Main menu

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ဩစတြေးလျနိုင်ငံ

လုပ်သားအင်အား နည်းပါးသော်လည်း သစ်သီးဝလံပန်းမန်ထုတ်လုပ်မှုထိန်းထားနိုင်ခြင်း

၁။          The Australian Bureau of Agricultural and Resource Economics and Sciences (ABARES) ၏ သုတေသနပြုချက်အရ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဩစတြေးလျ တွင် လယ်ယာလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်သူဉီးရေ  ၈% ကျဆင်းသွားသော်လည်း  သစ်သီးဝလံ ပန်းမန်ထုတ်လုပ်မှုမှ အထွက်နှုန်းမှာ တည်ငြိမ်လျှက်ရှိကြောင်း၊ ဩစတြေးလျ စိုက်ပျိုးမွေးမြူရေး ကဏ္ဍရှိအလုပ်သမားအသုံးပြုမှုစစ်တမ်းရလဒ်အရ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ တိုးတက် ကောင်းမွန်လာပြီး လယ်ယာအဆင့်လိုက်လျောညီထွေရှိမှုသည် ကိုဗစ် ၁၉ ကာလအတွင်း နိုင်ငံ ရပ်ခြားလုပ်သားရရှိမှု လျော့ကျသွားခြင်းကို တန်ပြန်ဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရကြောင်း၊ ကိုဗစ်၁၉  ကူးစက်ရောဂါကြောင့် နိုင်ငံတကာ ဝင်/ထွက်ပေါက်များပိတ်ပစ်ခြင်းက ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးလုပ်သားထုတ်လုပ်မှုအပေါ်သက်ရောက်ခြင်းကို သစ်သီးဝလံပန်းမန်ကဏ္ဍ က တိုက်ရိုက်ခံစားရလျှက်ရှိကြောင်း၊ရာသီအလိုက် အလုပ်အားလပ်ရက် အလုပ်လုပ်ကိုင်သူနည်းပါးခြင်းကြောင့် ၂၀၁၉-၂၀၂၀ မှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း  စိုက်ခင်းများတွင်အသုံးပြုသည့် အလုပ်သမားဉီးရေ (၁၁၁၀၀)ကျဆင်းသွားခဲ့သော်လည်း ရာသီအလိုက် ရာသီဥတုအခြေအနေတိုးတက် ကောင်းမွန်မှုကြောင့်သစ်သီးဝလံပန်းမန်စိုက်ခင်းအထွက်နှုန်းတည်ငြိမ်လျှက်ရှိနေမည်ဟုခန့်မှန်း ထားကြောင်း၊ လက်ရှိ လုပ်သားအင်အား၏အလုပ်ချိန်တိုးမြှင့်ခြင်း၊ထုတ်လုပ်မှုစနစ်များ ပြောင်းလဲ ကျင့်သုံးခြင်းနှင့်ဩစတြေးလျတွင်ရောက်ရှိလျှက်ရှိသောနိုင်ငံခြားသားများကဝင်ရောက်လုပ်ကိုင် ခြင်းတို့က လုပ်ငန်းကဏ္ဍ၏ထုတ်လုပ်မှုကို အရှိန်မပျက်စေခြင်းဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် ကာလအတွင်း ကန်ထရိုက်ဝန်ထမ်းများအပါအဝင် ပျမ်းမျှအလုပ်သမား ၁၃၅၁၀၀ ခန့်ကို အသုံး ပြုလျှက်ရှိကြောင်း၊စုစုပေါင်းလယ်ယာလုပ်သားအသုံးပြုမှုမှာ ဆောင်းရာသီနှင့် နွေဉီးအစောပိုင်း တွင် အနိမ့်ဆုံးအလုပ်သမား ၁၂၆၀၀၀ ဝန်းကျင်မှ  နွေရာသီနှင့်ဆောင်းဉီးအစောပိုင်းတွင် အများ ဆုံး ၁၄၆၃၀၀ အထိအသုံးပြုလျှက်ရှိကြောင်း၊ ဩစတြေးလျအစိုးရအနေဖြင့် ကိုဗစ်၁၉ ကာလအတွင်း နိုင်ငံတွင်းထုတ်လုပ်မှုကဏ္ဍအသီးသီး၏ လုပ်သားအင်အားပြတ်လပ်မှုကို ဖြေရှင်း‌ နိုင်ရန်အတွက်  ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးဗီဇာ အစီအစဉ်အသစ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ အကောင်အထည်ဖော်ဆောင်လျှက်ရှိကြောင်းသိရှိရပါသည်။

 

ဩစတြေးလျပို့ကုန်ကဏ္ဍ ကြံ့ကြံ့ခံရပ်တည်လျှက်ရှိခြင်း

၂။           ဩစတြေးလျစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ပို့ကုန်ဈေးကွက် ချဲ့ထွင်ရန်ရှာဖွေခြင်းဖြင့် အစိုးရ၏ ကုန်သွယ်မှုစုံလင်ကွဲပြားခြင်းအစီအစဉ် The  Government’s trade diversification program) ကို တုံ့ပြန်‌ဆောင်ရွက်ခဲ့သည်ဟု ကုန်သွယ်ရေး၊ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း၊ ၂၀၂၁ ခုနှစ် ဩစတြေးလျ နိုင်ငံတကာ စီးပွားရေးစစ်တမ်း(Australian’s 2021 International Business Survey)အရ ဩစတြေးလျ  ပို့ကုန်လုပ်ငန်းရှင်များသည် ရရှိပြီးသား ဈေးကွက်များကိုသာမက လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များကို ဉီးတည်လုပ်ဆောင်နေ သည့် အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားအပါအဝင် ဈေးကွက်အသစ်များကို ပစ်မှတ်ထားရန် ကြိုးပမ်းလျှက်ရှိကြောင်း၊အဆိုပါဝန်ကြီးဌာန ဝန်ကြီးက အစိုးရသည် ကုန်သွယ်ဖြေလျှော့မှုများဆောင်ရွက် ပေးပြီး  လယ်ယာစီးပွားရေးချဲ့ထွင်မှုတွင် ဒေါ်လာ ၇၂.၇ သန်း ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုန်သွယ်မှု ကွဲပြား ခြင်းကို ပံ့ပိုးရန်လုပ်ဆောင်နေကြောင်း၊ အစိုးရ၏ Agrobusiness Expansion Initiative အစီအစဉ်အရ  ပို့ကုန်တင်ပို့သူများသည်၎င်းတို့၏ပို့ကုန်များကိုဈေးကွက်ချဲ့ထွင်ပြီးကွဲပြားစုံလင်စွာတင်ပို့နိုင်ရေးအတွက် လယ်ယာစီးပွား‌ရေးလုပ်ငန်း ၅၀၀၀ ကျော်ကို ပံ့ပိုးပေးထားပြီးဖြစ်ကြောင်း၊ ဩစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များသည် တက်ကြွပြီးဆန်းသစ်တီထွင်သောလုပ်ငန်းရှင်များဖြစ်ပြီး ၎င်းတို့၏လုပ်ငန်းများသည် ပြည်တွင်းအလုပ်အကိုင်များနှင့်စီးပွားရေးတိုးတက်မှုကိုသိသာထင်ရှားစွာအထောက်အကူပြုလျှက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်စစ်တမ်းတွင်  အစိုးရ၏ ကိုဗစ် ၁၉ အရေးပေါ်တုံ့ပြန်မှုအစီအမံများ မည်မျှအရေးပါသည်ကို မီးမောင်းထိုးပြထားပြီး အစိုးရ၏ နိုင်ငံတကာကုန်စည်ပို့ဆောင်မှုအကူအညီယန္တရားသည် ဩစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံတကာခရီးစဉ် ၆၀ ခုနီးပါးကြားတွင် လေကြောင်းချိတ်ဆက်မှုကို ထိန်း သိမ်းထားနိုင်ခဲ့ရာ ထုတ်လုပ်သူများသည် ကိုဗစ် ၁၉ ဆိုင်ရာ အနှောက်အယှက်များကြုံရချိန်တွင် ၎င်း တို့၏ နိုင်ငံတကာဖောက်သည်များထံ ဆက်လက်ရောက်ရှိနိုင်ကြောင်းကို သေချာမှုရှိစေကြောင်း သိရှိရ ပါသည်။

(ရင်းမြစ်- ကင်ဘာရာမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ထိုင်းနိုင်ငံ

နှစ်ကုန်ပိုင်းအမှာစာများအားမျှော်လင့်နေသည့် ပြည်ပတင်ပို့သူများ

၃။          ၂၀၂၁ ခုနှစ်၊နှစ်ကုန်ပိုင်းပွဲတော်များအတောအတွင်း ပြည်ပမှကုန်ပစ္စည်းမှာယူမှုများ ပိုမိုများပြား လာကာ ပို့ကုန်တင်ပို့မှုတန်ဖိုးအနေဖြင့် ယခုနှစ်အတွက် ၁၅ % မှ ၁၆ % တိုးတက်ရန်နှင့် အမေရိကန် ဒေါ်လာ(၂၆၆-၂၆၈)ဘီလီယံရရှိရန် မျှော်လင့်လျှက်ရှိသည်ဟု ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း (FTI) ကပြော ကြားခဲ့ကြောင်း၊ ပို့ကုန်တင်ပို့မှုအတွက် အလားအလာကောင်းဖြစ်သည့် ခရစ်စမတ်နှင့် နှစ်သစ် ကူးပွဲတော်များ နီးကပ်လာသည်နှင့်အမျှ ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် ကုန်ပစ္စည်းများကို ပိုမိုဝယ်ယူ လေ့ရှိသည်ဟု FTI  ဒုတိယဥက္ကဋ္ဌ၏ ပြောကြားချက်အရသိရှိရကြောင်း၊ နှစ်ကုန်ပိုင်းနောက်ဆုံးလသည် ဈေးဝယ်ရာသီဖြစ်ပြီး ထုတ်ကုန်များ၏ ဝယ်လိုအားကိုမြှင့်တင်ပေးကြောင်း၊ လူအများအနေဖြင့် ပြည်ပ နိုင်ငံများမှ လက်ဆောင်ပစ္စည်းများဝယ်ယူခြင်းကို နှစ်သက်လေ့ရှိကြကြောင်း၊ ကမ္ဘာ့စီးပွား‌ရေး ပြန်လည် နာလန်ထူလာမှုကြောင့် ပို့ကုန်တင်ပို့မှုအနေဖြင့်၂၀၂၁ ခုနှစ်တွင်  ၁၂% -၁၄ % တိုးတက်လာနိုင်သည်ဟု ကူးသန်းရောင်းဝယ်‌ရေး စက်မှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အမြဲတမ်းပူးတွဲ‌ကော်မတီ(JSCCIB)အဖွဲ့ဝင်နှင့်  ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌက ‌ပြောကြားခဲ့ကြောင်း၊ပို့ကုန်တင်ပို့မှုအလားအလာကောင်းများကို မျှော်လင့်လျှက်ရှိနေသော်လည်း ကွန်တိန်နာမလုံလောက်မှုနှင့် သယ်ယူပို့ဆောင်ခနှုန်း မြင့်တက်မှုတို့က  ပြည်ပတင်ပို့သည့်လုပ်ငန်းရှင်များကို ထိခိုက်စေသည့် ပြဿနာများအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ် ကြောင်း၊ ကုန်စည်ပို့ဆောင်ခနှုန်းအနေဖြင့် ပေ(၄၀)ကွန်တိန်နာတစ်လုံးအတွက် အမေရိကန်ဒေါ်လာ (၅၀၀၀)မှ(၁၅၀၀၀)အထိတိုးမြင့်လာကြောင်း၊ကုန်စည်ပို့ဆောင်နိုင်မှုအပိုင်းတွင် အကန့်အသတ်ဖြင့်ရှိနေ သော်လည်း ကမ္ဘာလုံးဆိုင်ရာပို့ဆောင်ရေးလိုအပ်ချက် မြင့်မားမှုကြောင့် ကုန်စည်ပို့‌ဆောင်ခနှုန်းများမှာ ဆက်လက်မြင့်မားနေကြောင်း၊ပြည်ပပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သယ်ယူပို့‌ဆောင်ရေးကုန်ကျစရိတ် မြင့်မားမှုကြောင့် ကုန်ပစ္စည်းဝယ်ယူမှုနှင့် ဖြန့်ဖြူးမှုများတွင် နှောင့်နှေးမည်ကိုစိုးရိမ်လျှက်ရှိကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်ငံ

၂၀၂၂ ခုနှစ်၊ နှစ်ဆန်းမှစ၍ အသက်ဝင်လာတော့မည့်  တရုတ်- ကမ္ဘောဒီးယား FTA

၄။          တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသည့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်မှာ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှစတင်အသက်ဝင်တော့မည်ဖြစ်ပြီး အဆိုပါသဘောတူညီချက်ကို  ယခင်နှစ် အောက်တိုဘာလ(၁၂)ရက်နေ့တွင် တရားဝင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊နှစ်နိုင်ငံအကြားကုန်သွယ်မှုပြုနေသည့်ကုန်စည်များ၏ ၉၀ % ကျော်ကို အခွန် နှုန်း သုည သို့ လျှော့ချထားကြောင်း၊ ကုန်စည်ကုန်သွယ်ရေးအပြင် ဝန်ဆောင်မှုကုန်သွယ်‌ရေးကဏ္ဍများ ကိုလည်း တတ်နိုင်သမျှ တံခါးဖွင့်ပေးသွားမည်ဟု သဘောတူညီချက်တွင်ဖော်ပြထားကြောင်း၊၎င်းအပြင် ရင်းနှီးမြှုပ်နှံမှု၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ၊ e-commerce နှင့် စီးပွားရေးနှင့်နည်းပညာဆိုင်ရာကဏ္ဍ များတွင်လည်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုပြုလုပ်သွားရန် နှစ်ဖက်နိုင်ငံများက သဘောတူညီထားကြ ကြောင်း၊ လွတ်လပ်သည့် ကုန်သွယ်‌ရေးသဘောတူညီချက်မှာ နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွွယ် ဆက်ဆံရေးတွင်  သမိုင်းမှတ်တိုင်သစ်များဖြစ်ကြောင်း၊ နှစ်နိုင်ငံလုပ်ငန်းများနှင့် ပြည်သူများ ပိုမိုကြွယ်ဝ ချမ်းသာစေရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နန်နင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)