Main menu

စပျစ်ချိုချိုဝင်ငွေတိုးလို့ စပျစ်စိုက်ပျိုးစို့

Powered by Drupal
Sat, 09/06/2025 - 19:26 -- consumer_admin

        ရမည်းသင်းမြို့နယ်သည် မြန်မာနိုင်ငံအလည်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပြီး မြို့ကို သရေခေတ္တရာခေတ်ဦးပိုင်း သာသနာနှစ် (၁၂၀)ခုနှစ်တွင် ဒွတ္ထဘောင်မင်းကြီးမှ စတင်တည်ထောင်ခဲ့ သည်ဟု သိရပါသည်။ မြို့စတင်တည်ထောင်စဉ်က မြို့တည်ရာအရပ်၌ နွားနက်၊ နွားမည်းများ အသင်း လိုက်အုပ်စုဖွဲ့၍ ကျက်စားခဲ့သောနေရာဖြစ်သဖြင့် နွားမည်းသင်း၊ နမည်းသင်းမှသည် ရမည်းသင်းဟု ပြောင်းလဲခေါ်တွင်ခဲ့သောမြို့ဖြစ်သည်။ ရမည်းသင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်ထက် (၆၆၈.၅) ပေရှိပြီး ပူအိုက်စွတ်စိုသော ရာသီဥတုရှိပါသည်။ ရမည်းသင်းမြို့နယ်တွင် စိုက်ပျိုးရေးလုပ် ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်လျက်ရှိပါ သည်။ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်တွင် တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန် သော ဒေသတစ်ခုဖြစ်ပါသည်။ အဓိကစိုက်ပျိုးသောသီးနှံများမှာ စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ ငရုတ်၊ ဝါ၊ စပျစ် အစရှိသည့်သီးနှံများကို စိုက်ပျိုးကြပါသည်။ လယ်မြေ (၁၇၆၅၄၄)ဧက၊ ယာမြေ (၂၃၉၀၀၃)ဧက၊ တောင်ယာမြေ (၇၂၆)ဧက၊ ဥယျာဉ်ခြံမြေ (၈၅၈)ဧက အစရှိသဖြင့် တည်ရှိပါသည်။ ရမည်းသင်းမြို့နယ်တွင် စပျစ်စိုက်ပျိုးမှု (၃၀၈၉) ဧကရှိပြီး ရွာတန်းကျေးရွာတွင် အများဆုံးစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။

စပျစ်၏မူလအစ

    စပျစ်သည်နှစ်ရှည်သီးနှံနှင့်နွယ်ပင်အမျိုးအစားဖြစ်ပြီး စပျစ်ကိုကျောက်ခေတ်နှောင်းပိုင်း ဘီစီ (၆၀၀၀)ခန့်က ပင်လယ်နက်အရှေ့ဘက် ကမ်းရိုးတမ်းများရှိရာ ထရန်စ်ကော့ကေးရှားဒေသတွင် စတင်စိုက်ပျိုးခဲ့သည် ဟုသမိုင်းမှတ်တမ်းများတွင်တွေ့ရသည်။ရမည်းသင်းမြို့နယ်၊ရွာတန်းကျေးရွာတွင်  ၁၉၇၀ ခုနှစ်လောက်ကတည်းက စတင်စိုက်ပျိုးခဲ့သည်ဟု သမိုင်းမှတ်တမ်းများကဆိုထားပါသည်။ အပင်၏သက်တမ်းမှာ (၂၅)နှစ်မှ (၃၀)နှစ်အထိရှိပါသည်။ စပျစ်တွင် စားစပျစ်နှင့် ဝိုင်းစပျစ်ဟူ၍ (၂)မျိုးစိုက်ပျိုးကြပြီး စားစပျစ်မျိုးများတွင် အီတလီနံပါတ်(၃)၊ ရွှေနီ၊ white Malaga၊ Black Queen၊ Red Globe၊ သီးချွန်မျိုးများဖြစ်ပြီး၊ ဝိုင်စပျစ်မျိုးတွင် Temae Nilo/Downfelder/Merlot မျိုးဟူ၍ စိုက်ပျိုးလျက်ရှိပါသည်။ စပျစ်စိုက်ပျိုးရာတွင် စင်တင်စနစ်၊ ကြိုးတန်းစနစ်၊ (Y)ပုံစံစနစ်ဖြင့်အမျိုးမျိုး စိုက်ပျိုးကြပြီး၊ တစ်ဧက လျှင် အပင်ရေ (၆၀၀)မှ (၇၀၀) အထိဝင်ဆန့်စိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးရန်ကြိုတင်လေ့လာခြင်း

     စပျစ်ကိုစတင်စိုက်ပျိုးမည်ဆိုလျှင် ကြိုတင်လေ့လာရန်အချက် များစွာရှိပါသည်။ စိုက်ပျိုးရန် ကောင်းမွန်သည့်မြေနေရာ၊ မြေအမျိုးအစားရွေးချယ်တတ်ဖို့ အရေးကြီးပါသည်။ ရေချိုရရှိသောနေရာ၊ လေဝင်လေထွက်ကောင်းမွန်သောနေရာ၊နေရောင်ခြည်ကောင်မွန်စွာရရှိသောနေရာ၊ရာသီဥကောင်းပြီး လမ်းပန်းဆက်သွယ်ရေးကောင်းသောနေရာ၊ ရေစီးရေလာကောင်းသောနေရာဖြစ်ရပါမည်။

     မြေအမျိုးအစားများစွာရှိသည့်အနက် သဲနှုန်းမြေအမျိုးအစားမှာ စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ပြီး ကြပ် တီးမြေနှင့် ဆပ်ပြာပေါက်သောမြေအမျိုးအစားများမှာ စိုက်ပျိုးရန်မသင့်သောမြေများဖြစ်ပါသည်။ စပျစ်စတင်စိုက်ပျိုးမည်ဆိုလျှင် အကောင်းဆုံးအချိန်သည် မိုးအကုန်ဆောင်းအဝင် မိုးကင်းလွတ်ပွင့် လင်းချိန်ဖြစ်သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပါသည်။

စိုက်ပျိုးရန်မြေယာပြုပြင်ခြင်း

     စပျစ်စိုက်ပျိုးရန် မြေယာပြုပြင်သည့်အခါတွင် ရွေးချယ်ခဲ့သည့် မြေနေရာပတ်ဝန်းကျင်ရှိ သစ်ပင်  ချုံနွယ်များ၊သစ်ငုတ်သစ်ဆွေးများ ပြောင်စင်အောင်ဖယ်ရှားရမည်။အဘယ်ကြောင့်ဆိုသော် သစ်ငုတ် သစ်ဆွေးများမြေအောက်ဖုံးဖိကျန်ရှိနေပါက မြေအောင်းပိုးမွှားများနှင့်ခြများရောက်ရှိလာနိုင်ပြီး စပျစ် ပင်များကိုစားသောက်ဖျက်ဆီးပစ်နိုင်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ မြေကိုညီံညာအောင်၊ရေစီးရေ လာကောင်းအောင် ၊ မြေဆွေးကဲ့သို့မှုန့်ညက်ဆွေးမြေ့နေအောင် ထယ်ထိုးလိုက် ၊ ထွန်မွေလိုက် စိတ်ကြိုက်ဆောင်ရွက်ရမည်။

စင်တည်ဆောက်ခြင်းနှင့်စိုက်ပျိုးခြင်း

      စင်တည်ဆောက်ရန်အတွက် ပန္နက်ရိုက်ခြင်း ၊ ပင်ကြား ၊ တန်းကြား အခန်းဖွဲ့စည်းခြင်း ၊ မြေချ စိုက်ပျိုးရန် ၂ပေအကျယ်ရှိ စိုက်မြောင်းဖော်ခြင်းဆောင်ရွက်ရမည်ဖြစ်သည်။မြောင်းသည် အပင်စိုက် တန်းဖြစ်သလို ရေသွင်းမြောင်းလည်းဖြစ်နေရပါမည်။ စင်တည်ဆောက်ရာတွင် စင်တိုင်များ ၊ အထူး သဖြင့် ဘေးအစွန်တိုင်များ ပိုမိုတောင့်တင်းခိုင်မာရန်လိုအပ်ပါသည်။ သွပ်နန်းကြိုးများဆွဲသည့်အခါ ယိုင်နဲ့မသွားစေရန် အတွင်းဘက်မှကျားကန်ပေးထားရမည်။ စပျစ်ပင်များစိုက်ပျိုးရာတွင် ပျိုးအိတ် မြေစိုင်ခဲများမကွဲစေရန် ဂရုစိုက်၍စိုက်မြောင်းအတိုင်း စိုက်ပျိုးရမည်ဖြစ်ပါသည်။ စပျစ်ပျိုးပင်များတွင် ရှေ့ဘက် ၊ နောက်ကျောဘက်ဟူ၍ ပါရှိရာနေရောင်ခြည်ကိုကျောပေး၍ စိုက်ပျိုးရမည်ဖြစ်သည်။ အပင်များစိုက်ပျိုးပြီးသွားသည်နှင့်တပြိုင်တည်း အပင်တိုင်းရေကို ညီတူညီမျှရရှိစေရန်ဂရုစိုက်၍ နေ့ချင်း ပြီးရေသွင်းပေးရမည်ဖြစ်ပါသည်။

လအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း

      စပျစ်ပင်များစိုက်ပျိုးပြီး နောက်အပင်ပြုစုစောင့်ရှောက်ခြင်းကိုလည်း လအလိုက်ဂရုတစိုက် ဆောင်ရွက်ကြရန် အရေးကြီးလှပါသည်။ စပျစ်ပင်တစ်လသားအရွယ်တွင် ထွက်ရှိလာသော အညွှန့် အသစ်များမှ အသန်စွမ်းဆုံးဖြစ်သောအညွှန်တစ်ညွှန့်ကို ‌ရွေးချယ်မွေးမြူပြီး ကျန်အညွှန့်အတက် အလက်များကို ဖြတ်တောက်ဖယ်ရှားပေးရမည်။စပျစ်ပင် နှစ်လ၊ သုံးလသားအရွယ်တွင် ရာသီဥတု ပူပြင်းလာသည့်နွေရာသီအချိန်အခါဖြစ်သည့်အတွက် အပင်၏လိုအပ်ချက်ပေါ်မူတည်၍ ရေလောင်း ခြင်း ၊ အစာကြွေးခြင်း ၊ ဆေးဖျန်းခြင်းများကို ဆောင်ရွက်ရပါမည်။ စပျစ်ပင်သည် ဝလံမျိုးဖြစ်သည့် အတွက် လိုချင်သောပုံစံ ၊ မိမိသွားစေချင်သောနေရာ ၊ လိုအပ်သင့်လျော်သောကိုင်းအရေအတွက် ရရှိ အောင် ပုံသွင်းယူခြင်းသည်လည်း အဓိကကျပါသည်။ စပျစ်ပင်များမွေးမြူလာရာ လေးလ၊ ငါးလသား အရွယ်ရောက်ရှိချိန် ၊ စင်ဝင်လာချိန် ၊ စင်အထက် ၆လက်မအထိမွေးမြူရပြီးချိန်တွင် စင်အောက် အညွန့်နှစ်တက် ၊ စင်ပေါ်အညွန့်နှစ်တက် စုစုပေါင်းလေးတက်ချန်၍ ခေါင်ညွန့်ကို ဖြတ်တောက်ပစ် ရမည်။ထိုအတက်လေးတက် (သို့မဟုတ်) အညွန့်လေးညွန့်သည် စပျစ်စိုက်တောင်သူများ၏အခေါ် ကိုင်းမကြီး လေးကိုင်းမွေးမြူရခြင်းဟုခေါ်ဆိုပါသည်။ကိုင်းမကြီးလေးကိုင်းသည် တနေ့တခြားပိုမို သန်စွမ်းလာပြီး နှစ်ပေခန့်ရောက်ရှိချိန်တွင် မိုးဦးကာလဖြစ်၍ ကျိုးပဲ့သွားတက်သဖြင့် ဂရုစိုက်၍ ချည်နှောင်ထိန်းသိမ်းပေးရမည်ဖြစ်သည်။အပင်ခြောက်လသားအရွည်ရောက်ချိန်တွင် ကိုင်းမကြီးလေး ကိုင်းမှအညွန့်အတက်များထွက်ရှိလာပြီး ထိုးထွက်ရှိလာသောကိုင်းများကို အသီးသီးနိုင်သော သီးကိုင်း များအဖြစ်ခေါ်ဆိုကြသည်။ကိုင်းမကြီးတစ်ကိုင်းစီတွင်သီးကိုင်(၁၀)ကိုင်းရရှိအောင်မွေးမြူရပြီး ၎င်းတို့ ကို သုံးလအတွင်းရရှိအောင်အပြီးမွေးမြူရမည်။ထိုအချိန်တွင် မိုးကာလဖြစ်၍ အညွန့်နုများ ၊ အရွက်နု များတွင် ရောဂါများကျရောက်တတ်ပါသည်။ရောဂါကျရောက်သည့်အခါ အညွန့်နုများ ၊ အရွက်နုများ တွင်  အစက်အပြောက်ကလေးများဖြစ်ပေါ်လာပြီး  အညွန့်အဖြားများမဲခြောက်သွား၍ အပင်ကြီးထွားမှု ရပ်ဆိုင်သွားမည်ဖြစ်သည်။ ရောဂါကျရောက်ခြင်းမှကာကွယ်နိုင်ရန် မှိုသတ်ဆေး ၊ ပိုးသတ်ဆေးများကို ဆေးညွှန်းပါအတိုင်းရောနှော၍  တစ်ပင်လုံးကိုနှံ့စပ်အောင် ပက်ဖျန်းပေးရပါမည်။ အပင်များမွေးမြူ လာရာ ခရီးအတော်ပေါက်မြောက်လာပြီဖြစ်သည့်အပင်သက် (၉) လသားအရွယ်ခန့်တွင် အသီးခံယူ နိုင်ရန် ကိုင်းဖြတ်ခြင်းကိုဆောင်ရွက်ပေးရမည်။ ကိုင်းဖြတ်ရာတွင် မွေးမြူခဲ့သည့်သီးကိုင်းများ၏ အညိုရင့်ရောင်ရှိသောနေရာမှ ဖြတ်တောက်၍ အတက်အလက်များ ၊ အညွန့်များ ၊ အရွက်များအားလုံး ပြောင်စင်အောင် ခူးဆွတ်ဖယ်ရှားပေးပစ်ရမည်။ ကိုင်းဖြတ်ပြီးနောက်ရက်များတွင် ဖြတ်တောက်ခဲ့ သည့်သီးကိုင်းရှိ အညွန့်သစ်များထွက်လာမည့် မျက်စိဖူး(ခေါ်)အဖုနေရာလေးများကို စပျစ်အညွန့် ထွက်ဆေးများ စနစ်တကျဖျော်စပ်၍ ဆေးတို့ပေးရမည်။ဆေးဖျော်ရာတွင် (More Grape) အညွန့် ထွက်ဆေးကို ရေတစ်လီတာတွင်ဆေးရည် (၁၀၀)စီစီနှုန်းဆေးတို့ရာ၌ ကိုင်းများတွင် ဆေးတို့ပြီး ကြောင်းအမှတ်အသားကျန်စေရန်ဆေးရည်ထဲတွင် အနီရောင်ပန်းဆီမှုန့်သင့်တင့်စွာထည့်၍  ရောနှော ဖျော်စပ်ရပါမည်။ ဆေးတို့သည့်အခါ မျက်စိဖူးများကိုတစ်ခုမကျန်ရွှဲစိုအောင် ညီတူညီမျှဆေးတို့ ပေးရ ပါမည်။ စပျစ်အညွန့်သစ်များ ညီညီညာညာထွက်ရှိလာပြီး အညွန့်ဖူးလေးများ ပြောင်းဖူးစေ့ အရွယ်တွင် ဝါဂွမ်းကဲ့သို့နုညံ့ပါးလွှာသည့် အမြေးပါးကလေးများသည် နုညံ့လွန်းသည့်အတွက် ထိုအချိန်တွင် ရေနှင့်လုံးဝထိ၍မရပါ။ ရေနှင့်ထိတွေ့သောအခါ စိုစွတ်သွားပြီး နေရောင်ခြည်ကျရောက် သည့်အခါ ခြောက်၍မာကျောသွားပြီး အဖူးသန္ဓေလောင်းလေးများသည် အပြင်သို့ ထိုးမထွက်နိုင်တော့ဘဲ

      ပျက်စီးသွားမည်ဖြစ်ပါသည်။ ထိုသို့ပြုစုစောင့်ရှောက်လာခဲ့ရာမှ အပင်သက် (၁၀)လသားအရွယ်တွင် သီးကင်းလေးများရရှိလာပြီး ထိုသီးကင်းလေးများကို လမ်းကြောင်းအမှန်အတိုင်း ပို့လွှတ်ချည်နှောင်၍ စင်အောက်သို့ဆွဲချပေးရမည်။  သီးကင်းလေးများအရွယ်တွင် မှိုရောဂါ ၊ ရွက်မှိုရောဂါများ  ကျရောက် တတ်သည့်အတွက် မှိုသတ်ဆေး ၊ ပိုးသတ်ဆေးများကို ပက်ဖျန်းပေးရမည်။ အပင် (၁၁) လသား အရွယ်တွင် စပျစ်သီးများအရွယ်ကြီးထွားလာချိန်တွင် အသီးလုံးများညီစေရန်အတွက် သီးလုံးပါး ပေးခြင်း ၊လုံးပိန်လုံးညှက်များဖယ်ရှားဆောင်ရွက်ပေးရမည်။အပင် ၁၂/၁၃လသားအရွယ်တွင် စပျစ်သီး များသည် ပျော့လာပြီးမျိုးကွဲဗီဇအလိုက်အရောင်များပြောင်းလဲလာကာ ရင့်မှည့်လာပြီဖြစ်ပါသည်။

အသီးခူးဆွတ်ခြင်း

      စပျစ်သီးများကို စတင်စိုက်ပျိုးချိန်မှ  ၁၄လအကြာတွင်ခူးဆွတ်နိုင်ကြောင်း အသီးအခူးဆွတ်မီ ၁၀ ရက်အလိုတွင် အပင်များအားရေဖြတ်ပေးရပါမည်။ အသီးများအား စောလျင်စွာခူးဆွတ်ခြင်း ၊ အသီး မှည့်ဆေးများနှင့် ပိုးသတ်ဆေးများပတ်ဖျန်းခြင်းမှာ ရှောင်ကျဉ်ရပါမည်။ အဘယ်ကြောင့်ဆိုသော် အသီးအရည်အသွေးကိုထိခိုက်စေနိုင်ခြင်းနှင့်ဓါတုဓါတ်ကြွင်းများကျန်ရှိပြီး စားသုံးသူများကို အန္တရာယ် ရှိစေနိုင်သည့်အတွက်ဖြစ်ပါသည်။ အသီးအရည်အသွေးထိခိုက်ခြင်းနှင့် ဓာတုဓာတ်ကြွင်းများကျန်ရှိပြီး စားသုံးသူများကို အန္တရယ်ရှိစေနိုင်သည့်အတွက်ဖြစ်ပါသည်။စပျစ်စတင် စိုက်ပျိုးသည့်နှစ်တွင် နွေသီး ကိုသာထုတ်လုပ်နိုင်ပြီးစပျစ်တစ်ပင်လျှင် (၅)ပိဿာမှ(၈)ပိဿာခန့်သာ ထုတ်ယူနိုင်ပါသည်။ဒုတိယ နှစ်မှစ၍ စပျစ်ကိုမိုးသီးနှံနှင့်နွေသီးထုတ်ယူနိုင်ပြီဖြစ်သည်။ သို့သော်စပျစ်စိုက်တောင်သူများ၏ အဆိုအရ မိုးသီးကိုဈေးကွက်လိုအပ်ချက်အရသာ အနည်းငယ်ထုတ်ယူကြပြီး နွေသီးကိုသာအဓိကထား ထုတ်ယူ ကြပါသည်။ မိုးသီးကိုအနည်းငယ်သာ ထုတ်ယူခြင်းမှာလည်း ထိန်းသိမ်းပြုစုရခက်ခဲခြင်း၊ တကယ်လို့ မိုးသီးကို များစွာထုတ်ယူလိုက်လျှင် အပင်အားကုန်၍ နွေသီးထုတ်ယူသည့်အခါ အထွက်နှုန်းနှင့် အရည်အသွေးများကို ထိခိုက်စေနိုင်သည့်အတွက် တောင်သူများသည် အနည်းငယ်သာထုတ်ယူ၍ နွေသီးအတွက်အပင်ကို အားမွေးထားရပါသည်။ ထိုနှစ်မှစ၍ စပျစ်တစ်ပင်လျှင် (၁၀) ပိဿာမှ (၂၀) ပိဿာခန့်အထိ တစ်ဖြည်းဖြည်းတိုး၍ ထုတ်ယူနိုင်ပြီဖြစ်ပါသည်။

ကုန်ကျစရိတ်နှင့်ဈေးနှုန်းဈေးကွက်

      စပျစ်စတင် စိုက်ပျိုးသည့်နှစ်တွင် စတင်စိုက်ပျိုးချိန်မှ အသီးခူးဆွတ်သည့်အချိန်ထိ တစ်ဧက ပျှမ်းမျှကုန်ကျစရိတ် သိန်း(၁၀၀)ဝန်းကျင်ခန့်ကုန်ကျသည်ဟုသိရှိရပါသည်။ စတင်စိုက်ပျိုး သည့်နှစ် တွင် တစ်ဧကအထွက် နှုန်း(၄၂၀၀)ပိဿာခန့်၊ ဒုတိယနှစ်မှစ၍ တစ်ဧကအထွက် နှုန်း(၆၀၀၀)ပိဿာ မှ(၇၀၀၀)ပိဿာထိထွက်ရှိကြောင်း၊ ယခင်နှစ်စပျစ်ဈေးနှုန်းမှာ စားစပျစ်တစ်ပိဿာအနိမ့်ဆုံး (၅၀၀၀) ကျပ်မှအမြင့်ဆုံး (၁၂၀၀၀) ကျပ်အထိရောင်းချရကြောင်း၊ ဝိုင်စပျစ်များကို တောင်ကြီးအေးသာယာ ဝိုင်

      ထုတ်လုပ်သည့်စက်ရုံသို့ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ဈေးဖြင့် ရောင်းချရကြောင်း သိရပါသည်။ ဈေးကွက်တင်ပို့မှုအနေဖြင့် စပျစ်များကို နိုင်ငံခြားတင်ပို့နိုင်ခြင်းမရှိသော်လည်း ပြည်တွင်းဈေးကွက်များ ဖြစ်သည့် ရန်ကုန်၊မန္တလေး၊ မော်လမြိုင်၊တောင်ကြီး၊ မကွေး၊ နေပြည်တော်၊ပဲခူး၊ ပခုက္ကူ၊ မြစ်ကြီးနား၊ မူဆယ်မြို့ကြီးသို့တင်လျက်ရှိကြောင်း၊ ဝိုင်စပျစ်များကို ပြည်တွင်းစပျစ်ဝိုင်ထုတ်လုပ်သောစက်ရုံများရှိ အေးသာယာနှင့် ညောင်ရွှေမြို့များသို့ တင်ပို့ကြောင်းသိရသည်။

တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း

      စပျစ်သီးများ Export ဈေးကွက်တင်ပို့နိုင်ခြင်းမပြုနိုင်သော်လည်း စပျစ်ကိုတန်ဖိုးမြင့် ထုတ်ကုန် အဖြစ် စပျစ်ယို၊ဝိုင်များထုတ်လုပ်၍ နိုင်ငံခြားဈေးကွက်ကို ထိုးဖောက်နိုင်လိမ့်မည်ဟု ယူဆရသည်။ စပျစ်မှ ဝိုင်ထုတ်လုပ်ခြင်းကို ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာတွင် တောင်သူ(၅)ဦးမှ လက်ရှိ အောင်မြင်စွာထုတ်လုပ်လျက်ရှိသည်။ စပျစ်ဝိုင်ထုတ်ရန်အတွက် အသီးများကိုကြိတ်ခွဲခြင်း၊ ကြိတ်ဖတ် များကို ဝိုင်တစ်ဆေး၊ သကြားနှင့်ရော၍ အနည်ကျသည်အထိစိမ်ထားရပါမည်။ စိမ်ထားသည့်အိုးထဲမှ အလည်တွင်ရှိသောအရည်ကို ပိုက်ဖြင့်စုပ်၍ အခြားစဉ့်အိုးထဲထည့်၍ထားရှိလိုက်ပါက (၃)လကြာသည့် အခါ ဝိုင်အဖြစ် စတင်ရရှိမည်ဖြစ်ပါသည်။ နှစ်ကြာလာလေ ဝိုင်၏ အရသာ၊ အရည်အသွေးတိုးတက် ကောင်းမွန်လေဖြစ်သည်။ လက်ရှိဝိုင်(၇.၅)လီလာတစ်လုံးကို လက်လီဈေး(၁၃၀၀၀)ကျပ်ခန့်ဖြင့် ရောင်းချ ကြောင်း၊ ဝိုင်ထုတ်လုပ်သောတောင်သူများသည် အရည်အသွေးရှိသောဝိုင်များကို ထုတ်လုပ်လျက်ရှိပြီး ဈေးကွက်များ ချဲ့ထွင်ဆောင်ရွက်ရှိပါသည်။

          နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စပျစ်စိုက်ပျိုးခြင်းသည်လည်း တစ် တောင့်တစ်နေရာမှပါဝင်သည့်အတွက် စပျစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးမြင့်ဈေကောင်းရ စားစပျစ်နှင့်ဝိုင်စပျစ်များစိုက်ပျိုးနိုင်ရေးအတွက် ထုတ်လုပ်မှုနည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ရေရှည်တည်တံ့သော သုတေသနလုပ်ငန်းများ ထူထောင်ခြင်းကိုဆောင်ရွက်ပြီး ဈေးကောင်းဈေးကွက်ပိုမိုရရှိသောစပျစ်များ စိုက်ပျိုးကြပါစို့လို့ ရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)