Main menu

“သန်လျင်မြို့နယ်၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆန်စပါးနှင့်ပဲမျိုးစုံတို့အား ပြည်တွင်းနှင့်ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ”

Powered by Drupal

    ဆောင်းသီးနှံပဲစိုက်တောင်သူများ၊ ပဲဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ပဲပွဲရုံမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများသည် ပဲတီစိမ်း၊ ပဲတီရွှေဝါနှင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ သန်လျင်မြို့၊ အစည်းအဝေးခန်းမ၌  ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးက ပဲစိုက်တောင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်ပဲမျိုးများကိုရွေးချယ်စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များတွင် ပဲစိုက်ပျိုးဖြစ်ထွန်းမှုအောင်မြင်နေခြင်းမှာ သက်ဆိုင်ရာဌာနများမှ စိုက်ပျိုးထုတ်လုပ်ဝယ်ယူဖြန့်ဖြူးနေကြသောကုမ္ပဏီများ၊ ပဲစိုက်တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း၊ မိရိုးဖလာနည်းစနစ်များအစား အဆင့်မြင့်လယ်ယာဖော်ထုတ်ဆောင်ရွက်ခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပဲတီစိမ်း(ပဲတီရွှေဝါ)သည် EU နိုင်ငံများ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နိုင်ခဲ့သည်မှာ ဂုဏ်ယူစရာပင်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုမှလည်း ပဲစိုက်တောင်သူများအနေဖြင့် အဓိကပြဿနာဖြစ်သော ပြည်တွင်း/ပြည်ပဈေးကွက်များအတွင်း ရောင်းချရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်း၊ ဓာတ်ကျန်များဖြစ်ပေါ်ရသည့်အချက်များမှာ ပိုးသတ်ဆေးသုံးစွဲပုံနည်းလမ်းမမှန်ကန်ခြင်းများကြောင့် အဓိကဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသော ပိုးသတ်ဆေးများကိုသာ စနစ်တကျသုံးစွဲသင့်ကြောင်းနှင့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုနှင့်သက်ဆိုင်သော ကိစ္စရပ်များအကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးကလည်း ရန်ကုန်တိုင်းတွင် စိုက်ပျိုးမှုအများဆုံးဖြစ်သော သန်လျင်ခရိုင်အတွင်းရှိ ပဲစိုက်တောင်သူများအနေဖြင့် ပဲတီစိမ်း(ပဲတီရွှေဝါ) ပဲမျိုးစုံနှင့် ဆောင်းစပါးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်သွားနိုင်ရေးနှင့် ထွက်ရှိလာသောဆောင်းသီးနှံများ အရည်အသွေးကောင်းမွန်စေရေး၊ မှန်ကန်သောဈေးကွက်များနှင့်ချိတ်ဆက်ပေးနိုင်ရေးတို့အား မိမိတို့ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပဲစိုက်တောင်သူများ၏ ဆွေးနွေးတင်ပြခြင်းများနှင့် ၎င်းတို့၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာဦးစီးဌာနများက ပြန်လည်ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။      

DOCA(ရန်ကုန်)