Main menu

တရုတ်နိုင်ငံသို့ ပါကစ္စတန်ဆန်တင်ပို့မှု ၂၀၂၅ ခုနှစ် ပထမ ၅လအတွင်း ၁၂၁ ရာခိုင်နှုန်း မြင့်တက်

Powered by Drupal

     တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) မူဘောင်အောက်တွင် နှစ်နိုင်ငံအကြား ပိုမိုခိုင်မာသော ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခဲ့ရာ တရုတ်နိုင်ငံသို့ ပါကစ္စတန်၏ ဆန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ ၅ လတွင် ၁၂၁ ရာခိုင်နှုန်းအထိ သိသာစွာ မြင့်တက်လာခဲ့ကြောင်း PTV World ပါကစ္စတန် သတင်းဌာနက ဖော်ပြထားပါသည်။

     ပေကျင်းမြို့ရှိ ပါကစ္စတန်သံရုံးမှ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု သံမှူး Ghulam Qadir ၏ ပြောကြားချက်အရ ပါကစ္စတန်အနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံသို့ ဒေါ်လာ ၃၂.၀၇၆ သန်း တန်ဖိုးရှိသော ဆန်များတင်ပို့နိုင်ခဲ့ရာ ယခင်နှစ် အလားတူကာလအတွင်း ဆန်တင်ပို့နိုင်ခဲ့သည့် တန်ဖိုးဒေါ်လာ ၁၄.၅၃ သန်းထက် သိသာစွာ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အထူးသဖြင့် HS Code 10063020 အောက်ရှိ တစ်ပိုင်းတစ်စ သို့မဟုတ် အပြည့်အဝ ကြိတ်ခွဲထားသော ဆန်များကို တန်ချိန်အားဖြင့် ၆၀၇၆၉ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၂၆.၆၈ သန်း တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

      ပါကစ္စတန် ဆန်မျိုးကွဲများစွာအနက် အထူးသဖြင့် Super Basmati နှင့် IRRI-6 တို့သည် ၎င်းတို့၏ မွှေးရနံ့၊ ဆန်လုံးသွယ်မှုနှင့် တရုတ်ရိုးရာ အစားအစာများ ပြင်ဆင်ပြုလုပ်မှုများအတွက် သင့်လျော်မှုရှိခြင်း တို့ကြောင့် တရုတ်နိုင်ငံရှိ ဆန်တင်သွင်းသူများအကြား ရေပန်းစားလာခဲ့သည်။ ယေဘုယျအားဖြင့် ဆန်ကြိတ်ထွက်နှုန်း ၆၆ - ၆၈ ရာခိုင်နှုန်းရှိသော တရုတ်ပြည်တွင်း စပါးမျိုးကွဲများနှင့် နှိုင်းယှဉ်ပါက ပါကစ္စတန်ဆန်သည် ပိုမိုမြင့်မားသော ကြိတ်ခွဲအထွက်နှုန်း (၆၈ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ) ပေးစွမ်းနိုင်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာမှုရှိသည်။

    တရုတ်နိုင်ငံရှိ လက်လီဈေးကွက်အတွင်း ပါကစ္စတန်ဆန်ကို အထူးသဖြင့် တောင်အာရှ ဒေသထွက် ဆန်မျိုးကွဲများကို ဝယ်ယူလိုသော မြို့ပြလူလတ်တန်းစား စားသုံးသူများက စားသုံးလျက်ရှိသည့်အပြင် ခန့်မှန်းခြေအားဖြင့် ၃၀ မှ ၃၅ ရာခိုင်နှုန်းခန့်အထိကို အသင့်စား အစားအစာ ထုတ်လုပ်သည့် လုပ်ငန်းများမှ ဝယ်ယူသုံးစွဲမှုရှိကြောင်း သိရပါသည်။

Source: PTV World, June 23, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)