ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ကြက်ဟင်းခါးသီးစိုက်ပျိုးဝင်ငွေတိုး”

     ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းလုပ်ကိုင်သော တောင်သူဦးကြီးများသည် အဓိကစိုက်ပျိုးသီးနှံများဖြစ်သော စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန် စသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြသလို သစ်သီးဝလံများဖြစ်သော ငှက်ပျော၊ သင်္ဘော၊ ဖရဲ၊ သခွား၊ သံပုရာ၊ ဘူး၊ ဖရုံ၊ ပဲသီးတောင့်ရှည်နှင့် ကြက်ဟင်းခါးသီးစသည်ဖြင့် သီးနှံ များအားလည်း စိုက်ပျိုးကြပါသည်။ တချို့အိမ်ရှင်များသည် ထိုသစ်သီးဝလံများကို အလွယ်တကူ ရရှိနိုင်စေရန် မိမိတို့၏ ခြံဝန်းအတွင်းစိုက်ပျိုးထားရှိပြီး ယခုအခါ ခြံစိုက်တောင်သူများအနေဖြင့် သစ်သီးဝလံများကို စီးပွားဖြစ်စိုက်ပျိုးလာရာ ထိုသစ်သီးဝလံများထဲမှ ကြက်ဟင်းခါးသီးကိုလည်း စိုက်ပျိုးလာကြပါသည်။ ကြက်ဟင်းခါး ပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကိုအိတ်ဖြင့် ပျိုးထောင်၍ ပျိုးထောင်သည့်နေ့မှရက်(၂၀)ရက်ကြာ ပျိုးပင်ကိုမြေချစိုက်ပျိုးနိုင်သည်။ ကြက်ဟင်းခါးအပင် သည်(၃)လခန့်အကြာတွင် အသီးများခူးဆွတ်နိုင်ပြီး တစ်ပတ်လျှင် တစ်ကြိမ် ခူးဆွတ်နိုင်၍ (၅)လခန့်အထိ ခူးဆွတ်နိုင်ကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါးသီး (၁)ဧက အထွက်နှုန်းမှာ တစ်ပတ်လျှင် ပိဿာ(၁၅၀)ခန့်အထိ ထွက်ရှိကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါး သီး(၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၇၀၀၀၀၀-၇၅၀၀၀၀) ကျပ်အထိ ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် လက်ကားစျေး(၂၀၀၀/-)ကျပ်ဖြင့် ပွဲစားများထံရောင်းရကြောင်း ၊ လက်လီ အသုံးပြု သူများအနေဖြင့် (၂၅၀၀/-)ကျပ်ဖြင့် ဝယ်ယူစားသောက်ရကြောင်းသိရှိရပါသည် ။ ကြက်ဟင်းခါး စိုက် တောင်သူများအနေဖြင့် (၁)ဧက အကျိုးအမြတ်အနေဖြင့် (၁၆၅၀၀၀၀/-) ကျပ်ခန့် မြတ်ပြီး အကျိုးအမြတ်များရရှိသည့်အတွက် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“အာလူးဈေးနှုန်းဈေးကွက်”

    ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးအတွင်းသို့ အာလူးအသစ်များ စတင်ဝင်ရောက်လျက်ရှိရာ အားလူသီးကို ရှမ်းပြည်နယ် အောင်ပန်း၊ ကလောဒေသများမှ ဝင်ရောက် လျက်ရှိကြောင်း၊ အာလူးသီး အကြီး၊ အသေး၊ အရော တစ်ပိဿာလျှင် (၃၅၀၀/-) ကျပ်ဖြင့် ရောင်းချ ကြကြောင်း၊ အာလူးဈေးနှုန်းမှာ ဧပြီလမှ ယခု ဇူလိုင်လအထိ ဈေးမာ လျက်ရှိကြောင်း၊ အာလူးသီးကို လူကြိုက်များသောကြောင့် အရောင်းသွက်လျက်ရှိကြောင်း၊ အာလူးစားသုံးခြင်းဖြင့် ကျန်းမာရေး အာဟာရဓာတ် သက်သက်မဟုတ်ဘဲ ကျန်းမာရေးအကျိုး ကျေးဇူးများလည်းရရှိကြောင်း၊ လူတို့အတွက် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့် အတိုင်း အာလူးစားသုံးခြင်းဖြင့် ဗီတာမင် ဘီစစ်ပါဝင်သောကြောင့် အာရုံကြောကျန်းမာရေး ကောင်းမွန်စေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှု ဖြစ်ခြင်းတို့မှ ကာကွယ်ပေးကြောင်း လေ့လာသိရှိရပါသည်။ အာလူးဈေးငြိမ်သည့်အတွက် ရှမ်းပြည် ဘက်မှ အာလူးစိုက် တောင်သူဦးကြီးများ အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ အာလူးရောင်းဝယ်သော သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ပဲစောင်းလျှားသီးများလှိုင်လှိုင်ဝင်ရောက်”

    ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ကူမဲမြို့မဈေးအတွင်းသို့ ပြည်ဘက်မှထွက် သော ပဲစောင်းလျှားသီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပါသည်။ အသီးအတိုင်း သီးသန့် စားသုံး ရသော ပဲစောင်းလျှားသီးများကို ခရိုင်အတွင်းစိုက်ပျိုးမှုမရှိသော်လည်း ပဲမြစ်စားသုံးရန် စိုက်ပျိုးသော အပင်မှ ပဲမြစ်ညွန့်နှင့် ပဲစောင်းလျှားသီးများ ထွက်ပေါ်ကြောင်း၊ ရာသီချိန်မှသာ စိုက်ပျိုး သောကြောင့် လက်ရှိအချိန်တွင် ထွက်ပေါ်ခြင်းမရှိပေ၊ ပြည်မှ ဝင်ရောက်သော ပဲစောင်းလျှားသီး တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ လက်လီအနေဖြင့် (၂၅)ကျပ်သားလျှင် (၁၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပဲစောင်းလျှားသီးကို အတို့အမြှုပ်အဖြစ် စားသုံးကြသလို၊ ချဉ်ရည်ဟင်း နှင့် အသီးကိုရေနွေးဖျော၍ လက်သုပ် သုပ်စားကြကြောင်း၊ ပဲစောင်းလျှားသီး စားသုံးခြင်းဖြင့် အရွယ်တင်နုပျိုစေကြောင်း၊ ဗီတာမင်စီ ကြွယ်ဝ၍ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင် ကြောင်းနှင့် အရိုးတွေကိုလည်းသန်မာစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။ တန်ဖိုးနည်းပြီး အာဟာရဓာတ်နှင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပါရှိသော ပဲစောင်းလျှားသီးကို နေ့စဉ်စားသုံးသင့် ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ဒေသထွက်အုန်းတံမြက်စည်းများဈေးကောင်းရ”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည့်အပြင် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိပါသည်။ အိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်သော အုန်းတံမြက်စည်း လုပ်ငန်းကိုလည်း ကျောက်ဆည်မြို့နယ်၊ အုန်းခရိုင်ကျေးရွာတွင် လုပ်ကိုင်ရောင်းချ လျက်ရှိပါသည်။ အုန်းတံမြတ်စည်း ပြုလုပ်ရန် အဓိကကုန်ကြမ်းမှာ အုန်းဆံဖြစ်ပြီး အုန်းဆံကို ရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဝယ်ယူရရှိ ကြောင်း၊ အုန်းဆံကို အုန်းလက်မှ အလယ်အဆံလေးများကို သေချာသင်ကာ တစ်ဆံချင်း ဆွဲထုတ်ရ ကြောင်း၊ ဆွဲထုတ်ပြီးသား အုန်းဆံများကို တစ်ရာစီး စီး၍ရောင်းချကြကြောင်း၊ အုန်းဆံ တစ်ထောင် ကို  (၈၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ တံမြက်စည်းတစ်ချောင်းလျှင် အုန်းဆံ (၅၀၀)ဖြင့် ပြုလုပ်ကြောင်း၊ လက်ကိုင်ဝါးကို ပေါ့ပါးပြီး လှည်းကျင်း၍ ရောင်းရန်အတွက် သနပ်ဝါးကို အသုံးပြု ထားကြောင်း၊ အုံအတွက် လက်ပံသား၊ ကသစ်သားတို့ကို ရေရှည်ခိုင်ခံ့အောင် ပြုလုပ်ရောင်းချ ပေးသောကြောင့် အော်ဒါအမှာများရှိကြောင်း၊ တစ်ရက်လျှင် လူတစ်ဦး တံမြတ်စည်း (၅)ချောင်း ခန့်ပြီးကြောင်း ၊ တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချသူများနှင့် စီးပွားဖြစ်တွင်တွင် ကျယ်ကျယ် ရောင်းချပေးသူများလည်းရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ကုန်စုံဆိုင် များသို့ အော်ဒါမှာယူမှုများကို ရောင်းချပေးလျက်ရှိကြောင်း၊ မိသားစုစားဝတ်နေရေး ပြေလည်သည့် အပြင် စီးပွားဖြစ် ဝင်ငွေတိုးကြောင်း၊ ယခင်နှစ် တံမြက်စည်း အရှည် တစ်ချောင်းလျှင် (၅၀၀၀/-) ကျပ်၊ အတိုတစ်ချောင်းလျှင်(၂၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး၊ လက်ရှိပေါက်ဈေးအနေဖြင့် တံမြက်စည်းအရှည် တစ်ချောင်းလျှင် (၈၀၀၀/-)ကျပ်၊ အတိုတစ်ချောင်းလျှင်(၃၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ သေသပ်လှပပြီး အကြမ်းခံ၊ ခိုင်ခံ့သော အုန်းတံမြက်စည်းများကို ဝယ်ယူသင့်ပါကြောင်း ကုန်ကျစရိတ်သက်သာပြီး မိသားစုဝင်ငွေတိုးသော အုန်းတံမြက်စည်း လုပ်ငန်းကို ပြုလုပ်ရောင်းချသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“မြေပဲ(မိုး)ဈေးနှုန်းဈေးကွက်အခြေအနေ”

   မန္တလေးတိုင်းဒေသကြီး ၊ တံတားဦးခရိုင် ၊ တံတားဦးမြို့နယ်အနေဖြင့် မြေပဲ(မိုး)များ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်းသိရှိရပြီး မိုးမြေပဲများကို မတ်လတွင် စတင်စိုက်ပျိုးကျကြောင်း၊ ယခု နှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် ယခုအချိန်တွင် အပင်များကောင်းမွန်စွာ အောင်မြင် ဖြစ်ထွန်းနေပြီး ဩဂုတ်လနောက်ဆုံးအပတ်တွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း ၊ တောင်သူ တစ်ဦး၏ပြောပြချက်များအရသိရှိရပါသည်။ မြေပဲစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျ ကြောင်း၊ယခင်နှစ်(၁)ဧက အထွက်နှုန်းအနေဖြင့် တင်း(၃၀-၄၀)ခန့်ထွက်ရှိခဲ့ကြောင်း၊မြေပဲဈေးနှုန်း အနေဖြင့် ယခင်နှစ်တွင် မြေပဲတောင့်(၁)တင်းလျှင်(၄၅၀၀၀/-)ကျပ် ၊ မြေပဲဆံ တစ်ပိဿာလျှင် (၁၂၀၀၀/-)ကျပ် ၊ မြေပဲဆီ(၁)ပိဿာလျှင်(၁၈၀၀၀/-)ကျပ်ဈေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ပြီး အကျိုး အမြတ်အနေဖြင့် (၇၅၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း ၊ ယခုလက်ရှိမြေပဲပေါက်ဈေးအနေဖြင့် မြေပဲတောင့်(၁)တင်းလျှင် (၃၈၀၀၀-၄၀၀၀၀)ကျပ် ၊ မြေပဲဆံ (၁)ပိဿာလျှင် (၁၀၀၀၀/-)ကျပ် ၊ မြေပဲဆီ(၁)ပိဿာလျှင် (၁၉၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ မြေပဲပေါ် ချိန်တွင် တောင်သူများမှနီးစပ်ရာ ပွဲရုံများသို့သွားရောက်ရောင်းချကြကြောင်း၊  ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“နနွင်းများစတင်စိုက်ပျိုး”

   ကျောက်ဆည်ခရိုင်တွင် လယ်ယာစိုက်ပျိုး‌ရေးနှင့် သီးနှံထွက်ကုန်များ အဓိထားစိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ နနွင်းသီးနှံလည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။ နနွင်းသီးနှံကို မြစ်သား မြို့နယ်တွင်  (၉၈၅)ဧကစိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာနများ၏စာရင်းများအရ သိရှိရပါသည်။ ပုံမှန်အားဖြင့်နနွင်း သီးနှံစိုက်ပျိုးချိန်သည်  မေလနှင့်ဇွန်လများတွင် စတင် စိုက်ပျိုးလျက်ရှိရာတောင်သူများသည် သီးထပ်သီးညှပ်စိုက်ပျိုးရန်အတွက် ဖေဖော်ဝါရီလနှင့် မတ်လများတွင်အစောစိုက်ပျိုး၍ နှမ်းနှင့်ပဲတီစိမ်းသီးနှံကိုလည်း သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးကြပါသည်။ နနွင်းတစ်ဧကကုန် ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၂၆)သိန်းဝန်းကျင် ကုန်ကျ ကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ ရွာမုန်းကြီး၊ မယှက်၊ ကျွဲဆွဲ၊ တောင်ရိုးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် နနွင်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ ယခုအချိန်နနွင်းစျေးနှုန်း အနေဖြင့် နနွင်းတက်တစ်ပိဿာလျင် (၁၁၅၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ပွဲရုံပိုင်ရှင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်အတွင်းဂျင်းတက်များဖြိုင်ဖြိုင်ဝင်ရောက်”

   ကျောက်ဆည်ခရိုင်အတွင်းရှိ စားဖိုဆောင်သီးနှံများဖြစ်သည့် ဂျင်းများဒေသတွင်း ထွက်ရှိမှုမရှိသည့်အတွက် ရှမ်းပြည်နယ်အောင်ပန်းမှ အများဆုံးဝင်ရောက်လျက်ရှိပါသည်။ ဂျင်းတက်ဈေးနှုန်းအနေဖြင့် ဂျင်းတက်တစ်ပိဿာလျှင်(၃၀၀၀-၃၂၀၀)ကျပ်ဖြင့်ရောင်းချလျက် ရှိကြောင်း၊ ဂျင်းကိုဟင်းလျာများတွင် အနံအရသာတိုးစေဖို့ အသုံးပြုကြကြောင်း၊ အသားများ တွင်အညှီနိုင်စေရန်အတွက် အသုံးပြုကြပါသည်။ ဂျင်းပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် တုတ်ကွေးနဲ့ လည်ချောင်းနာ ချောင်းဆိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာ ရေးကောင်းစေဖို့အတွက် သောက်သုံးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

“ခရမ်းချဉ်သီးဈေးနှုန်းဈေးကွက်”

   မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခရမ်းချဉ်သီးကို တွင်ကျယ်စွာစိုက်ပျိုးလျက်ရှိရာ ယခုအခါ ကျောက်ဆည်ခရိုင်အတွင်းသို့ ရှမ်းပြည်နယ်မှထွက်ရှိသော ခရမ်းချဉ်သီးများ ဖြိုင်ဖြိုင် ဝင်ရောက်လျက်ရှိပါသည်။ ယခုဇူလိုင်လ ဒုတိယပတ်တွင် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် အောင်ပန်း ဒေသထွက်ခရမ်းချဉ်သီး အကြီး(၁၀)ပိဿာလျှင် (၂၄၀၀၀/-)ကျပ် အလတ် (၁၀)ပိဿာလျှင် (၂၂၀၀၀/-) ကျပ်၊အင်းလေး ဒေသထွက် ခရမ်းချဉ်သီး (၁၀)ပိဿာလျှင် (၃၀၀၀၀၊၃၅၀၀၀/-) ကျပ်၊ ခရမ်းချဉ်သီးအစိမ်း တစ်ပိဿာ လျှင်(၃၀၀၀/-) တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ခရမ်းချဉ်သီးကို ဟင်းအနှစ်ရဖို့ဖြစ်ဖြစ်၊ ခရမ်းချဉ်သီးစိမ်းကို လက်ဖက်သုပ်နဲ့ အခြားသော အသုပ်တွေနဲ့ထည့်စားစား၊ ပုဇွန်ခြောက်၊ပဲမှုန့်၊ ဆီချက်တို့နဲ့ သုပ်စားစားအမျိုးမျိုးပြုလုပ် စားသုံးကြကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“မိသားစုဝင်ငွေတိုးဖို့ ချဉ်ပေါင်စိုက်ပျိုးကြပါစို့”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး ဆည်ရေသောက် ဒေသတစ်ခုဖြစ်သောကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရသော ဝယ်လိုအားရှိသော ချဉ်ပေါင်သီးနှံကိုလည်း စိုက်ပျိုးလျက် ရှိရာ စိုက်ပျိုးသောမျိုးများမှာ ချဉ်ပေါင်လက်ချား၊ ချဉ်ပေါင်ခါးနှင့် ဘီးလပ်ချဉ် ပေါင်မျိုးများကို စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးမှာ ဘီးလပ်ချဉ်ပေါင် မျိုးဖြစ်ပြီး အသီးသီး ချိန်တွင်လည်း ချဉ်ပေါင်ဖူးကိုပါ ရောင်းချရသောကြောင့် ဝင်ငွေနှစ်မျိုး ရရှိကြောင်း ဝါဆိုလ နှင့် သီတင်းကျွတ်လများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစနစ်အနေဖြင့် ထယ်ထိုး၊ ထယ်မွှေကာ မြေတွင် တစ်တန်းနှင့်တစ်တန်း (၂)ပေခွာပြီး (၄)လက်မခြား၍ အစေ့ချ စိုက်ပျိုး ကြကြောင်း၊ တစ်ဧက စိုက်ပျိုးမှုမျိုးအနေဖြင့် ချဉ်ပေါင်စေ့(၁)ပြည် ကုန်ကျကြောင်း၊ မျိုးစေ့ (၁)ပြည်လျှင်(၅၀၀၀/-)ကျပ် ပေးရကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကုန်ကျ စရိတ်(၃၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊  စိုက်ပျိုးပြီး (၁)လခွဲသားတွင် အရွက်၊ ကိုင်းနှင့် အပင်များခူးညှပ်၍ ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ချဉ်ပေါင်တစ်ဧကအနေဖြင့် အရွက်ပိဿာ (၁၀၀၀)ပိဿာ ထွက်ရှိပြီး၊ အနေတော် အပင်ပေါက် ကလေးများကိုနုတ်၍ အစီး လေးများဖြင့် ရောင်းချပါက တစ်ဧက အစီးပေါင်း(၁၀၀၀၀)စီးခန့် ထွက်ရှိကြောင်း၊ ချဉ်ပေါင် တစ်စီးလျှင်(၁၀၀/-)ကျပ်ဖြင့် လက်ကားရောင်းချပေးကြောင်း၊ ချဉ်ပေါင်ရွက်တစ်ပိဿာလျှင် လက်ကားဈေး(၁၀၀၀/-) ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲရုံများနှင့် ကုန်စိမ်းပွဲစားများမှ အခင်းထဲအရောက် လာရောက် ဝယ်ယူသူများရှိသလို ကုန်စိမ်းပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ ရောင်းချပေးလျက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီး (၇၀၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း၊ ချဉ်ပေါင်သီးနှံကို တောင်သူများမှ မိသားစုဝင်ငွေတိုးပြီး စီးပွားဖြစ်သောကြောင့် တိုးချဲ့စိုက်ပျိုး လျက်ရှိကြောင်း တောင်သူတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။ 

DOCA(မန္တလေး)   

 

“ဒန့်သလွန်သီးများဈေးကောင်းရ”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါးကိုအဓိကထား စိုက်ပျိုးကြသော်လည်း ကျေးလက်နေတောင်သူများသည် ဆေးဖက်ဝင်အပင် တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်များကို စီးပွားဖြစ်စိုက်ပျိုးခြင်း၊ မိသားစုတစ်နိုင်တစ်ပိုင်စားသုံးရန်နှင့် အပိုဝင်ငွေရရှိအောင် စိုက်ပျိုးကြပါ သည်။ ဒန့်သလွန်ပင်သည် ရာသီဥတုမရွေးစိုက်ပျိုးနိုင်ပြီး မည်သည့်မြေ အမျိုးအစားမဆိုရှင်သန် ကြီးထွားနိုင်ပါသည်။ ရေမဝပ်သောမြေများတွင် စိုက်ပျိုးပါက ပို၍အောင်မြင် ဖြစ်ထွန်းနိုင်ပါသည်။ ဒန့်သလွန်ပင်ကို အစေ့တိုက်ရိုက်ချ စိုက်ပျိုး၍ရသော်လည်းကောင်း၊ ကိုင်းဖြတ်စိုက်ပျိုးနည်းဖြင့် လည်း စိုက်ပျိုးကြပါသည်။ ကိုင်းဖြတ်စိုက်ပျိုးသော ဒန့်သလွန်ပင်သည် (၂)နှစ်သားအရွယ်တွင် စတင်သီးပွင့်ပါသည်။ (၃)နှစ်(၄)နှစ်သားများတွင် အသီးများ အများဆုံးသီးလေ့ရှိပါသည် ။ အစေ့ချ စိုက်ပျိုးနည်းတူ ယနေ့ခေတ်တွင် (၆)လမျိုးဖြစ်သော ဒန့်သလွန်မျိုးများကိုလည်း စိုက်ပျိုးလာကြ သည်ကိုလည်း တွေ့ရပါသည်။ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလများတွင် ဒန့်သလွန်သီးများ ဖြိုင်ဖြိုင်သီး သောလများဖြစ်ပါသည်။ အပင်တစ်ပင်တွင် တစ်နှစ်ပတ်လုံး အသီးအတောင့် (၆၅၀) ခန့်ထိ သီးနိုင်ပါ သည်။ ဈေးကွက်အတွင်းတွင် ဒန့်သလွန်သီး (၁၀)တောင့် (၁)စီး လျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စိုက်ပျိုးမှုများသော ဒန့်သလွန်ခြံများတွင် ဖောက်သည်ဈေး ဒန့်သလွန်သီးများ ကို အတောင့် (၁၀၀)လျှင်(၁၈၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ဒန့်သလွန်ပင်သည် ဆေးဖက် ဝင်အပင် မျိုးနွယ်ဖြစ်ပြီး တစ်ပင်လုံးအသုံးဝင်ပါသည်။ အရွက်ကို ဟင်းချိုချက်၍ စားသုံး၍ရသလို အပွင့်ကိုလည်း ရေနွေးဖျော၍ လက်သုပ်သုပ်စား၍ ရနိုင်ကြောင်း၊ ဒန့်သလွန်သီးသည် သီးစုံ ပဲကုလားဟင်းချက်ရာတွင်  မပါမဖြစ်သော သီးနှံတစ်မျိုးဖြစ်သည့်အပြင်  ဒန့်သလွန်အစေ့မှာလည်း သွေးတိုးရောဂါရှိသူများအတွက် အစေ့ကိုဝါးစားပါက ရောဂါထိန်းနိုင်ကြောင်း ၊ ဆေးဖက်လဲဝင် စီးပွားလည်းဖြစ် ဝင်ငွေတိုးသောကြောင့် ဒန့်သလွန်ပင်ကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း