Main menu

မြန်မာနှမ်း အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းစေရန် စိုက်ပျိုးထုတ်လုပ်ပုံအဆင့်ဆင့်အားလေ့လာတင်ပြခြင်း

Powered by Drupal
Thu, 09/14/2023 - 15:46 -- consumer_admin

    မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအများအပြားရှိသည့်အနက် နှမ်းသီးနှံသည်လည်းအပါအဝင်ဖြစ်ပါသည်။ နှမ်းသီးနှံ၏မူရင်းဒေသမှာ အာရှတိုက်နှင့် အာဖရိကတိုက် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင် စတင်စိုက်ပျိုးကြောင်းသိရပါသည်။ မြန်မာနိုင်ငံတွင် နှမ်းသီးနှံကို ရှေးမြန်မာမင်းများလက်ထက် ပုဂံခေတ်နောက်ပိုင်းကာလများတွင် စတင်စိုက်ပျိုးကြောင်းသိရပါသည်။ နှမ်းဆီကို ဟင်းချက်ရာတွင်လည်းကောင်း၊ ဆေးအဖြစ်လည်းကောင်း၊ ဆီမီးပူဇော်ရန်အတွက်လည်းကောင်း၊ မုန့်မျိုးစုံပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ နှမ်းနက်ကို ပြည်ပသို့တင်ပို့ရန်အတွက် အထောက်အကူပြုသည့် ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။

နှမ်းသီးနှံစတင်စိုက်ပျိုးရာဒေသ

   နှမ်းကိုအဓိကထားစိုက်ပျိုးသောနိုင်ငံမှာ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုချိုင်းနား၊ ဂျပန်၊ တူရကီ၊ ရုရှား၊ ဘရာဇီးလ်၊ အာဂျင်တီးနားနိုင်ငံတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှမ်းကိုဆီထွက်သီးနှံအဖြစ် စိုက်ပျိုးကြပြီး အထက်မြန်မာပြည်တွင် မကွေး၊ မြင်းခြံ၊ စစ်ကိုင်းတိုင်းနှင့် အောက်ချင်းတွင်းဒေသများတွင် အမြောက်အမြားစိုက်ပျိုးကြပြီး ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင်လည်းစိုက်ပျိုးကြောင်းသိရပါသည်။ ယခုနှစ်ဖြစ်သော ၂၀၂၃ခုနှစ်၊ မိုးနှမ်းရာသီချိန်တွင် ပြည်ခရိုင်အနေဖြင့် (၆၆၃၇၁)ဧကဖြစ်၍ ပေါက်ခေါင်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြောင်းသိရပြီး စိုက်ဧကမှာ (၃၉၁၆၄)ဧကစိုက်ပျိုးသဖြင့် ပြည်ခရိုင်၊ မိုးနှမ်းစိုက်ဧကများ၏  ထက်ဝက်ကျော်ခန့်မှာ ပေါက်ခေါင်းမြို့၏ စိုက်ဧကဖြစ်ပါသည်။ စိုက်ပျိုးသည့်မျိုးအနေဖြင့် နှမ်းနက်မျိုးကို အများဆုံးစိုက်ပျိုးကြောင်းသိရပါသည်။

နှမ်းအမျိုးအစားနှင့် အရွယ်အစားသက်တမ်းကာလ

  နှမ်း၏အရောင်မှာ မျိုးကိုလိုက်၍ အနက်၊ အဖြူ၊ အညို၊ အနီနှင့် အဝါဟူ၍ ကွဲပြားပါသည်။ အနံ့မှာ ထူးခြားစွာမွှေးကြိုင်ပြီး အရသာမှာ အနည်းငယ်ခါးသက်သောအရသာရှိပါသည်။ အစေ့မှာ သေးငယ်၍ ပြားပြီး ဘဲဥပုံသဏ္ဍာန်ရှိကာ အချင်း (၁.၅)စင်တီမီတာခန့်ရှိပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသောနှမ်းကို စိုက်ပျိုးရာသီအရ မိုးနှမ်းကို (နှမ်းလျှင်) နှင့် ဆောင်းနှမ်းကို (နှမ်းကြီး)ဟူ၍ နှစ်မျိုးရှိပါသည်။ နှမ်းပင်၏အမြင့်မှာ ၃ပေခွဲမှ ၄ပေခွဲအထိသာမြင့်ပြီး နှမ်းလျှင်မှာ နှမ်းကြီးထက် အသက်ငယ်ပြီး နှမ်းလျှင်၏အသက်မှာ ရက်ပေါင်း (၇၀)မှ (၁၀၀)အထိရှိပြီး နှမ်းကြီး၏အသက်မှာ (၁၂၀)ကျော်ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် နှမ်းနီနှင့်နှမ်းနက် (၂)မျိုးသာရှိပြီး နှမ်းနက်ကိုအများဆုံး စိုက်ပျိုးကြပါသည်။

နှမ်းသီးနှံစိုက်ပျိုးချိန်

    နှမ်းစိုက်ပျိုးရာတွင် ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်ပြီး အပူချိန် (၇၀)ဒီဂရီဖာရင်ဟိုက်ထက်ကျော်လွန်ရန်လိုအပ်ပါသည်။ လိုအပ်သောမိုးရေချိန်မှာ (၂၀)လက်မအောက်မကျသောဒေများတွင် စိုက်ပျိုးနိုင်ပြီး ရာသီဥတုပူလွန်းပြီး မိုးများလွန်းလျှင် ပျက်စီးလွယ်ပါသည်။ နှမ်းလျှင်ကို နေရောင်ခြည်ရရှိချိန်ရှည်သော မိုးရာသီအချိန် မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးပြီး နှမ်းကြီးကို နေရောင်ခြည်ရရှိချိန် နေ့တာတိုသောဆောင်းရာသီဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြပါသည်။ ရှေးလူကြီးများသည် နှမ်းစိုက်ပျိုးချိန်ကို မှတ်သားရလွယ်ကူစေရန်အတွက် စာတိုလေးတစ်ခုထားရှိပြီး မိုးနှမ်းစိုက်ပျိုးချိန်ကို " ဝါကဆုန် နှမ်းနယုန်" ဟူ၍လည်းကောင်း၊ ဆောင်းနှမ်းနှင့်ပတ်သက်၍ " ဖျောက်ဆိပ်ကြည်လွဲ နှမ်းကြီးကြဲ" ဟူ၍လည်းကောင်း အဆိုရှိကြပါသည်။ နှမ်းပင်သည် မိုးခေါင်ရေရှားရပ်ဝန်းတွင် ဖြစ်ထွန်းသောသီးနှံဖြစ်ပြီး နှမ်းပင်စိုက်ပျိုးရန် အကောင်းဆုံးမြေသည် ပူရွ၍ ရေဆင်းကောင်းပြီး အာဟာရဓာတ်ပြည့်ဝသည့် သဲနုန်းမြေတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ စနယ်မြေများတွင် ကောင်းစွာဖြစ်ထွန်းမှုမရှိဘဲ မြေစေး၌စိုက်ပျိုးပါက ရေဝပ်တတ်သဖြင့် ရေထုတ်ပေးရပါသည်။ မြေပွရွနေစေရန်အလို့ငှာ သဲနှင့်မြေဆွေး၊ နွားချေးဆွေး စသည်တို့ကို ထည့်သွင်းထွန်ယက်ပေးရပြီး မြေအချည်ဓာတ်လွန်ကဲနေပါက ထုံးထည့်ပေးရန်လိုအပ်ပါသည်။

နှမ်းသီးနှံစိုက်ပျိုးခြင်း

  နှမ်းသီးနှံစိုက်ပျိုးရန်အတွက် ထယ်ရေးတစ်စပ်ဝင်ထားပြီးနောက် မိုးဦးကျလာသည်နှင့်တစ်ပြိုင်နက် မြေမှုန့်ညက်သည့်တိုင်အောင် ထွန်ရေးနက်နက်နှင့် ညက်ညောစွာပြုပြင်ပေးရပါသည်။ နှမ်းကို စိုက်ပျိုးမည့်မြေတွင် သွင်းအားစုများနှင့် နွားချေးဆွေးထည့်ပေးရပါသည်။ နှမ်းသီးနှံစိုက်ပျိုးရာတွင် မျိုးစေ့ချသောနည်းမှာ စိုက်ကြောင်းဆွဲထားသော စိုက်ကြောင်းထဲသို့ မျိုးစေ့များချပြီး ကျမ်းတုံးရိုက်၍ မြေပြန်လည်ဖုံးပေးရပါသည်။ နှမ်းပင်စိုက်ပျိုးရာတွင် အပင်ပေါက်ညီညာစေရန် နှမ်းစေ့များကို သဲခြောက်လေးဆ (သို့) ငါးဆနှင့် သမအောင်ရောနှော၍ လက်ကိုင်အရှည်တပ်ထားပြီး အပေါက်ဖောက်ထားသော ဘူး(သို့)ခွက်ထဲသို့ထည့်ကာ ကြောင်းတစ်လျှောက်၌ မျိုးစေ့များချပေးနိုင်ပါသည်။ နှမ်းတစ်ဧကစိုက်ပျိုးလျှင် မျိုးစေ့ (၂)ပြည် (သို့) (၃)ပြည်ခန့်လိုအပ်ပါသည်။ ၎င်းနောက် နှမ်းပင်များစိုက်ပျိုးပြီး (၆)ရက်အကြာတွင် အပင်ငယ်များပေါက်လာကြပါသည်။ (၁၆)ရက်အကြာတွင် လေးသွားထွန်ကိုသုံး၍ ကန့်လန့်ဖြတ်တိုက်ဆွဲပြီး အပင်ငယ်များကိုမှုန်းပေးရပါသည်။ အပင်များမှုန်းပြီး (၅)ရက် (သို့) (၆)ရက်အကြာတွင် ပေါင်းထိုး၊ မြေဆွခြင်းများပြုလုပ်ပေးရပါသည်။ နှမ်းပင်ထူထပ်သော နေရာများ၌ မသန်စွမ်းသောအပင်များကိုနှုတ်ပေးရပါသည်။ သို့မှသာ နှမ်းပင်များသန်စွမ်းလာ မည်ဖြစ်ပြီး ကြားပေါင်း(၃)ကြိမ်ခန့် လိုက်ပေးသောအခါ ပေါင်းမြက်များကင်းစင်မည်ဖြစ်ပါသည်။

နှမ်းပင်ရိတ်သိမ်းခြင်းနှင့် ကုန်ကျစရိတ်

  နှမ်းပင်များရိတ်သိမ်းရာတွင် မိုးနှမ်းကို ဩဂုတ်လမှ အောက်တိုဘာလကုန်တွင်လည်းကောင်း၊ ဆောင်းနှမ်းကို ဖေဖော်ဝါရီလနှင့် မတ်လကုန်တွင်လည်းကောင်း နှုတ်သိမ်းကြပါသည်။ နှမ်းပင်သည် (၁)လ (သို့မဟုတ်) ရက်(၄၀)ခန့်ရှိလျှင် ပန်းများစတင်ပွင့်ပြီး တစ်လခန့် ဆက်တိုက်နေ့စဉ်ပွင့်ပါသည်။ အပွင့်ပွင့်ရပ်ပြီး (၁၅)ရက်မှ ရက်(၂၀)ရှိလျှင် အရွက်သာလျှင်မက ပင်စည်ပါ ဝါလာသဖြင့် ယခုကဲ့သို့အချိန်တွင် နှမ်းပင်ရိတ်သိမ်းရန် သင့်တော်သောအချိန်ဖြစ်ပြီး ရိတ်သိမ်းချိန်နောက်ကျပါက နှမ်းစေ့များပေါက်ကွဲပြီး အလေအလွင့်ပျက်စီးဆုံးရှုံးမှုများတတ်ပါသည်။ နှမ်းသီးနှံသည် အခြားသီးနှံများကဲ့သို့ အတိမ်းအစောင်းမခံဘဲ ပျက်ဆီးဆုံးရှုံးလွယ်သောသီးနှံဖြစ်ပါလျက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူများကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနေကြခြင်းမှာ နှမ်းဈေးများကောင်းခြင်း၊ နှမ်းဆီများဈေးကောင်းရခြင်း၊ လွယ်ကူစွာစိုက်ပျိုးနိုင်ခြင်း၊ ငွေရမြန်ခြင်း၊ သီးထက်/ သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နှမ်းတစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၃၈၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်းမှာ (၁၀)တင်းကျော်ခန့်ထွက်ရှိကြောင်းသိရပါသည်။

နှမ်းသီးနှံ စားသုံးခြင်းနှင့်အသုံးပြုပုံ

   နှမ်းသီးနှံကို သူ့ချည်းအတိုင်း မုန့်များထဲတွင် ထည့်၍စားသုံးကြသကဲ့သို့ လက်ဖက်သုပ်နှင့် အသုပ်မျိုးစုံတို့သုပ်ရာတွင်လည်း ထည့်သွင်း၍အသုံးပြုကြပါသည်။ နှမ်းဆီကို (၂)မျိုးခွဲခြားထားပြီး အဆင့်အတန်းမြင့်သောနှမ်းဆီကို ဟင်းလျာများချက်ပြုတ်ခြင်းနှင့် နှမ်းဆီအစစ်ကို တိုင်းရင်ဆေး များဖော်စပ်ရာတွင်လည်းအသုံးပြုကြပါသည်။ နှမ်း၏အရသာမှာ ခါးသက်သောအရသာရှိ၍ နှမ်းဆီစစ်စစ်ဆိုလျှင် အနည်းငယ်ခါးသက်သောအရသာရှိပါသည်။ အဆင့်အတန်းနိမ့်သောနှမ်းဆီကို ဆပ်ပြာချက်ရာတွင်လည်းကောင်း၊ ခေါင်းလိမ်းဆီမွှေးနှင့် အိမ်သုတ်ဆေးအမျိုးမျိုးပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ နှမ်းသီးနှံတစ်တင်းလျှင် (၅၄)ပေါင်ရှိပြီး ဆီကြိတ်လျှင် (၆)ပိဿာခန့်ထွက်ရှိပါသည်။ နှမ်းစေ့ကို အခွံချွတ်၍ ဆီကြိတ်လျှင် ဆီအရောင်ပိုကြည်၍ ခါးသက်သောအရသာလျော့သွားပါသည်။ နှမ်းဆီကြိတ်ဖတ်များကို တိရိစ္ဆာန်အစားအစာအဖြစ်လည်းကောင်း၊ သဘာဝမြေဩဇာများအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။ ပြည်ခရိုင်အနေဖြင့် နှမ်းဆီစားသုံးမှုနည်းသော်လည်း အခြားမုန့်ပဲသားရေစာများတွင် ထည့်သွင်း၍လည်းအသုံးပြုကြပါသည်။

နှမ်းသီးနှံသိုလှောင်ထိန်းသိမ်းခြင်း

   နှမ်းသီးနှံသိုလှောင်ထိန်းသိမ်းရာတွင် ၎င်းကိုအခြောက်ခံ၍ တစ်တင်းခွဲဝင် ပီနန်အိတ်များတွင် ထည့်သွင်း၍စုပုံသိုလှောင်ကြပါသည်။ ထိုသို့ အိတ်များအတွင်းထည့်၍ သိုလှောင်ရာ၌ ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရန် ပိုးသတ်ဆေးများ၊ ဆေးပြားများထည့်၍သုံးစွဲပြီး နေအိမ်၊ သိုလှောင်ရုံများတွင် သိုလှောင်ထိန်းသိမ်းတတ်ကြပါသည်။ တောအရပ်ဒေသများတွင် စပါးကြည်များ၊ စပါးပုတ်များအတွင်းထည့်သွင်း၍ သိုလှောင်ကြပါသည်။

     ထို့အတွက် ဒေသတွင်းဆီဖူလှုံမှုရှိစေရန် ပိုလျှံသည့်နှမ်းကိုပါ ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အရည်သွေးကောင်းပြီး ဆီထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်တို့ကိုရွေးချယ်၍ စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်ပဝင်ငွေများရရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)