Main menu

ကမ္ဘောဒီးယားနိုင်ငံ၌ ဒေသထွက် ဆန်စပါးမျိုးရင်းများ ထုတ်လုပ်မှုမြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်း

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံ၌ ဒေသထွက်သန့်စင်သော ဆန်စပါးမျိုးရင်းများကို တိုးမြှင့်ထုတ်လုပ် နိုင်ရန်နှင့် စောင့်ကြည့်ထိန်းကျောင်းရန်အတွက် အထူးအကြံပေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု ၂၂-၁-၂၀၂၄ နေ့တွင် ကျင်းပသော စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ အရာရှိများ၏ အစည်းအဝေးတွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

    စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ အတွင်းဝန် Yang Saing Koma က အဆိုပါအစည်းအဝေးကို ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား တာဝန်များကို ခွဲဝေဆောင်ရွက် ရန်အတွက်ဖြစ်ကြောင်း၊ အဖွဲ့အစည်းအသစ် အနေဖြင့် ကမ္ဘောဒီးယားဆန်၏ ဈေးကွက်ရှာဖွေရေး နှင့် ဈေးနှုန်းသတ်မှတ်ရေးတို့အတွက် စောင့်ကြည့်ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အဆင့် အုပ်ချုပ်မှုအာဏာပိုင်များ၊ စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနများမှ အရာထမ်းများနှင့် ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    အတွင်းဝန် Saing Koma က အထူးအကြံပေးအဖွဲ့သစ်ကို ဖွဲ့စည်းရခြင်းမှာ အချို့သော ပြည်ပဆန်စပါးမျိုးကွဲများကို ကမ္ဘောဒီးယားနိုင်ငံတွင်သာ တွေ့ရှိနိုင်မည့် ဆန်စပါးမျိုးများ၏ အမည်များဖြင့် ဈေးကွက်တင် ရောင်းချနေခြင်းကြောင့်ဖြစ်ကြောင်း၊ အချို့သော ထုပ်ပိုးထားသည့် ဆန်များတွင် ကုန်အညွှန်းဖော်ပြချက်၌ ကမ္ဘောဒီးယားဆန်များဖြစ်ကြသည့် Phka Rumduol ၊ Neang Menh နှင့် Neang Khon တို့၏ အမည်များကို ဖော်ပြထားသော်လည်း ဆန်အိတ်အတွင်း၌ ဈေးနှုန်း ပိုမိုချိုသာသော ဆန်များနှင့် ရောနှောထားသည်ကို တွေ့ရှိရကြောင်း၊ ရောင်းချသူအချို့ သည် ပိုမိုမြင့်မားသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း၊  ၄င်းအရေးကိစ္စများကို အထူးအဖွဲ့က ကိုင်တွယ်ရှင်းလင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနများအနေဖြင့် ဆန်စက်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆန်မျိုးသန့်များကို တတ်နိုင်သလောက် ကြိတ်ခွဲထုတ်လုပ်သွားရန် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။

    အဆိုပါအစည်းအဝေးတွင် ဆန်ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ သိုလှောင်မှုနှင့် ပြုပြင်ထုတ်လုပ်မှု တို့အပြင် စားနပ်ရိက္ခာဖူလုံမှုကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

    ကမ္ဘောဒီးယား စိုက်ပျိုးရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံမှ ညွှန်ကြားရေးမှူး Lor Bunna က ၂၀၂၃ ခုနှစ်ကုန်ပိုင်းအထိ အရောအနှောကင်းသည့် Phka Rumdoul စပါးမျိုးစေ့ တန်ချိန် ၂၀ ကျော်ကို ထုတ်လုပ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၄င်းက တောင်သူများ၏ စပါးရိတ်သိမ်းပြီးချိန်၌ ဈေးနှုန်းကျဆင်းခြင်းမှာ ပြဿနာတစ်ရပ်ဖြစ်ခဲ့ကြောင်း၊ တောင်သူအချို့သည် ဈေးနှုန်းချိုသာသည့် စပါးမျိုးစေ့များကို ရောနှောစိုက်ပျိုးခြင်းက အကြောင်း အရင်းဖြစ်သည်ဟု ဆန်စက်လုပ်ငန်းရှင်များက ပြောဆိုကြကြောင်း၊ ၎င်းပြဿနာကို ဖြေရှင်းရန် အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် အရောအနှောကင်းသည့် စပါးမျိုးစေ့များကိုသာ အသုံး ပြုစိုက်ပျိုးရန် တောင်သူများသို့ အားပေးတိုက်တွန်းလျက်ရှိပြီး၊ ဆန်စက်လုပ်ငန်းများနှင့်လည်း စာချုပ်များချုပ်ဆိုရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံပြောကြားခဲ့ပါသည်။

    ကမ္ဘောဒီးယား စိုက်ပျိုးရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံ အနေဖြင့် ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဩစတြေးလျနိုင်ငံနှင့်  ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆုရ စပါးမျိုးစေ့ Phka Rumduol မှ ဖော်ထုတ်ထားရှိသော ရာသီမရွေးစိုက်ပျိုးနိုင်သည့် Champei Sar 70 (CPS 70) မျိုးရင်းကဲ့သို့ ဆန်စပါးမျိုးများကို ခွဲခြားထုတ်ဖော်အသုံးပြုနိုင်ရန် စဉ်ဆက်မပြတ် အားထုတ် ကြိုးပမ်းလျက်ရှိကြောင်း Lor Bunna က ပြောကြားခဲ့ပါသည်။

     Agribee Cambodia ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်နှင့် စပါးအထူးပြုကျွမ်းကျင် ပညာရှင်ဖြစ်သူ  Yourng Pakk က ဆန်စက်များကို စစ်ဆေးမည့်သတင်းကို ကြိုဆိုပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးနိမ့်ဆန်များ ဈေးကွက်ဝင်ရောက်ခြင်းကို ကာကွယ် တားဆီးနိုင်မည်ဖြစ်ကြောင်း၊ Phka Rumdoul စပါးမျိုးစေ့တွင် အရည် အသွေးနိမ့်စပါးမျိုးစေ့များ ရောနှောခြင်းဖြစ်စဉ်သည် ပြည်တွင်းဈေးကွက် တစ်ခုတည်းတွင်သာ တွေ့ရှိရသည်မဟုတ်ဘဲ ပြည်ပတင်ပို့မှုတွင်လည်း အလားတူဖြစ်စဉ်မျိုးကြုံတွေ့ရလျက်ရှိကြောင်းနှင့် ယင်းပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးရန်လိုအပ်ကြောင်း  Yourng Pakk က ပြောကြားခဲ့ပါသည်။

Source : Phnom Penh Post