျိုးတိုင်းတွင်တာဝန်ရှိပြီး သနပ်ခါးပါးပါးလိမ်းထားသည့် မြန်မာအမျိုးသမီးတစ်ဦး၏ အလွန်ယဉ်ကျေးဖွယ်အလှတရားကို ထိန်းသိမ်းစောင့် ရှောက်ရင်း  မြန်မာတို့၏ ရိုးရာသနပ်ခါးယဉ်ကျေးမှုဓလေ့ နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက်တည်တံ့ထွန်းကားအောင် ထိန်းသိမ်းသင့်ကြောင်း တင်ပြအပ်ပါသည်။

ကိုးကား- စိုက်ပျိုးနည်းစနစ် စာအုပ် စိုက်ပျိုးရေးဦးစီးဌာနနှင့်  သနပ်ခါးအကြောင်း သိကောင်းစရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့၏ စာအုပ်မှ

DOCA(ဧရာဝတီ)