စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များမှ ကြံတောင်သူများသည် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် ကြံများကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး သက်ဆိုင်ရာဌာန၏ စာရင်းအရ ခရိုင်အတွင်း ကြံစိုက်ဧက (၁၂၀၀၀၀)ဧကခန့် ရှိကြောင်း သိရှိရသည်။
၂၀၁၆ခုနှစ်ကစပြီး သကြားဈေးမကောင်းသောကြောင့် ကြံတောင်သူများအရှုံးပေါ်ခဲ့သည့် အတွက် ယခုနှစ်တွင် ကြံစိုက်ဧက လျှော့ချခဲ့ပြီး အစားထိုးသီးနှံအဖြစ် နှမ်းသီးနှံကို စိုက်ပျိုးခဲ့ ကြောင်း၊ ယခုနှစ်တွင် သကြားစက်များမှ ကြံတစ်တန် စက်ရုံအရောက် ၆၀၀၀၀ ကျပ်ဈေးနှင့် ဝယ် ယူမည်ဟု သိရှိရပြီး တစ်ချို့တောင်သူများကို ကြိုတင်စာချုပ်၍ ဝယ်ယူနေသည်ဟုလည်း သိရှိ ရကြောင်း၊ ကြံကို ကြိတ်ချက်ပြီး သကာပိုင်းနှင့် မန္တလေးသို့တင်ပို့ရောင်းချမှုရှိသလို ကြံပင်အတိုင်း သကြားစက်များသို့ ရောင်းချသည်များလည်းရှိကြောင်း၊ ကြံဈေးကောင်းလာပါက တိုးချဲ့စိုက်ပျိုးသွားရန် အစီအစဉ်ရှိကြောင်း ကသာမြို့နယ်မှ ကြံစိုက်တောင်သူ ဦးမြင့်သိန်းထံက သိရှိရပါသည်။
ကသာခရိုင်အတွင်း သကြားစက်(၃)စက်ရှိပြီး ဒေသတွင်း ကြံစိုက်တောင်သူများအတွက် ရင်းနှီးမတည်ငွေအပါအဝင် စက်ပစ္စည်း၊ နည်းပညာများ ပံ့ပိုးပေးလျက်ရှိပါသည်။ ကြံဈေးမြှင့်တက် လာရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ကမ္ဘာ့သကြားဈေးမြှင့်တက်မှု၊ ပြည်တွင်းအချိုရည် လုပ်ငန်းနှင့် သကြားအသုံးပြုသော စက်ရုံများမှ ဝယ်လိုအားမြှင့်မားမှုနှင့် သကြား re-export တင်သွင်းမှုကန့်သတ်ချက်များကြောင့် ဖြစ်သည်ဟု သကြားစက်လုပ်ငန်းရှင်များမှ သုံးသပ်လျက်ရှိပြီး ယခုနှစ်တွင် ဂရိတ်ဝေါသကြားစက်မှ ကြံတန်ချိန် ခုနှစ်သိန်းကျော်၊ မြတောင်သားသကြားစက် မှ ကြံတန်ချိန် သုံးသောင်းကျော်နှင့် UTP သကြားစက်မှ ကြံတန်ချိန်သုံးသောင်းကျော် ဝယ်ယူရန် လျာထားကြောင်းနှင့် ခရိုင်အတွင်းရှိ ဒေသထွက်ကြံများကို ၂၀၂၁-ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် နောက်ပိုင်းမှ စတင်ဝယ်ယူသွားမည်ဟုလည်း အဆိုပါ သကြားစက်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)