
လိုင်ချီးသီးသည် အပူပိုင်းနှင့်သမပိုင်းဒေသတွင် ပေါက်ရောက်ပြီး အမြဲစိမ်းပင်ဖြစ်ပါသည်။ မျိုးရင်းဒေသမှာ တရုတ်နိုင်ငံတောင်ပိုင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသည် လိုင်ချီးသီးအဓိကစိုက်ပျိုး ထုတ်လုပ်ရာနိုင်ငံဖြစ်ပြီး အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများ၊ အိန္ဒိယတိုက်ငယ်နှင့် တောင်အာဖရိကရှိ နိုင်ငံများတွင်လည်း စိုက်ပျိုးထုတ်လုပ်ကြသည်။ မြန်မာနိုင်ငံတွင် လိုင်ချီးသီးကို ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးစသည့်ဒေသများတွင် စိုက်ပျိုးကြပါသည်။ လိုင်ချီးသီး၏ သိပ္ပံနာမည်မှာ Litchi Chinensis ဖြစ်သည်။ လိုင်ချီးသီးကို လေချူသီးဟုလည်းခေါ်ဆိုကြသည်။ လိုင်ချီးပင်တွင် သေးငယ်သော အသီးကလေးများသီးလေ့ရှိပြီး အသီး၏ အပြင်ပိုင်းမှာ ပန်းရောင်နှင့် အနီရောင်စပ်ကြားဖြစ်ပြီး အခွံမှာစား၍မရပေ။ အသီး၏အတွင်းပိုင်းရှိအသားကို အချိုပွဲများစွာတွင် ထည့်သွင်းစားသုံးကြသည်။
လိုင်ချီးသီးသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိသော အသီးတစ်မျိုး ဖြစ်ပေသည်။ လိုင်ချီးသီးတွင် ရေဓာတ်နှင့် ကာဗွန်ဟိုက်ဒရိတ်၊ အသားဓာတ်၊ သကြားဓာတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ဗီတာမင် C ၊ ကော့ပါး၊ ပိုတက်စီယမ်၊ ကယ်လိုရီ စသည်တို့ပါဝင်ပါသည်။ လိုင်ချီးသီးကို စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်ကျစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ အသားအရည်လှပ စေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း၊ သွေးပေါင်ချိန်ကိုထိန်းညှိ ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်း၊ အာရုံကြောများကို ကျန်းမာစေခြင်း၊ အအေးမိ တုပ်ကွေးကို ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိစေပါသည်။
လလိုင်ချီးသီးကို အချိုပွဲများတွင် သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ်စားသုံးကြသလို ဖျော်ရည်၊ ရေခဲမုန့်၊ ဂျယ်လီ၊ သီးစုံယိုများပြုလုပ်၍လည်း စားသုံးကြပါသည်။ Syrup များ၊ ယိုများ၊ အသီးခြောက်များပြုလုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍လည်း စားသုံးလာကြသည်ကို တွေ့ရှိ ရပါသည်။ လိုင်ချီးသီးကို စားသုံးခြင်းဖြင့် အကျိုးကျေးဇူးများစွာရှိသလို အချိုဓာတ်များ၍ အပူစာဖြစ်သောကြောင့် ဆီးချိုရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအနေဖြင့် အနည်းငယ်သာ စားသုံးသင့်ပါသည်။ လိုင်ချီးသီးကို အလွန်အကျွံစားသုံးပါက အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာခေါင်းသွေးလျှံခြင်းတို့ဖြစ်စေနိုင်သောကြောင့် ဆင်ခြင်၍ စားသုံးသင့်ပါကြောင်း လေ့လာသိရှိမိသည်များကို မျှဝေလိုက်ရပေသည်။
DOCA(မန္တလေး)