ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်တွင် ချင်းဈေးများမြင့်တက်လာ

      ချင်းကို လူအများက ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည့်အပြင် ဓားလှီးချင်းကို ချင်းသုပ်သုပ်၍လည်းစားသုံးကြပါသည်။ အသားဟင်းများချက်ရာတွင်လည်း ချင်းသည် မပါမဖြစ် အသုံးဝင်သော မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ချင်းထွက်ရှိမှုမရှိဘဲ ချင်းထွက်ရှိရာဒေသဖြစ်သော အောင်ပန်းမှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ၂၀၂၄ခုနှစ်၊ ဧပြီလ တတိယပတ်မှစ၍ ချင်းဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ မေလ ပထမပတ်တွင် ချင်းဈေးနှုန်းမှာ လက်ကားဈေးတစ်ပိဿာလျှင် (၈၀၀၀-၁၀၀၀၀) ကျပ်ရှိပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၀၀၀၀-၁၂၀၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ ယခုအပတ်တွင် ပိဿာချိန် ၂၀၀ခန့်အရောင်းအဝယ်ဖြစ်ပြီး ယခင်ကာလများထက် အရောင်းအဝယ်ပိုဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်နံနံပင်ဈေးကွက်ဈေးနှုန်းမြင့်တက်

      ပြည်ဈေးကွက်အတွင်း ယခုကာလတွင် နံနံပင်ဈေးနှုန်းများမြင့်တက်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ရွှေတောင်မြို့နယ်၊ ဝက်ထီးကန်မြို့နယ်တို့၌ ဝင်ရောက်လျက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုအပူချိန်မြင့်မားသည့်အတွက် နံနံပင်များအထွက်နည်းသွားသဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းမှာ နံနံပင်တစ်ပိဿာလျှင် ကျပ်၅၀၀၀မှ ကျပ်၆၀၀၀ခန့်အထိရှိခဲ့ရာမှ ယခုမေလ ပထမပတ်တွင် ကျပ်၁၃၀၀၀မှ ကျပ်၁၆၀၀၀အထိမြင့်တက်သွားပြီး ယခင်အချိန်က (၁၀)တစ်စည်းလျှင် ကျပ်၅၀မှ ကျပ်၁၀၀အထိရှိခဲ့ကာ ယခုအချိန်တွင် (၂)ပင်စည်း/ (၃)ပင်စည်းပါ တစ်စည်းလျှင် ကျပ်၂၀၀ဖြင့် အနည်းဆုံးရောင်းချနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဈေးကွက်ရှာဖွေချိတ်ဆက်ပေး

       နိုင်ငံတော်အနေဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်ပြီး အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေး လုပ်ငန်းရှင်များအား လုပ်ငန်းပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း MSMEs ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

       ပြည်ခရိုင်၊ ပြည်မြို့၊ မှော်ဇာကျေးရွာမှ ကမ္ဘာဦးသဘာဝဓာတ်မြေဩဇာထုတ်လုပ်သည့် လုပ်ငန်းမှာလည်း နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေမှ ချေးငွေများထုတ်ချေးပြီး လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာဦးသဘာဝဓာတ်မြေဩဇာလုပ်ငန်းအား ဈေးကွက်ရှာဖွေနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရာသီအလိုက် ဟင်းသီးဟင်းရွက်များစိုက်ပျိုးပြီး တိုင်းတွင်းနှင့် အခြားတိုင်းဖြစ်သော ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ရောင်းချလျက်ရှိသော ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့မှ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများနှင့် (၃-၅-၂၀၂၄) ရက်နေ့တွင် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါသည်။

        ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမှ တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက်များကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး မိုးဦးကာလတွင် ခဝဲ၊ ပြောင်း၊ ငရုတ်သီး (ကျောက်စိမ်း)၊ မြင်းခွာ၊ ကျောက်ဖရုံ၊ ရွှေဖရုံ၊ ခရမ်းကျွတ်သီး၊ ခရမ်းပြုတ်သီး၊ ခရမ်းသီး၊ ပဲသီး၊ ကြောင်လျှာသီး စသည့် ဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးကြပြီး ဆောင်းကာလတွင် နိုကိုဥ၊ ဂေါ်ဖီ၊ ဂေါ်ဖီထုပ်များကို အများဆုံးစိုက်ပျိုးကြသည့်အတွက်  ဟင်းသီးဟင်းရွက်များ အများအပြားထွက်ရှိရာ ၎င်းတို့ကို ဒေသတွင်းရောင်းချသည့်အပြင်  ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေး၊ ဒညင်းကုန်းဈေး၊ ထောက်ကြန့်၊ တိုက်ကြီးနှင့် ဥက္ကံမြို့များသို့ သီးနှံလှိုင်ချိန်တွင် နေ့စဉ် တန်ချိန် ၁၀၀၀၀ခန့်ပါဝင်သော (၁၂)ဘီးကား (၄)စီးခန့်တင်ပို့နိုင်သည့်အပြင် ပြည်နှင့် ပေါက်ခေါင်းမြို့နယ်များသို့ ကုန်ချိန် (၉၀၀ - ၁၀၀၀) ခန့်ပါသော Light Truck ကား(၃)စီးခန့်တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

     တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအား စားသုံးသူအတွက် ကျန်းမာရေးနှင့်ညီညွတ်သော စိုက်ပျိုးရေးထုတ်ကုန်သီးနှံများဖြစ်ရေးနှင့် MSMEs ထုတ်ကုန်ဖြစ်သည့် သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေပြီး Win - Win ဖြစ်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာဦးသဘာဝဓာတ်မြေဩဇာလုပ်ငန်းမှ ဦးနေဦးကလည်း သဘာဝဓာတ်မြေဩဇာထုတ်လုပ်ပုံနှင့် သုံးစွဲပုံနည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တောင်သူများအား စမ်းသပ်အသုံးပြုနိုင်ရန် လက်ဆောင်အဖြစ် ကမ္ဘာဦး သဘာဝဓာတ်မြေဩဇာများကို ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ” ( ၂၉.၄.၂၀၂၄ မှ ၄.၅.၂၀၂၄ )

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၂၉.၄.၂၀၂၄)ရက်နေ့မှ (၄.၅.၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ(၁၉)ခုနှင့် စားအုန်းဆီတန်ချိန် (၃၂၄၁.၄၉၃)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်မြို့၏ ခရမ်းချဉ်သီးဈေးကွက်

       ယခုကဲ့သို့ ပူပြင်းလှသော နွေရာသီ ၂၀၂၄ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ ခရမ်းချဉ်သီးများရှားပါးလျက်ရှိပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ရှမ်းခရမ်းချဉ်သီးများကို မကွေးနှင့် ကျောက်ပန်းတောင်းတို့မှ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ယခင်ဧပြီလ လဆန်းပိုင်းတွင် ရှမ်းခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၅၀၀)ခန့်ဖြင့်ရောင်းချလျက်ရှိပြီး မေလ ပထမပတ်တွင် ရှမ်းသီးတစ်ပိဿာလျှင် (၂၃၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရသည်။

DOCA(ပဲခူး)

ပြည်မုန်လာဥဖြူ ဈေးကောင်းရလျက်ရှိ

      ပြည်ဈေးကွက်အတွင်း ယခုနွေရာသီကာလတွင် ရေသွင်းစိုက်ပျိုးသည့် မုန်လာဥဖြူများ ဈေးကောင်းရလျက်ရှိပြီး ပြည်မြို့ပေါ်ရှိ လက်လီဈေးများသို့ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ မှုတ်ရှည်၊ ကင်ပွန်းခြုံ စသည့်ရွာများမှ ဝင်ရောက်မှုရှိနေကြောင်းသိရသည်။ တစ်ပတ်လျှင် ရက်ခြားအဝင်ရှိနေပြီး တစ်ကြိမ်ဝင်လျှင် (၅)လုံးပါအတွဲစည်း (၆၀ - ၇၀)ခန့်ဝင်ရောက်မှုရှိနေသည်။ အရောင်းအဝယ်မှာ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး ယခင်ဆောင်းတွင်းကာလ မုန်လာဥဖြူ ဈေးနှုန်းမှာ (၅)လုံးပါ အတွဲတစ်စည်းလျှင် (၂၅၀ - ၃၀၀)ခန့်ရှိပြီး ယခု၂၀၂၄ခုနှစ်၊ ဧပြီလမှ မေလ ပထမပတ်အတွင်း ရှားပါးချိန် နွေရာသီကာလတွင် (၅)လုံးပါ အတွဲတစ်စည်းလျှင် အလုံးအကြီးအသေးပေါ် မူတည်၍ ကျပ် (၅၀၀ - ၆၀၀) ခန့် စသည့်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက် ဘူးသီးများ ယခုအချိန်တွင် ဈေးများမြင့်တက်လာ

       ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဝါးလည်ကျေးရွာတွင် ဘူးသီး (မလက်တို) မျိုးကို စိုက်ပျိုးထားရှိကြောင်းသိရှိရသဖြင့် ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၄-၅-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုသိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းလေ့လာရာတွင် အဆိုပါကျေးရွာအုပ်စုတွင် ဘူးပင်စိုက်ပျိုးသူတောင်သူ (၁၀)ဦးခန့်ရှိပြီး ဘူးစင်ပေါင်း ၁၀စင်စိုက်ပျိုးထားရှိကြောင်းသိရပါသည်။ ဘူးစင်တစ်စင်လျှင် ဘူးပင်ကျင်းပေါင်း (၁၀၀)ကျော်စိုက်ပျိုးထားရှိပြီး ပြာသိုလတွင် စတင်စိုက်ပျိုး၍ တန်ခူးလတွင် ဘူးသီးများစတင်ထွက်ရှိကြောင်းသိရပါသည်။ ဘူးသီးများစတင်ထွက်ပေါ်ချိန်မှစ၍ ခူးဆွတ်ရာတွင် (၃)ရက်လျှင်တစ်ကြိမ်၊ တစ်လလျှင် (၁၀)ကြိမ်နှင့် (၂)လခူးဆွတ်ရကြောင်းသိရပါသည်။ တစ်ခါခူးဆွတ်လျှင် အလုံးရေ (၈၀)မှ (၁၀၀)ကြားခူးဆွတ်ရရှိပြီး ရောင်းဈေးအနေဖြင့် ခြံဈေးတစ်လုံးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။ ဝင်ငွေအနေဖြင့် ကျပ် (၁၆) သိန်းခန့်ရှိပြီး ကုန်ကျစရိတ်မှာ ဘူးစင်အပါအဝင် (၂)သိန်းကျပ်ခန့်ကုန်ကျ၍ အကျိုးအမြတ်အနေဖြင့် (၁၄)သိန်းကျပ်ခန့်အကျိုးအမြတ်ရရှိကြောင်းသိရပါသည်။ ယခုအချိန်တွင် ဘူးသီးရှားချိန်ဖြစ်ပြီး ဝယ်လိုအားများလာခြင်းကြောင့် ဈေးမြင့်လာရခြင်းဖြစ်ကြောင်းသိရပါသည်။

        ဈေးကွက်အနေဖြင့် ရွှေတောင်ဒေသမှထွက်ရှိသော ဘူးသီးများကို အနီးအနားရှိကျေးရွာများသို့ အဓိကတင်ပို့ရောင်းချကြသည့်အပြင် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိနေသည့် ပြည်ပဲကြီးသီးနှံ

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း  ပဲကြီးသီးနှံသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိသောကြောင့် ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူမှုရှိကြပြီး လက်လီ/ လက်ကားအဝယ်ရှိသည့်အတွက် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်တွင် ပဲဈေးမှာ (ရွှေကျွန်း) တစ်တင်းလျှင် ၉၃၀၀၀ကျပ်၊ (ကုန်းပဲ) တစ်တင်းလျှင် ၈၈၀၀၀ကျပ်ဖြင့် ရောင်းဝယ်မှုဖြစ်ကြပါသည်။   ယခင်နှစ်များတွင် ပဲကြီးသီးနှံသည် နှစ်စဉ်လိုလို ဈေးကောင်းရနေသည့်အတွက် ဈေးကွက်အတွင်း  မတ်ပဲ၊ ကုလားပဲသီးနှံများထက်ပင် ဈေးပိုမြင့်ခဲ့သော်လည်း  ယခုနှစ်တွင်မူ ပဲကြီးသီးနှံဈေးအနေဖြင့် ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက် ဈေးလျော့နည်းကာ အရောင်းအဝယ်ဖြစ်ခဲ့သည်ဟုသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဘိုကိတ်ပဲများ ပဲဈေးကွက်သို့ နေ့စဉ်ဝင်ရောက်မှုရှိပြီး လက်လီ/ကားရောင်းဝယ်မှုဖြစ်နေ

       ပြည်ပဲမျိုးစုံဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ နေ့စဉ်ဝင်ရောက်ခဲ့ပြီး  ပြည်အနီးတစ်ဝိုက်ဒေသများအပြင် ပေါင်းတလည်၊ ပေါက်ခေါင်းဒေသများမှလည်းဝင်ရောက်ခဲ့ပါသည်။ တစ်ရက်လျှင် အိတ် (၂၀၀-၃၀၀) ကျော်ဝင်ရောက်နေပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဒေသတွင်းလက်လီ/ လက်ကားသမားများအပြင် ရန်ကုန်ဝယ်လက်များကလည်း လက်ကားဝယ်ယူမှုရှိသောကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲဈေးမှာ ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်တွင် တစ်တင်းလျှင် ၆၆၀၀၀ကျပ်ဖြင့်ရောင်းဝယ်နေကြပြီး ယခင်နှစ်တွင် ဘိုကိတ်ပဲသီးနှံတစ်တင်းလျှင် ကျပ်၅၀၀၀၀အောက်သာရရှိခဲ့ပြီး ပဲဈေးကွက်မှာလည်း ဈေးအနိမ့်ဖြင့်သာရောင်းဝယ်ခဲ့သည့် ပဲသီးနှံမှာ ယခုနှစ်တွင်မူ အခြားပဲများနည်းတူ ဈေးနှုန်းများမြင့်တက်လာသောကြောင့် ယခင်နှစ်ထက် ဈေးပိုရနေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၈.၅.၂၀၂၄ )

၈.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း