
ပင်စိမ်းပင်ကို အင်္ဂလိပ်အမည် BASIL ဟုခေါ်သည်။ ပင်စိမ်းသည်မျိုးစုများစွာရှိသည်။ မျိုးစုကွဲပြားသည်နှင့်အမျှမျိုးစိတ်နှင့်မျိုးရင်းလည်းမတူကွဲပြားခြားနားသွားသည်။ အများစု အသုံးပြုကြသည်မှာ မျိုးရင်း(Libiatae)ဝင် ပင်စိမ်းမွှေးဖြစ်သည်။ မြန်မာနိုင်ငံတွင် ပင်စိမ်းမွှေး၊ ပင်စိမ်းပန်းညိုတို့ရှိကြသည်။ပင်စိမ်းပင်သည်စိုက်ပျိုးရလွယ်ကူသည်။ နေရာဒေသ၊ ရေမြေမရွေး ပေါက်ရောက်နိုင်သည်။ တစ်ကြိမ်စိုက်လျှင်ပွားသည်။ များလာသည်။ ကျန်းမာရေးအတွက်စားသုံးကြသည်။ ပင်စိမ်းပင် များမှန်သမျှအနံ့ပြင်းသည်။ မြန်မာနိုင်ငံတွင် ပင်စိမ်းမွှေး၊ပင်စိမ်းဖြူ(ဟင်းစားပင်စိမ်း)၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီးတို့ ပေါက်ရောက်ကြသည်။၎င်းတို့တွင်ပါရှိသောအာနိသင် တစ်မျိုးနှင့်တစ်မျိုးအနည်းငယ်ကွာခြားသော် လည်း ပင်စိမ်းမှန်သမျှ ကျန်းမာရေးအတွက် ဆေးဘက်ဝင်သည်ချည်းဖြစ်သည်။ ပင်စိမ်းပင်သည် အပူပိုင်းဒေသတွင် ပိုမို၍စိုက်ပျိုးဖြစ်ထွန်းသော ဆေးဘက်ဝင်ပရဆေးပင်ဖြစ်သည်။
ပင်စိမ်းပင်ကို စနစ်တကျစိုက်ပျိုးပါက တန်းကြား(၂-၃)ပေ နှင့် ပင်ကြား တစ်ပေထား၍ စိုက်ကျင်း တစ်ကျင်းလျှင် မျိုးစေ့(၁၀)စေ့ခန့်ချ၍စိုက်ကြသည်။ ပင်စိမ်းပင်သည် ဓာတ်မြေဩဇာ လည်းထူးကဲ ကျွေးရန်မလို၊ အပင်ပြုစုမှုလည်းလိုအပ်မှုနည်းပါးသည့် အပင်မျိုးဖြစ်ပါသည်။ စီးပွားဖြစ်စိုက်လျှင်မူ ပေါင်းရှင်း၊ မြေဆွ၊ မြေဩဇာကျွေးပေးနိုင် လျှင်ပိုကောင်းပါသည်။ပင်စိမ်းပင်ကို အရွက်နှင့်အစေ့သာမက တစ်ပင်လုံး မြစ်၊ခေါက်၊ပွင့်၊ သီး အသုံးဝင်ပါသည်။ လူတို့အတွက် ကျန်းမာရေးဓာတ်စာသာမက တိရစ္ဆာန်များရောဂါကုထုံးအတွက်လည်းအသုံးဝင်ပါသည်။ အများစုသည် ပင်စိမ်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာသုံးကြသည်။ ကျန်တာမသုံးကြပေ။ ပင်စိမ်းစေ့ကို မသုံးသလောက်ဖြစ်သည်။ ပင်စိမ်းစေ့သည် ဖျားနာရောဂါကို ကု၏။ ၎င်းအပြင် အပူငြိမ်းစေသည်။ ဆီးရွှင်စေ၍ ဆီးပုပ်၊ဆီးရောဂါတို့ကိုပျောက်စေသည်။ အသည်းရောင်ရောဂါနှင့်သွားကိုက်၊သွားဖုံးရောင်၊ လေရောဂါ၊ သလိပ်ကပ်ခြင်းတို့ကိုပျောက်ကင်းစေနိုင်သည်။ ထို့ပြင် မြွေ၊ကင်း စသည့်အဆိပ်ရှိသတ္တဝါ ကိုက်လျှင်ပင်စိမ်းစေ့ကို စားခြင်း၊ အမှုန့်လိမ်းခြင်းပြုလုပ်ပေးရသည်။
“ပင်စိမ်းပင်” ကို တစ်ပင်၊နှစ်ပင် တစ်ပိုင်တစ်နိုင်မှ စိုက်ခင်းကြီးများအထိစိုက်ပျိုး၍ နည်းလမ်းမျိုးစုံပြုလုပ်ပြီးကျန်းမာရေးဆိုင်ရာအတွက် အသုံးပြုနိုင်ကြောင်းသိရပါသည်။
(DOCA ဧရာဝတီ)