
သံပုရာသည် နှစ်ရှည်သီးပင်ဖြစ်၍ အမျိုးအစားပေါင်းများစွာရှိပါသည်။ သံပုရာအမျိုး အစားများ မှာ မြန်မာ့သံပုရာမျိုး(၃)မျိုး၊ ဟော်လန်သံပုရာ(၂)မျိုး၊ မလေးရှားသံပုရာ(၂)မျိုး၊ အီတလီသံပုရာ(၁)မျိုး၊ အမေရိကန်သံပုရာ(၁)မျိုးနှင့် အင်ဒိုနီးရှားသံပုရာ(၁)တို့ ဖြစ်ပါသည်။
မြန်မာ့သံပုရာမျိုးများသည် ရေမြေရာသီဥတုအပေါ်မူတည်ပြီး ဖြစ်ထွန်းအောင်မြင်သီးပွင့် ပါသည်။ အထူးသဖြင့် တော၊ တောင်၊ စိမ့်စမ်းရှိသောဒေသကို နှစ်သက်ပါသည်။ ဟော်လန်မျိုးမှာ မြန်မာ့သံပုရာထက်စာလျှင် မြန်မာပြည်အနှံ့ဒေသမရွေး စိုက်ပျိုးနိုင်ပါသည်။ အီတလီမျိုးနှင့် အမေရိကန်မျိုးများမှာမှာ မိုးများသောဒေသကို ကြိုက်နှစ်သက်ပြီး အသီးဖြစ်ထွန်းမှု အားနည်းပါသည်။ အင်ဒိုနီးရှားမျိုးမှာ အမျိုးအစားအကောင်းဆုံးဖြစ်ပြီး သီးအားကောင်းခြင်း၊ ရေမြေရာသီဥတုမရွေး စိုက်ပျိုးနိုင်ခြင်း၊ အသီးအထားခံခြင်း၊ အစေ့မရှိခြင်း၊ အရည်ရွှမ်းခြင်းနှင့် မြန်မာပြည်အနှံ့အပြား စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည့်အတွက် မျိုးကောင်းတစ်ခုဖြစ်ပါသည်။
သံပုရာကို စနစ်တကျစိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင် တစ်တန်းနှင့် တစ်တန်း (၁၂)ပေ ပတ်လည်သော်လည်းကောင်း၊ (၁၅)ပေတန်းနှင့် တစ်ပင်နှင့်တစ်ပင်(၁၀)ပေခြားသော် လည်းကောင်း၊ ပန္နရိုက်စိုက်ပျိုးနိုင်ပါသည်။ စိုက်ပင်များ ရွက်နုထွက်လာသောအခါ ပိုးမွှားရောဂါ ကျတတ်၍ ကြိုတင်ပြီး တစ်လတစ်ကြိမ်(သို့) နှစ်ကြိမ် ဆေးဖျန်းပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး (၆)လခန့်အကြာတွင် ဒုတိယအကြိမ် အစာကျွေးခြင်း၊ မြေဆွခြင်းများပြုလုပ်ရပါ သည်။ မြန်မာနိုင်ငံအနေဖြင့် သင့်တော်သော စိုက်ပျိုးချိန်မှာ ဇွန်လနှင့် ဇူလိုင်လဖြစ်သော်လည်း ရေပေးနိုင်ပါက တစ်နှစ်ပတ်လည်လုံး စိုက်ပျိုး နိုင်ပါသည်။ တစ်ဧကတွင် အပင်(၃၀၀)ခန့် စိုက်ပျိုး နိုင်သည့်အတွက် လိုအပ်သောပျိုးပင်များ၊ မြေဩဇာများကို ကြိုတင်စုဆောင်းထားရန် လိုအပ်ပါသည်။ ဈေးကွက်အတွင်း ဈေးကောင်းရရှိ သည့်အတွက် စီးပွားဖြစ်စိုက်ပျိုးရန် သင့်တော်သော သီးနှံဖြစ်ကြောင်း လေ့လာဖော်ပြလိုက်ရပါသည်။
DOCA (ဧရာဝတီ)