မုန်လာဥနီကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း၌စိုက်ပျိုးကြပြီး အာဟာရဓာတ်ကြွယ်ဝမှုနှင့် ကျန်းမာရေး အကျိုးကျေးဇူးများသောကြောင့် လူအများစုက စားသုံးကြပါသည်။ ဈေးနှုန်းချိုသာသော သီးနှံဖြစ်သောကြောင့် နေ့စဉ်စားသုံးမှုတွင် ထည့်သွင်းသင့်သော အစားအစာတစ်ခုအဖြစ် အာဟာရ ပညာရှင်များက အကြံပြုထားပါသည်။ မုန်လာဥနီ၏ မူရင်းဒေသသည် အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး မူလအရောင်မှာ ခရမ်းရောင်၊ အဝါရောင်ဖြစ်သည်ဟုလည်း သိရပါသည်။ ယနေ့ခေတ် တွေ့မြင်နေရသော မုန်လာဥနီ လိမ္မော်ရောင် ကို ၁၇ ရာစု တွင် နယ်သာလန်နိုင်ငံ၌ မွေးမြူခဲ့ခြင်းဖြစ်ပါသည်။
မုန်လာဥနီကို အေးမြသောရာသီ ဆောင်းဦးတွင် စိုက်ပျိုးလေ့ရှိပြီး မြေဆီလွှာစိုထိုင်းမှုမျှတရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်းစိုက်ပျိုးကြပါသည်။ မုန်လာဥနီသည် မြေမာခြင်း၊ ရေဝပ်ခြင်းနှင့် ပိုးမွှားကျရောက်မှုဒဏ်ကို မခံနိုင်သောကြောင့် စနစ်တကျစိုက်ပျိုးပြုစုပါက မုန်လာဥအလေးချိန် ၈ တန်မှ ၁၂ တန်အထိ ထွက်နိုင်ပါသည်။ မုန်လာဥနီကို စားသုံးပေးခြင်းဖြင့် အမြင် အာရုံကို အားကောင်းစေနိုင်ပြီး ကင်ဆာရောဂါ ကာကွယ်ပေးနိုင်ပါသည်။ အမျိုးသမီးများသည် အသား အရေစိုပြည်လှပတင်းရင်းစေရန်အတွက် မုန်လာဥနီကို နွားနို့နှင့် ရောစပ်၍ ဖျော်ရည်အဖြစ် သောက်သုံးကြပါသည်။ ဟင်းလျာအနေဖြင့်လည်း မုန်လာဥနီကို ကြော်၍သော်လည်းကောင်း၊ အရွက်ကို အချဉ်ဟင်းချက်၍သော်လည်းကောင်း စားသုံးခြင်းဖြင့် ဗီတာမင်နှင့် သတ္တုဓာတ်များရရှိနိုင်ပါသည်။ မုန်လာဥနီကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ကျန်းမာရေးနှင့် အလှအပဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါသည်။
DOCA(ပဲခူး)