Main menu

ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်း

Powered by Drupal

ဟောင်ကောင်ဒေသသို့တင်သွင်းသည့်အစားအသောက်များဈေးနှုန်းမြင့်တက်နိုင်

          ဟောင်ကောင်‌ဒေသ၌  ကုန်ပစ္စည်းတင်လေယာဉ်များပြေးဆွဲမှုနှင့် လေယာဉ်ဝန်ထမ်းများ အသွားအလာကန့်သတ်စောင့်ကြည့်ရေးတို့နှင့်ပတ်သက်၍ တင်းကြပ်သော ဆောင်ရွက်မှုများကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာနိုင်ပြီး သစ်သီးဝလံများ၊ ပင်လယ်စာများနှင့် အွန်လိုင်း မှရောင်းချသည့် အဆင့်မြင့် ထင်ရှားသော အမှတ်တံဆိပ်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာနိုင်သော်လည်း တရုတ်ပြည်မကြီးမှ ကုန်တင်ကားများဖြင့် အဓိကတင်သွင်းသည့် ဟင်းသီးဟင်းရွက်များနှင့်အသားများ ဈေးနှုန်းတည်ငြိမ်မှုရှိနိုင်ကြောင်း၊ အလွယ်တကူပျက်စီးလွယ်သော သစ်သီးဝလံ များနှင့် ပင်လယ်စာအများစုမှာ ကုန်တင်လေယာဉ်ပြေးဆွဲမှု လျှော့ချခြင်းကြောင့် ထိခိုက်မှုရှိနိုင်ပြီး ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကုန်ကျစရိတ်များကြောင့်စားသုံးသူများကို ရိုက်ခတ်လာနိုင်ကြောင်း၊ ပင်လယ်ရေကြောင်းမှ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ မြင့်တက်လာနိုင်သော်လည်း တရုတ်ပြည်မကြီးနှင့် ကုန်းလမ်းကြောင်းမှ သယ်ယူပို့ဆောင်စရိတ်မှာမူ တည်ငြိမ်မှုရှိနိုင်ကြောင်း၊ တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း အစားအစာများ ချက်ပြုတ်ရောင်းချရန် အသုံးပြုသည့် ဟင်းခတ်အမွှေးအကြိုင်များ၏ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး စားသောက်ဆိုင်များအား ဆိုင်ပိတ်ချိန် ကန့်သတ်ထားမှုကြောင့် လတ်ဆတ်သောပင်လယ်စာများနှင့်အသားများ  ဈေးလျှော့ ရောင်းချရလျက်ရှိကြောင်း၊ အဆိုပါအားလပ်ရက်ပြီးလျှင် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများမှာ ပုံမှန်လုပ်ငန်းဆောင်ရွက်မှု၏ ၇၀-၈၀% ပြန်လည်လုပ်ကိုင်ဆောင်ရွက်လာနိုင်ကြောင်း၊ စားသောက်ဆိုင်များဖွင့်လှစ်ချိန် ကန့်သတ်ထားမှုကြောင့် ညစာအတွက်ရောင်းချရန် ငါးစီဖောင်း ကဲ့သို့သော ပင်လယ်အစားအစာအခြောက်အခြမ်းများကိုသာ ဝယ်ယူမှုများရှိနေသဖြင့် ပင်လယ်စာ လက်ကားရောင်းချသူများတွင် ပင်လယ်အစားအစာအခြောက်အခြမ်းများနှင့် အေးခဲအစား အစာများအပါအဝင် အနည်းဆုံး ဟောင်ကောင်ဒေါ်လာ (၁) ဘီလီယံခန့် တန်ဖိုးရှိပစ္စည်းများ လက်ကျန်ရှိနေကြောင်းသိရှိရပါသည်။

(ရင်းမြစ်-  ဟောင်ကောင်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

နယ်စပ်ဂိတ်မှတစ်ဆင့်မြန်မာနိုင်ငံသို့ကုန်သွယ်မှုဆိုင်ရာအစည်းအဝေးကျင်းပ

          အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ မိုရေးမြို့ရှိ နယ်စပ်စုပေါင်းစစ်ဆေးရေးဂိတ်အား ဖြတ်သန်း၍ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများ လုပ်ကိုင်ဆောင်ရွက်ခြင်းဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလလယ်၌ ကျင်းပခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးသို့ LCS မိုရေးအကောက်ခွန် ဌာနမှူး၊ ICPမိုရေးဂိတ်မန်နေဂျာ၊ လက်ထောက်ကောလိပ်တော်အရာရှိနှင့် အမှတ် ၄၃ အာသံ ရိုင်ဖယ်တပ်(မိုရေး)မှ ဗိုလ်မှူးကြီး၊ နယ်စပ်ဂိတ်စခန်းနှင့် အိန္ဒိယလူဝင်မှု ကြီးကြပ်ရေးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ဒေသတွင်း တရားမဝင်ကုန်သွယ်မှုလုပ်ကိုင်ရန် မျက်နှာသာ ပေးလျှက်ရှိသော ကိစ္စရပ်များ၊ မိုရေးဂိတ်အားဖြတ်သန်း၍ တရားဝင်ကုန်သွယ်မှုလုပ်ဆောင်လာစေရေး မြှင့်တင်နိုင်မည့် နည်းလမ်းများ၊ မြန်မာနိုင်ငံနှင့်နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေမှုအရ စိမ့်ဝင်လာနိုင်မှု၊ မြန်မာနိုင်ငံအားဖြတ်သန်း၍ တတိယနိုင်ငံတစ်ခုမှ ကုန်ပစ္စည်းများတင်သွင်းခြင်းအတွက် သီးခြားကုန်သွယ်ရေးသဘောတူညီချက်များကင်းမဲ့မှု၊ မိုရေးမြို့၌ ပြည်ဝင်ဗီဇာထုတ်ပေးနိုင်မည့် အခြေခံအဆောက်အအုံများမရရှိနိုင်မှုနှင့် အခြားအထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)      

RCEP တွင် တောင်ကိုရီးယားပါဝင်မှုပိုမိုလိုလား

          ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၏ အလုပ်အမှုဆောင်အရာရှိ ထက်ဝက်ကျော်ခန့်သည် Regional Comprehensive Economic Partnership(RCEP) တွင် တရုတ်နိုင်ငံ၏ပါဝင်မှုထက် တောင်ကိုရီးယားနိုင်ငံပါဝင်မှုကို ပိုမိုလိုလားသည်ဟု စစ်တမ်းများအရသိရှိရကြောင်း၊ ဂျပန်နိုင်ငံ မှ စီးပွားရေးလုပ်ငန်း(၁၀၀)ခန့်၏အကြီးအကဲများအား မေးမြန်းဆောင်ရွက်ခဲ့သည့် စစ်တမ်းတွင် ၅၃.၂% က RCEP အကောင်အထည်ဖော်မှုအပေါ် အကောင်းမြင်ကြပြီး တရုတ်နိုင်ငံပါဝင်မှုအပေါ် ထောက်ခံကြသူ ၄၁.၁%ရှိကြောင်းနှင့် RCEP တောင်ကိုရီးယားနိုင်ငံ၏ ပါဝင်လာမှုအပေါ်ထောက်ခံသူ ၄၆.၄% ရှိကြောင်း၊ အထက်ပါ ၃ နိုင်ငံအနေဖြင့် မတူကွဲပြားသည့် သံတမန်မူဝါဒများနှင့် ကုန်သွယ်မှု မူဝါဒများ အသီးသီးရှိကြရာ ဂျပန်နိုင်ငံသည် RCEP သဘောတူစာချုပ်အရ တရုတ်နိုင်ငံ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်မည့် စီးပွားရေးလုပ်ငန်းများအား အကောက်ခွန်လျှော့ချပေးခြင်းနှင့် အခြားသော ကုန်သွယ်မှုဆိုင်ရာအတားအဆီးများကို ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ ပြည်တွင်းမှအစပြုကာ ကမ္ဘာ့ထောက်ပံ့ပို့‌ဆောင်မှု ကွင်းဆက်တစ်ခုလုံးကို အခိုင်အမာထိန်းသိမ်းထားလိုသည့် သဘောဆန္ဒရှိသည်ဟု သုံးသပ်ထား ကြောင်း၊ RCEPလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်တွင် တရုတ်၊ဂျပန်၊တောင်ကိုရီးယား၊ ဩစတြေးလျ၊နယူးဇီလန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံတို့ ပါဝင်ကြပြီး ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ တွင် ဂျပန်နှင့်တရုတ်နိုင်ငံတို့သည် သဘောတူစာချုပ်ကို အပြီးသတ်အတည်ပြုပြီးဖြစ်ကာ တောင်ကိုရီးယားနိုင်ငံသည် လာမည့်ဖေဖော်ဝါရီလတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိ ရပါသည်။

(ရင်းမြစ်-တိုကျိုမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)