ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၆၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှ မတ်လ ၅ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၆၀၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

  ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

  အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

          နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

       တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

       တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တောင်ငူခရိုင်မှ နေကြာစိုက်ပျိုးထုတ်လုပ်မှုကိုလေ့လာခြင်း

  တောင်ငူခရိုင်အနေဖြင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်လျက်ရှိရာ နေကြာစိုက်ပျိုးခြင်းကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။  နေကြာသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ်နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ အထွက်နှုန်း ကောင်းခြင်းနှင့် ဆီထွက်နှုန်းကောင်းခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် အထောက်အကူပြုနိုင်သည့် ဆီထွက်သီးနှံဖြစ်ပါသည်။

     စိုက်ပျိုးရေးဦးစီးဌာနမှ ရရှိသောစာရင်းများအရ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် နေကြာသီးသန့်(၁၄၆၇)ဧကနှင့် သီးညှပ်(၃၀၈)ဧက၊ တောင်ငူမြို့နယ်တွင် နေကြာသီးသန့်(၄၁၈)ဧကနှင့် သီးညှပ်(၃၃၂၀)ဧက၊  ထန်းတပင်မြို့နယ်တွင် နေကြာသီးသန့်(၁၁၀)ဧကနှင့် သီးညှပ်(၃၄၀၄)ဧက၊ အုတ်တွင်းမြို့နယ်တွင် နေကြာသီးသန့်(၃၀၂၀)ဧကနှင့် သီးညှပ်(၂၄၅)ဧက၊ ဖြူးမြို့နယ်တွင် နေကြာသီးသန့်(၄၀၈)ဧကနှင့် သီးညှပ်(၇၇၁၃)ဧကစိုက်ပျိုးထားကြောင်း၊ တောင်ငူခရိုင်အတွင်း၌ နေကြာသီးသန့်(၅၄၂၃)ဧကနှင့် သီးညှပ်ဧက (၁၄၉၉၀) ဧက၊ စုစုပေါင်းနေကြာ (၂၀၄၁၃) ဧကစိုက်ပျိုးထားကြောင်းနှင့် ဇန်နဝါရီလကုန်ပိုင်းမှစ၍ နေကြာများကို စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရှိရပါသည်။

       စိုက်ပျိုးရေးဦးစီးဌာနက နေကြာမျိုးကောင်းမျိုးသန့်ရရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းအားစုဓာတ်မြေဩဇာများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များ၊ ပိုးမွှားများကို ားကာကွယ်နိုင်သည့် နည်းပညာများပေးခြင်းတို့ကြောင့် နေကြာစိုက်တောင်သူများ ပိုမိုများပြားလာကြပါသည်။

       နေကြာကို သီးသန့်နှင့် သီးညှပ်ဟူ၍စိုက်ပျိုးကြပါသည်။ သီးသန့်စိုက်ပျိုးရာတွင် မြေပြုပြင်ရာ၌ မြေတစ်ဧကလျှင် အနည်းဆုံး လက်တွန်းထွန်စက်ထွေလာနှစ်စီးခန့်ရှိသည့် သဘာဝမြေဩဇာအဖြစ် နွားချေး၊ ယူရီးယား ၁၅ ပိဿာ၊ တီစူပါ ၁၅ ပိဿာနှင့် ပိုတတ်ရှ် ၁၅ ပိဿာ အသီးသီးထည့်သွင်းကာ မြေပြုပြင်ပေးရပါသည်။ အဖူးဝင်ချိန်တွင်လည်း ယူရီးယား ၁၅ ပိဿာခန့်ထည့်ပေးရသည့်အပြင် ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးတို့ကို တစ်ပုလင်းခန့်အသုံးပြုရပါသည်။

       သီးညှပ်စိုက်ပျိုးခြင်းတွင် ပဲတီစိမ်း၊  မတ်ပဲစိုက်ခင်းများတွင် နေကြာကို ညှပ်၍စိုက်ပျိုးခြင်းဖြစ်သည့်အတွက် မြေအထူးပြုပြင်ရန်နှင့် ဓာတ်မြေဩဇာအထူးသုံးစွဲရန်မလိုအပ်တော့၍  နေကြာအား သီးညှပ်စိုက်ပျိုးခြင်းသည် သီးသန့်စိုက်ပျိုးခြင်းထက် တစ်ဧကကုန်ကျစရိတ်၏ လေးပုံသုံးပုံခန့်သက်သာကြောင်းတွေ့ရှိရပါသည်။

      နေကြာစိုက်ပျိုးရာတွင် အပင်ငယ်စဉ်၌ပင် ဖြုတ်ပိုး၊ ရွက်စားပိုး၊ ရွက်ဖောက်ကျိုင်းများကျရောက်တတ်သဖြင့် အချိန်မီကာကွယ်ရန်နှင့် အစေ့အဆန်ဖြစ်တည်ချိန်တွင် သီးလုံးဖောက်ပိုးနှင့် ရွက်စုံစားခူဝါများကျရောက်တတ်ခြင်းတို့ကြောင့် ပိုးမွှားအန္တရာယ်အတွက် အထူးသတိပြုရမည်လည်းဖြစ်ပါသည်။

      နေကြာပွင့်နောက်ကျောဘက် အဝါရောင်သမ်းလာချိန် သို့မဟုတ် ရက် ၁၀၀ တွင် ပန်းပွင့်များ၏ပုံသဏ္ဌာန်သည် ညိုဝါရောင်သို့ပြောင်းလာချိန်တွင် အစေ့များအောင်မြင်ပြီဖြစ်၍ စတင်ရိတ်သိမ်းရန်နှင့် ပန်းပွင့်အုံ၏အောက် လေးလက်မခန့်ခွာပြီး ခုတ်သိမ်းပေးရန်ဖြစ်ပါသည်။ ရိတ်သိမ်းပြီးသော နေကြာပွင့်အား တစ်ပွင့်နှင့်တစ်ပွင့်မထပ်စေဘဲ နှစ်ရက်သုံးရက်ခန့် နေလှန်းထားပြီး အစေ့ခြွေရပါသည်။ အစေ့တွင်း အစိုဓာတ် (၅-၆) ရာခိုင်နှုန်းရရှိရန် နှစ်ရက်သုံးရက်ခန့်နေလှန်း၍ လေလုံအောင် သိုလှောင်ရမည်ဖြစ်ပါသည်။

      ထွက်ရှိမှုအား လေ့လာရာတွင် နေကြာသီးသန့်စိုက်ဧက တစ်ဧကပျှမ်းမျှလျှင် ၁၆.၁၂ တင်းနှုန်းနှင့် သီးညှပ်စိုက်ဧက တစ်ဧကပျှမ်းမျှလျှင် ၆.၄၉ တင်းနှုန်းထွက်ရှိ၍ တောင်ငူခရိုင်အတွင်း နေကြာတင်းပေါင်း ၁၈၄၇၀၀ တင်းခန့်ထွက်ရှိပါသည်။ မျိုး၊ အလေအလွင့်နှင့် တောင်သူပြန်သုံးမည့်နေကြာကို ချန်လှပ်လျှင် တင်းပေါင်း ၁၇၆၀၀၀ တင်းခန့်ကို နေကြာဆီအဖြစ်ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

        နေကြာတစ်တင်းကြိတ်ခွဲလျှင် ဆီ ၃ ပိဿာခန့်ထွက်ကြောင်းသိရှိရသဖြင့် ဆီပိဿာ ၅၂၈၀၀၀ ပိဿာရရှိပါသည်။ လူတစ်ဦးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီလိုအပ် ချက်မှာ တစ်နှစ်လျှင် ၆ ပိဿာ ၅၀ ကျပ်သားဖြစ်၍ ဆီပိဿာ ၅၂၈၀၀၀ ပိဿာသည် လူဦးရေ ၈၁၂၀၀ ဦးတို့အတွက် လုံလောက်သည့်ပမာဏဖြစ်ပါသည်။ တောင်ငူခရိုင်အတွင်းရှိ လူဦးရေမှာ ၁၀၅၀၀၀၀ ဦးခန့်ရှိပါသဖြင့် ဆီပိဿာ ၅၂၈၀၀၀ ပိဿာသည် ခရိုင်လူဦးရေ၏ ၇.၇ ရာခိုင်နှုန်းအတွက်သာ ဖူလုံပါသည်။

        ဈေးနှုန်းရရှိမှုအနေဖြင့် တောင်ငူခရိုင်ရှိ ဆီစက် ၂၅ စက်နှင့် ပွဲရုံ ၆ ရုံတို့သည် စိုက်ပျိုးထွက်ရှိမည့်နေကြာစေ့များကို တစ်တင်းလျှင် ၃၂၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း၊နေကြာတစ်တင်းကြိတ်လျှင် ဆီ ၃ ပိဿာအပြင် နေကြာကြိတ်ဖတ် ၄ ပိဿာခန့်ထွက်ရှိပါကြောင်း၊ ဆီစက်များမှ တောင်သူလယ်သမားများ ကြိတ်ခွဲပြီးရောင်းချသည့် နေကြာဆီများကို တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ နေကြာကြိတ်ဖတ်တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် ဝယ်ယူပေးပါကြောင်း၊ ဆီကြိတ်ခနှုန်းထားမှာ နေကြာတစ်တင်းလျှင် ၂၅၀၀ ကျပ်နှင့် ဈေးကွက်အတွင်း၌ နေကြာဆီလက်ကားတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ လက်လီ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ရှိပါကြောင်းသိရှိရပါသည်။

      စားသုံးမှုအား လေ့လာရာတွင် ဒေသထွက်နေကြာဆီကို မြေပဲဆီ၊ နှမ်းဆီထက် စားသုံးမှုနည်းပါးကြောင်း၊ စားသုံးမှုနည်းပါးရခြင်းမှာလည်း ဒေသထွက်နေကြာဆီသည် မြေပဲဆီ၊ နှမ်းဆီများထက် အနံ့ပြင်းခြင်းကြောင့်ဖြစ်ကြောင်း၊ စားသောက်ဆိုင်၊ အကြော်ဆိုင်များအနေဖြင့်လည်း နေကြာဆီထက် အကြော်ခံပြီး ဈေးနှုန်းသက်သာသည့် စားအုန်းဆီကိုသာ အသုံးပြုကြကြောင်းနှင့် ဟင်းချက်ရာတွင်လည်း ဆီအနံ့ပြင်းသဖြင့် အမွှေးနံ့သာများပိုမိုသုံးစွဲရ၍ စားသုံးသူများအနေဖြင့်လည်း ကြိုက်နှစ်သက်မှုနည်းပါးကြောင်းသိရှိရပါသည်။

       ထုတ်လုပ်မှုကို လေ့လာရာတွင် နေကြာဆီသည် ဟင်းသီးဟင်းရွက်ဆီတွင်ပါဝင်ပြီး ဟင်းသီးဟင်းရွက်ဆီအားလုံး၏ ၇၀ ရာခိုင်နှုန်းရှိကြောင်း၊ နေကြာဆီသည် ချက်ပြုတ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရပြီး အရေးကြီးသော အပင်ထုတ်ကုန်ဖြစ်ကြောင်းနှင့် နေကြာစေ့မှတစ်ဆင့် မွှေးသောရနံ့နှင့် တိကျသောအရသာရှိသည့် ာဆီအမျိုးအစားကိုရရှိရန် အဆင့်များစွာကို ကျော်ဖြတ်ရကြောင်းသိရှိရပါသည်။

       ဒေသတွင်းရှိ ဆီစက်များအနေဖြင့် ဆီနေကြာကို တိုက်ရိုက်ကြိတ်ခွဲသည့်အဆင့်သာရှိပြီး ဈေးနှုန်းမှာ အခြားဆီများထက်ကွာဟမှုမရှိခြင်း၊ သန့်စင်ပြီးရောင်းချပါကလည်း ပြည်ပမှဝင်လာသည့် ဆီများထက်ဈေးနှုန်းများခြင်း၊ ပြည်ပမှဝင်ရောက်လာသော နေကြာဆီများမှာ အနံ့အသက်မရှိခြင်းတို့ကြောင့် အရောင်ချွတ်သည့်အဆင့်အထိ သန့်စင်ထား၍ ပြည်ပမှ တင်သွင်းလာသည့်ဆီများနှင့် ဈေးကွက်ယှဉ်ပြိုင်မှုအားနည်းကြောင်းကိုမူ တွေ့ရှိရပါသည်။

       စားသုံးဆီများတွင် အခြေခံအားဖြင့် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ၊ တတ်နိုင်သမျှလျော့၍ စားသုံးသင့်သည့်ပြည့်ဝဆီများနှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများဟူ၍ (၃)မျိုးရှိရာ နေကြာဆီသည် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများတွင် ပါဝင်ပေသည်။ နေကြာစေ့သည် နေပူထဲတွင်နေရသော နေကြာပန်းပွင့်၏အစေ့ဖြစ်သဖြင့် မှိုတက်နိုင်ခြေမရှိ၍ နေကြာဆီသည် အာဖလာတောက်ဆင်မှိုဆိပ်အတွက် စိုးရိမ်ရန်မလိုအပ်ပါ။

      သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့် သင့်လျော်ပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူပြုသည့် နေကြာဆီထုတ်လုပ်နိုင်ရန်အတွက် နေကြာတိုးချဲ့စိုက်ပျိုးရေးနှင့်  စားသုံးသူပြည်သူများ ကြိုက်နှစ်သက်စွာစားသုံးနိုင်မည့် အနံ့အရသာကောင်းမွန်သောနေကြာဆီထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပညာရှင်များ၊ ကျွမ်းကျင်သူများအနေဖြင့် စိုက်ပျိုးသူ တောင်သူလယ်သမားကြီးများ၊ ကြိတ်ခွဲထုတ်လုပ်သူ ဆီစက်လုပ်ငန်းရှင်များအား လိုအပ်သောအသိပညာ၊ နည်းပညာများပေး၍ စည်းရုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း တောင်သူလယ်သမားကြီးများအနေဖြင့် နေကြာကို ယခုထက် ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်နှင့် ဆီစက်လုပ်ငန်းရှင်များကလည်း ဆီစက်များကို ခေတ်နှင့်အညီအဆင့်မြှင့်တင်၍ ပြုပြင် မွမ်းမံတည်ဆောက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ နေကြာဆီထုတ်လုပ်မှုသည် ဈေးကွက်အတွင်း၌ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံမှုကို ယခုထက်ပိုမိုအထောက်အကူပြုမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

အချိန်တိုအတွင်း ဝင်ငွေရရှိနေသော တောင်ငူမြို့မှ မှိုစိုက်ပျိုးရေးလုပ်ငန်း

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်တွင် စီးပွားဖြစ်မှိုစိုက်ပျိုးရေးမှာ အချိန်တိုအတွင်း ဝင်ငွေရရှိနေသော အောင်မြင်သည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းရှင် ဒေါ်ဝင်းပပခိုင်သည် မိမိတွင် ရှိရင်းစွဲဖြစ်သော မြေခံ၊ ရေခံနှင့် ခြံအကျယ်အဝန်းရှိနေမှုကို အကျိုးရှိစွာအသုံးပြုထားသည်ကို တွေ့ရှိရပါသည်။

     မှိုစိုက်ပျိုးရေးလုပ်ငန်းကို စိတ်ဝင်စားသည့်အတွက် မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း အမှတ်စဉ်(၃/၂၀၂၂)ကို တက်ရောက်ထားသူလည်းဖြစ်ပါသည်။ သင်ယူထားသော မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်းပညာကို ကိုယ်ပိုင်အရင်းအနှီးဖြင့် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

     မှိုစိုက်ပျိုးမှုကို လေ့လာရာတွင် ဝါစေ့ခွံ၊ လွှစာမှုန့်၊ ဆားခါး၊ ဖွဲနု၊ ဂလူးကို့စ်၊ ဂျုံနှင့် ထုံးတို့လိုအပ်ပါသည်။ ဝါစေ့ခွံကုန်ကြမ်းများကို တောင်ငူမြို့အရောက် ဝါစေ့ခွံကုန်ကြမ်းတစ်ပိဿာလျှင် ၆၀၀ ကျပ်နှုန်းဖြင့် မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှ  ဝယ်ယူရပါသည်။ ၁၀ ပိဿာဆန့်အိတ်ကြီးဖြင့်ထည့်၍ ကားဖြင့် တင်ပို့ပေးပါသည်။

     လွှစာမှုန့်အဖြစ် ရော်ဘာပင်လွှစာမှုန့်ကိုသာအသုံးပြုပြီး မော်လမြိုင်မြို့မှ မှာယူရပါသည်။ ဆားခါး ၂၅ ကီလိုဂရမ်တစ်အိတ်လျှင် ၃၄၀၀၀ ကျပ်၊ ဂလူးကို့ ၂၅ ကီလိုဂရမ်တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ဆန်ဖွဲနု ပိဿာ ၂၀ ဝင်တစ်အိတ်လျှင် ၁၉၀၀၀ ကျပ်၊ ဂျုံဖွဲနုတစ်အိတ်လျှင် ၂၂၀၀၀ ကျပ်၊ ထုံးတစ်အိတ်လျှင် ၃၅၀၀ ကျပ်တို့ဖြင့် ဝယ်ယူရပါသည်။

       မှိုမျိုးစေ့များကို တစ်ပုလင်းလျှင် ၁၈၀၀ ကျပ်နှုန်းဖြင့် မြဝတီမှ ဝယ်ယူရပါသည်။  မှိုမျိုးများကိုထုပ်ပိုးရန် (၇''×၁၂'') အိတ်ခွံများအသုံးပြုရပါသည်။ အိတ်ခွံတစ်ပေါင်လျှင် အိတ်ခွံ ၈၀၀ ခန့်ပါဝင်ပြီး ၂၇၀၀၀ ကျပ်ပေးချေရပါသည်။ မှိုပျိုးထုပ်များတွင် ကော်လံကွင်းများကိုထည့်ပေးရသဖြင့် ကော်လံကွင်း ၁၀၀ ခုလျှင် ၁၈၀၀ ကျပ်ပေးရပါသည်။ မှိုမျိုးများမထည့်ခင် ရောစပ်ထားသောသဘာဝမြေထုပ်များကို ၄ နာရီကြာပေါင်းရသည့်အတွက် ထင်းဖိုးတစ်ရက်လျှင် ၁၅၀၀ ကျပ်အသုံးပြုရပါသည်။             

     လုပ်သား ၃ ဦးဖြင့် တစ်ရက်လျှင် မှိုစိုက်ပျိုးရန် အိတ် ၃၀၀ ထုပ်ပါသည်။ လုပ်သားခအဖြစ် တစ်ဦးလျှင် တစ်ရက်လျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် လုပ်သား ၃ ဦးအတွက် ၁၅၀၀၀ ကျပ် ကုန်ကျပါသည်။ စိုက်ပျိုးမှိုတစ်ထုပ်အတွက် အထွေထွေကုန်ကျစရိတ်မှာ ၅၅၀ ကျပ်ကုန်ကျသည်ဟု သိရှိရပါသည်။

       မှိုစိုက်ပျိုးထားသည့်စင်အဖြစ် အိတ် ၃၀၀၀ ဝင်ဆံ့သည့် အဆောက်အဦ ၂ လုံးအား ဆောက်လုပ်ထားပါသဖြင့် မှိုပျိုးထုပ် ၆၀၀၀ခန့်ကိုစိုက်ပျိုးနိုင်ပါသည်။ တစ်ရက်လျှင် အိတ် ၃၀၀ မှ အိတ် ၅၀၀ ပုံမှန်ထည့်သွားပါသည်။ မှိုအပင်ပေါက်ကုန်သွားသည့် အိတ်များကိုလည်း မှိုစိုက်ပျိုးစင်မှ ဖယ်ထုတ်ပါသည်။ မှိုထွက်ရှိနှုန်းအနေဖြင့် တစ်ရက်လျှင် ပိဿာ ၂၀ ခန့်ထွက်ရှိပါသည်။ မှိုတစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် ထွက်သမျှအားလုံး ခြံသို့လာဝယ်ကြကြောင်း၊ တစ်ရက်လျှင်ဝင်ငွေ ၇၀၀၀၀ ကျပ်ခန့် ပုံမှန်ရှိပါကြောင်းသိရှိရပါသည်။

     မှိုကြိုက်နှစ်သက်သူများအတွက် ရာသီချိန်တွင်ပေါက်သောမှိုများကို တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ဖြင့် ဝယ်ရပါသည်။ ယခုအခါ မှိုကြိုက်သူများအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါသည်။ မှိုစိုက်ပျိုးခြံအတွက် လုပ်သားလိုအပ်သည့်အနေအထားကြောင့်  ဒေသခံများလည်း အလုပ်အကိုင်များရရှိလာကြပါသည်။ တောင်ငူမြို့တွင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်ကြီးများရှိသည့်အတွက် မှိုဝယ်ယူသည့်ဈေးကွက်လည်းရှိနေပါသည်။

        ပျိုးထုပ်တစ်ထုပ်လျှင် ၄၀ ကျပ်သားမှ ၆၀ ကျပ်သားအထိထွက်ရှိသဖြင့် မှိုထွက်နှုန်း ၄၀ ကျပ်သားထွက်လျှင် ရောင်းရငွေ ၁၄၀၀ ကျပ်ရရှိ၍ အရင်း ၅၅၀ ကျပ်ရရှိသည့်အတွက် မှိုပျိုးထုပ်တစ်ထုပ်လျှင် အမြတ် ၈၅၀ ကျပ်ရရှိပါသည်။ ၆၀ ကျပ်သားထွက်လျှင် ရောင်းရငွေ ၂၁၀၀၀ ကျပ်ရရှိသည့်အတွက် အမြတ်ငွေ ၁၅၅၀ ကျပ်ရရှိကြောင်း မှိုစိုက်ပျိုး ရေးလုပ်ငန်းရှင် ဒေါ်ဝင်းပပခိုင်၏ မှိုစိုက်ပျိုးထုတ်လုပ်မှုအတွေ့အကြုံနှင့် အခြေအနေများအား ရေးသားတင်ပြလိုက်ရပါသည်။ 

DOCA(ပဲခူး)‌

ဖြူးမြို့နယ် အိုးဘိုကုန်းကျေးရွာမှ ဒေသထွက်အိုးလုပ်ငန်း

          ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာတွင် အိုးလုပ်ငန်းကို အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် အပိုဝင်ငွေရရှိစေရန်အတွက် ဖျင်းအိုး၊ သောက်ရေအိုး၊ အင်ဒုံ၊ စုဘူး၊ ဘုရားပန်းအိုး၊ ငါးပိရေကျိုအိုးနှင့် ကစားစရာပစ္စည်းများ စသည်ဖြင့် တစ်နိုင်တစ်ပိုင်ပြုလုပ်ကြပါသည်။ အိုးပြုလုပ်ရာတွင် ရွှံ့စေးမြေကို အသုံးပြုရပါသည်။ ရွှံ့စေးမြေကို ဖြူးချောင်းမှ လှည်းဖြင့်လည်းကောင်း၊ ထော်လာဂျီထွေလာဖြင့်လည်းကောင်း သယ်ယူရပါသည်။ အိုးဖုတ်ရာတွင် စပါးခွံ၊ ကောက်ရိုးနှင့်ထင်းများကို အသုံးပြုရပါသည်။

       ရှေးဦးစွာ ရွှံစေးမြေကြီးများကိုထုပြီး အတုံးလေးများရလာသောအခါ ရေထဲတွင်ပျော်ဝင်စေရန်အတွက် နှစ်ရက်ခန့်စိမ်ထားရပါသည်။ ရေစိမ်ထားသောမြေကြီးခဲများကို သဲခင်း၍ ညီညာသောမျက်နှာပြင်တွင် စေးကပ်စေရန် ခြေဖြင့်နယ်ပေးရပါသည်။ ရွှံ့စေးများဖြစ်သွားလျှင် အိုးပြင်ပေါ်၌ အိုးပြင်စိုက်ပြီး လူတစ်ဦးက အိုးပြင်ကိုလှည့်၍ လူတစ်ဦးက ပုံဖော်ရပါသည်။ အိုးပြင်စိုက်ပြီး ပုံသဏ္ဌာန်ပေါ်လာလျှင် အိုးအားထုနှက်ရပါသည်။ ပြီးလျှင် ညီညာစွာချထားပေးရပါသည်။ တစ်နေ့လျှင် ၁၅ လုံးခန့် အိုးချနိုင်ပါသည်။ နောက်နေ့တစ်ဖန် ချထားသောအိုးများကို ပုံဖော်ရပါသည်။ အိုး ၁၅ လုံးခန့်ပြီးစီးရန် အချိန် ၃ ရက်ကြာပါသည်။

     ပုံဖော်ပြီးသောအိုးများကို နေပူထဲတွင် သုံးလေးရက်ခန့် အခြောက်ခံလှန်းထားရပါသည်။ နေပူလှန်းပြီးသောအိုးများကို မီးပြာခဲတွင် မီးဖုတ်ရပါသည်။ မီးပြာခဲဖိုရန်အတွက် ဖွဲခံရပါသည်။ ဖွဲပေါ်တွင် ထင်းတုံးများစီထားရပါသည်။ ထင်းတုံးပေါ်တွင် အိုးများကို စီရပါသည်။ အိုးပတ်ပတ်လည်တွင် ထင်းများကို ဝိုင်းနေအောင်ထပ်စီပေးရပါသည်။ ထင်းပြည့်သွားလျှင် အပေါ်၌ ကောက်ရိုးထပ်စီပေးရပါသည်။ ကောက်ရိုးပေါ်တွင် ရွှံ့တင်ပြီး မီးရှို့ရပါသည်။ မီးဖုတ်ပြီး နှစ်ရက်ခန့်ကြာလျှင် မီးဖိုမှထုတ်ယူပြီးလျှင် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချနိုင်သည့် အိုးတစ်လုံးရရှိပြီဖြစ်ပါသည်။

      အိုးဘိုကုန်းကျေးရွာမှအိုးများကို အနယ်နယ်အရပ်ရပ်ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ အိုးဘိုကုန်းရွာမှ အိုးလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ရွာသူရွာသားများက လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ မိသားစု လေးဦး(သို့)ငါးဦးခန့် ငွေကြေးအရင်းအနှီးနည်းနည်းဖြင့် လုပ်ကိုင်နိုင်သည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့ ငွေဒါးရကျေးရွာတွင် စီးပွားဖြစ်စံပယ်ပန်းများ စိုက်ပျိုး

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သပြေရုံအုပ်စု၊ ငွေဒါးရကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၅၀)ကျော်ခန့်ရှိပါသည်။ အိမ်ခြေ ၃ ပုံ ၂ ပုံလောက်သည် စံပယ်ပန်းကို စိုက်ပျိုးကြပြီး တစ်ချို့က ခြံသီးသန့်စိုက်ပျိုးကြပြီး တစ်ချို့က အိမ်ခြံဝန်းအလွတ်များတွင် စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

       ဒေသခံတောင်သူတစ်ဦးမှာ ၁၂ ရာသီပွင့်သော ရန်ကုန်စံပယ်ပန်းမျိုးကို ဧက၏တစ်ဝက်(၂)ကျိုးစိုက်ပျိုးထားကြောင်း၊ မှော်ဘီမြို့မှ ထိုစံပယ်ပန်းမျိုးပင်ကိုင်းတက်များကိုဝယ်ယူ၍ စိုက်ပျိုးထားကြောင်းနှင့် လွန်ခဲ့သော ၁၀ နှစ်ခန့်က တစ်ပင်လျှင် ၂၅ ကျပ် ၊ ၃၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ရသော်လည်း ယခုနှစ်တွင် ကိုင်းတက်တစ်ပင်လျှင် (၁၀၀၀ မှ ၁၅၀၀) ကျပ်တို့ဖြင့် ဝယ်ယူရကြောင်းသိရှိရပါသည်။

      စံပယ်ပန်းပင်ကိုစိုက်ပျိုးရာတွင် မြောင်းဖော်၍ တစ်မြောင်းလျှင် အပင် ၂၀၀ နှုန်းဖြင့် မြောင်း ၁၃ မြောင်းဖော်၍စိုက်ပျိုးရကြောင်း၊ ယခင်က ရေထမ်းလောင်း၍စိုက်ပျိုးပြီး ရေတစ်ခါလောင်းလျှင် ရေထမ်းပေါင်း (၂၀၀) ထမ်းလောင်းရကြောင်းနှင့် ယခုအခါ စက်ဖြင့်အလွယ်တကူမောင်းတင်ရသဖြင့် ရေထမ်းဖိုးငွေကုန်ကျစရိတ်သက်သာသွားကြောင်းသိရှိရပါသည်။

       မြေသြဇာအနေဖြင့် (အာမို) ဓာတ်ဆားကို ၁၅ ရက်တစ်ပတ်လျှင် ၅ ပိဿာထည့်သွင်းရကြောင်း၊ တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ၊ ပန်းပွင့်အားဆေးကို ၁၅ ရက်တစ်ပတ်လျှင် အထပ် ၂၀ ပွင့်ဆေးတစ်ဘူးလျှင် ၆၀၀၀ ကျပ်ဖြင့် ဝယ်ယူသုံးစွဲရကြောင်းနှင့် စံပယ်ပန်းသည် ရာသီမရွေးပွင့်၍ နွေရာသီနှင့်မိုးရာသီတို့တွင် အပွင့်ရေအများဆုံးပွင့်ပြီး ဆောင်းရာသီတွင် အပွင့်ရေနည်းပါးစွာပွင့်ကြောင်းသိရှိရပါသည်။

       တစ်နေ့လျှင် ပန်းပွင့်အရေအတွက် (၂၀၀၀၀)ပွင့်ကို အပ်ချည်ဖြင့် သီကုံးရာတွင်လည်း အလုပ်သမား(၄)ယောက်ဖြင့် အပ်ချည်လုံးတစ်လုံးလျှင် ၂၀၀ ကျပ်ဖြင့် သီခနှင့်ခူးဆွတ်ခများပေးရကာ နာရီပိုင်းအတွင်း ပြီးဆုံးကြောင်း၊ သီကုံးခူးဆွတ်ခအနေဖြင့် အလုပ်သမားများအား ၁၀၀၀၀ ကျပ်ပေးချေရကြောင်းနှင့် တစ်နေ့လျှင် ဝင်ငွေအားဖြင့် ၃၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်အထိရရှိကာ တရားပွဲ၊ အလှူပွဲ၊ မင်္ဂလာဆောင်များရှိလျှင် ပို၍အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။

         ဈေးကွက်အနေဖြင့် လက်ပံတန်းမြို့သို့ နံနက်ပိုင်းဆိုင်ကယ်ဖြင့်သွား‌ရောက်၍ ဖောက်သည်သွင်း၍ပေးရကြောင်း၊ ဖောက်သည်ကို ပန်း ၁၀ ပွင့်ပါ အကုံးရေ ၁၀၀ လျှင် (၁၅၀၀)ကျပ်ဖြင့်သွင်း၍ တစ်နေ့လျှင် အကုံးရေ  ၂၀၀၀ ကုံးခန့် ရောင်းချရကြောင်း၊ စံပယ်ပန်းစိုက်ပျိုးခြင်းဖြင့် နေ့စဉ် စားဝတ်နေရေးအဆင်ပြေနိုင်ပါကြောင်းနှင့် စီးပွားဖြစ်ပန်းအနေဖြင့် တိုးချဲ့စိုက်ပျိုးမည်ဖြစ်ပါကြောင်း ဒေသခံစံပယ်စိုက်တောင်သူတစ်ဦး၏ အတွေ့အကြုံနှင့်အခြေအနေများကို ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၆ .၂.၂၀၂၃)

   ၂၆ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၅ .၂.၂၀၂၃)

  ၂၅ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း