သနပ်ခါးပင်သည် ဟိမဝန္ဒာတောင်တန်းတဝိုက်၊ ပန်ဂျပ်ပြည်နယ်၊ ဗီဟာပြည်နယ်၊ အာသံ ပြည်နယ်၊ အာရှအရှေ့တောင်ပိုင်းဒေသ၊ ဇင်းမယ်၊ ထိုင်း၊ မြန်မာနိုင်ငံတို့မှ မြစ်ဖျားခံကာ စတင် ပေါက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သနပ်ခါးသည် အပူပိုင်းဒေသတွင် ပေါက်ရောက် ဖြစ်ထွန်းလေ့ရှိကြောင်း သိရပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း နှင့် မကွေးတိုင်းဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။
သနပ်ခါးပင်များကို ဂဝံ/ကျောက်စရစ်မြေတွင် အဓိကစိုက်ပျိုးကြ၍ ရွှံ့စေးမြေ၊ ရေဝပ်သော မြေနှင့် ဆားပေါက်သောမြေမှတပါး ကျန်မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။ သနပ်ခါးပင်၏ ၅-၈ နှစ်အရွယ်တွင် စတင်ဈေးကွက်ဝင်ပြီး အရည်အသွေးကောင်းသည့် သနပ်ခါး တစ်ပင်ရရှိရန်မှာ သက်တမ်း(၃၅)နှစ်ခန့် လိုအပ်သည်ဟု စာအုပ်စာတမ်းများမှ လေ့လာသိရှိရသည်။
သနပ်ခါးကို ရုက္ခဗေဒအမည်အားဖြင့် Limonia Acidissima ဟု ခေါ်ပြီး သနပ်ခါးပင်၏ ပုံသဏ္ဍာန်မှာ ပင်လတ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀ မှ ၃၀ အထိမြင့်နိုင်ပြီး ပင်စည်နှင့် အကိုင်းအခက် များတွင် လက်မဝက်၊ တစ်လက်မခန့်ရှည်သည့် ဆူးများပါရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင် ရင့်လာလျှင် အပွေးထူလာသည်။ အရွက်ပုံသဏ္ဍာန်မှာ ရွက်ပြား၍ ပြောင်ချောပြီး မာကျောတောင့်တင်း ကာ အစိမ်းရင့်ရောင်ရှိသည်။ အပွင့်ပုံသဏ္ဍာန်မှာ အဝါနုရောင်ဖြစ်ပြီး အဆုပ်လိုက်ပွင့်သည်။ ရေမြေ ရာသီဥတုပေါ်မူတည်ကာ တပေါင်း၊ တန်ခူးနှင့် ကဆုန်လများတွင် အပွင့်များ ပွင့်သည်။ ဝါဆို၊ ဝါခေါင် နှင့် တော်သလင်းလများတွင် အသီးရင့်မှည့်သည်။ အမြစ်တွင်လည်း အပွေးအခေါက်ပါရှိပြီး ထို အမြစ်မှ သားတက်များထွက်လေ့ရှိကြောင်း သိရသည်။
မြန်မာ့ရိုးရာသနပ်ခါးသည် မြန်မာ့နံ့သာ(၁၀)မျိုးအနက် အခေါက်နံ့သာတစ်မျိုးတွင် ပါဝင် သည်။ သနပ်ခါးတွင် ‘သန’ဆိုသည်မှာ မြန်မာ့အဘိဓာန်တွင် မသန့်မရှင်းဖြစ်သည်၊ ယုတ်ညံ့သည်’ဟု ဆိုလိုပြီး ‘ ခါ’ဆိုသည်မှာ စွန့်ထုတ်ခြင်း ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့်‘ သနခါ’ ဟူသည် မကောင်းသည့် အညစ်အကြေးများကို စွန့်ထုတ်ခြင်း ဟူသော အဓိပ္ပာယ်ဖြစ်ပါသည်။ ကာလ ကြာသော် သနခါ မှ သနပ်ခါး ဟု ပြောင်းလဲလာခြင်းဖြစ်သည်ဟု သိရသည်။ (မြန်မာ သမားတော်ကြီးများကမူ လူ့ခန္ဒာကိုယ်မှ သွေးပုပ်အညစ်အကြေးများကို ကင်းစင်အောင် ဖယ်ရှား ပေးနိုင်သောကြောင့် သန- ရွံရှာဖွယ်သော အမှုကိုဖယ်၏ ဟူ၍ ပေးကြသဖြင့် သနခါမှ သနပ်ခါးဟု ခေါ်ကြောင်း သိရသည်။)
မြန်မာနိုင်ငံတွင် သနပ်ခါးကို သုံးစွဲလာကြသည်မှာ ထောင်စုနှစ် နှစ်ခုကျော်ခန့်ကပင် စတင် ခဲ့ကြသည်ဟု သုတေသီတစ်ချို့က ယူဆကြကြောင်း သိရသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက် ၍ သနပ်ခါးလိမ်းသည့် ယဉ်ကျေးမှုဓလေ့ကို ပျူခေတ်ကတည်းက နှစ်သက်စွာ အသုံးပြုလာကြကြောင်း ယူဆကြသည်။ ထို့ပြင် အေဒီ ၁၁ ရာစု ပုဂံနဂါးရုံဘုရားနှင့်အပယ်ရတနာဘုရား နံရံဆေးရေး ပန်းချီကားများတွင် သနပ်ခါးနှင့်ယှဉ်တွဲအသုံးပြုလေ့ရှိသော ကျောက်ပျဉ်နှင့် အလှဆင်နေ သည့် မိန်းမပျိုပုံများကို တွေ့ရှိရသဖြင့် ပုဂံခေတ်မိန်းမပျိုများသည်လည်း သနပ်ခါးဖြင့် အလှဆင် လိမ်းခြယ်ကြကြောင်း သိရှိနိုင်ပါသည်။
သက္ကရာဇ် ၇၄၅ ခုနှစ်၌ ရာဇာဓိရာဇ်မင်းက ဒဂုံသို့ ချီတက်ရာတွင် ကြင်သူသက်ထား ထံသို့ ပါးခဲ့ပါသည့် သုံးထောင့်အိုင်ချင်း၌ “သနပ်ခါးကျောက်ပြင်ပေါ်တွင် သောက်တော်ရေနှင့် ရောသွေးပါလျှင် နံ့သာအပေါ် ကျဲတတ်တယ်” ဟူသော အိုင်ချင်းနှင့် သက္ကရာဇ် ၈၅၅ ခုနှစ် ၌ အင်းဝခေတ် ဒုတိယမင်းခေါင်လက်ထက်က စာဆိုတော် “ရှင်မဟာရဋ္ဌသာရ’’ ရေးစပ်ခဲ့သည့် ဘူရိဒတ်ဇာတ်ပေါင်းပျို့တွင် “ဤစာသာရ၊ ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဉာဏ် လက်ကိုင်လေး၊ ဖြည်းဖြည်းသွေး၍၊ နံ့မွှေးတသုံးလိမ်းလင့်ကုန်”ဟူ၍ ဖတ်ရှုရပါသဖြင့် အင်းဝ ခေတ်ကတည်းက သနပ်ခါးကို မြတ်နိုးခုံမင်စုံမက်စွာ လိမ်းခြယ်လျက်ရှိနေကြောင်း ယူဆနိုင်ပါသည်။ သနပ်ခါးသည် မြန်မာအမျိုးသမီးများ၏ ပြယုဂ်တစ်ခုဖြစ်သည်။ မြန်မာတို့၏ သင်္ကေတ ဟုလည်းဆိုနိုင်ပါသည်။ အစိုးရမှ ၂၀၂၁ ခုနှစ်၌ တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ပေးခဲ့ပြီး လည်းဖြစ်သည့်အပြင် မြန်မာ့သနပ်ခါးကို (UNESCO) ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်သို့ စာရင်းတင်သွင်းနိုင်ရေး သက်ဆိုင်ရာများက ကြိုးပမ်းလျက်ရှိသည်။
မြန်မာ့ရိုးရာ သနပ်ခါးသည် ရှင်မတောင်သနပ်ခါးအဖြစ်လည်းကောင်း၊ ရွှေဘိုသနပ်ခါး အဖြစ် လည်းကောင်း ထင်ရှားပေသည်။ သနပ်ခါးကို အမျိုးသမီးများပါမက အမျိုးသားများပါ လိမ်းခြယ် လေ့ရှိသည်။ အေးမြ၍ သင်းပျံ့သော ရနံ့ရှိသည်။ ဆေးဖက်ဝင်သည်။ နေလောင်ဒဏ်မှ ကာကွယ် ပေးနိုင်သကဲ့သို့ သဘာဝမိတ်ကပ်အဖြစ်လည်း သုံးစွဲနိုင်ပါသည်။
သို့ဖြစ်ပါသောကြောင့် မြန်မာ့နန်းသုံးတော်ဝင် ရိုးရာသနပ်ခါးအား ဤသို့ စာဖွဲ့ ညွှန်းဆို လိုက်ရပါတော့သည်-
“တော်ဝင်နန်းထိုက် ကြိုင်လှိုင်သင်းကို
ပါးပြင်ထက်ဝယ် ရေးရေးခြယ်လျက်
ပျိုကညာ ခါတော်မလင့် တင့်လှပေဟန်၊
လင်္ကာဆက်ထုံး ၊ ဘယ်မမုန်းပါတဲ့
ရှေးပဝေဏသီ ငဲ့ပေဦးတော့
ပြုံးလျက်သာဝင့်ထည်
သနပ်ခါးဋီကာ အလင်္ကာတည်း”
DOCA(မန္တလေး)