ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်၌နာနတ်သီးအရောင်းသွက်

  ယခုဇူလိုင်လလယ်ခန့်မှစ၍ ပြည်ဈေးကွက်၌ နာနတ်သီးများအရောင်းသွက်လျက်ရှိပြီး ‌ရောင်းချသူများမှလည်းတစ်နေ့လျှင်ဝင်‌ငွေအကျိုးအမြတ်ကျပ်(၂၀၀၀၀)ခန့်အကျိုးအမြတ်ရှိနေကြောင်း သိရပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း၊သီပေါ၊ တောင်ကြီး၊ ကလောဘက်တို့မှ တစ်ပတ်လျှင် (၂)ကြိမ်ခန့်အဝင်ရှိနေပြီးတစ်ပတ်လျှင် အလုံးရေ (၇၀၀၀-၈၀၀၀)ခန့် ဝင်‌ရောက်မှုရှိနေသည်။ ပြည်ဈေးကွက်အတွင်းတွင် နာနတ်သီးရောင်းချသည့် ရာသီပေါ် ဆိုင်များ(၂၀)ဆိုင် ခန့်ရှိပြီး (၁)ဆိုင်လျှင် အလုံးရေ (၄၀)ခန့်ရောင်းအားရှိကြောင်း စုံစမ်း မေး မြန်းသိရှိရပါသည်။ အရောင်းအဝယ်မှာ ပြည်မြို့ပေါ်ရှိဈေးကွက်အတွင်း ဝင်ရောက်မှုရဲ့ အားလုံး နီးပါးခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းမှာလက်ကားသောင်ပြောင်းဈေးမှာ (၁)လုံးလျှင် ကျပ်(၂၇၀၀)နှုန်းတို့ဖြင့်ဖောက်သည်ဈေးယူရကာစားသုံးသူလက်အရောက်လက်လီတစ်လုံးလျှင် (အကြီး) ကျပ် ၃၅၀၀ကျပ်၊ (အသေး)ကျပ် (၃၀၀၀)နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ် လျက်ရှိ နေကြောင်း သိရပါသည်။
DOCA(ပဲခူး)

ပြည်ခရမ်းချဉ်သီးဈေးကွက်

  ပြည်ဈေးကွက်တွင်ဝင်‌ရောက်လျက်ရှိသော ခရမ်းချဉ်သီးများရှားပါးပြီး ဈေးနှုန်းများ မြင့်တက်နေပါသည်။ ခရမ်းချဉ်သီးမှာ ဗမာကိုင်းသီးနှင့်ရှမ်းသီးဟူ၍(၂)မျိုးရှိပြီး ယခုအချိန်တွင် ရှမ်းခရမ်းချဉ်သီးသာ ထွက်ရှိပါသည်။ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဝင်ရောက်မှုရှိပြီး အဝင်နည်းသည့်အတွက် အဝင်ရှိသ‌လောက်အရောင်းအဝယ်ရှိကာ ဈေးနှုန်း မြင့်တက်လျက်ရှိပါသည်။ ယခင်လဆန်းတွင် ဈေးကွက်အတွင်းပစ္စည်းပေါများပြီး ဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၁၇၀၀/၂၀၀၀) ခန့်ရောင်းချနေပြီး ယခုအခါ ခရမ်းချဉ်သီး များဝင်ရောက်မှု နည်းပါးသည့်အတွက် ဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၃၅၀၀/၄၀၀၀)ရောင်းချကြောင်း သိရပါသည်။ ယခင်ဧပြီလနှင့် ယခုဇူလိုင်လဈေး နှုန်းနှင့်နှိုင်းယှဉ်လျှင်ကျပ်(၁၅၀၀-၂၀၀၀) ခန့်ကွာခြားမှုရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)

ဆေးဖက်ဝင် စောင်းလျားသီး

 ပြည်မြို့အနီးတစ်ဝိုက်တွင် စောင်းလျားပင်များ အများအပြားတွေ့ရှိရပါသည်။ စောင်းလျား ပင်တွင် အချဉ်သီးနှင့် အချိုသီးဟူ၍ နှစ်မျိုးရှိပါသည်။ စောင်းလျားသီးသည် ဆေးဖက်ဝင်သောသီးနှံ တစ်မျိုးလည်း ဖြစ်ပါသည်။ စောင်းလျားသီးကို ယိုထိုး၍စားသုံးနိုင်ပြီး၊ ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါသည်။ စောင်းလျားသီး အသားမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်တဲ့ အမျှင်ဓာတ်ပါ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေကိုလည်း ကျန်းမာစေနိုင်ပါ တယ်။ အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ကြယ်ပုံသဏ္ဍာန် ရှိသော စောင်းလျားသီးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေး နှင့်သင့်တော်ပြီး အသားအ‌ရေကိုလည်း စိုပြေစေပါသည်။ ‌စောင်းလျားသီးဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် (၂၀၀-၃၀၀)ကျပ်ဖြင့် ‌ရောင်းချ ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက်ကြက်ဟင်းခါးသီး

 ကြက်ဟင်းခါးသီးကို ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ကြက်ဟင်းခါးသီးပင်များကို မိုးဦးကျကာလဖြစ်သော မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြသလို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင့် စိုက်ပျိုးကြပါသည်။ စီးပွားဖြစ် စိုက်သော ကြက်ဟင်းခါးသီးများကို စိုက်ပျိုးထွက်ရှိမှုမှာ တစ်ဧကလျှင် အလုံးရေ (၃)သောင်းခန့် ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ထွက်ရှိလာသော ကြက်ဟင်း ခါးသီးများကို ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် လာရောက်ရောင်းချကြပါသည်။
   ဈေးကွက်အတွင်း လာရောက်ရောင်းချသော ကြက်ဟင်းခါးသီး ဈေးနှုန်းများအနေဖြင့် ကြက်ဟင်းခါးသီးအရှည်တစ်လုံးလျှင် (၂၅၀-၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက်သခွားသီးဈေးကွက်

   ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ မှော်ဇာ‌ကျေးရွာအုပ်စုတွင် ဟင်းသီးဟင်းရွက်ဖြစ်သော သခွားသီး ကိုလည်းစိုက်ပျိုးကြပါသည်။ သခွားသီးကို ဆောင်းသခွားသီးနှင့် မိုးသခွားသီးဟူ၍ နှစ်မျိုးကို ရာသီအလိုက်စိုက်ပျိုးကြပါသည်။ သခွားသီးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း နုန်းမြေ၊ သဲနုန်းမြေများတွင် ပိုမိုဖြစ်ထွန်းစိုက်ပျိုးကြပါသည်။ မိုးသခွားသီးကို မိုးရာသီဖြစ်သော မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြသလို ဆောင်းသခွားသီးကို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် သခွားသီးအလုံးရေ (၂)ထောင်ကျော် ထွက်ရှိသည်ဟု သိရှိရပါသည်။
   ယခုအခါ ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် သခွားသီးဈေးနှုန်းများအနေဖြင့် အသေး တစ်လုံးလျှင် (၁၀၀)ကျပ်ဖြင့် ရောင်းချကြပြီး သုပ်၍စားသော အရွယ်တစ်လုံးလျှင် (၃၀၀)ကျပ် နှုန်း ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ မှော်ဇာဒေသမှ ထွက်ရှိသော သခွားသီးများကို ပြည်ဒေသတွင် ဈေးကွက်များသို့ တင်ပို့ရောင်းချကြသလို ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့လည်း တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နံနံပင်ဈေးနှုန်းကျဆင်း

 ပြည်ဈေးကွက်တွင်ရောင်းချနေသောနံနံပင်များကို ပြည်ဒေသတစ်ဝိုက်မြို့နယ်များဖြစ်‌သော ရွှေတောင်မြို့နယ်နှင့် မှော်ဇာမြို့နယ်များမှ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပါသည်။ ယခုလ ဇူလိုင်လ တတိယပတ်တွင်တော့ ကိုင်းနံနံပင်များထွက်ရှိလာသောကြောင့် နံနံပင်ဈေးကွက် အနည်းငယ် ကျဆင်းသွားပါသည်။ ယခင်ကနံနံပင်တပိဿာကို (မြန်မာနံနံပင်) (၃၀၀၀၀)ကျပ် ရောင်းချပြီး ယခုပေါ်သောကိုင်းနံနံပင်ကိုတော့ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချပြီး တစ်စည်းကို (၂၀၀)ကျပ်နှုန်းဖြင့်ပြန်လည်ရောင်းချကြောင်းသိရပါသည်။
DOCA(ပဲခူး)

ပြည်ဈေးကွက်တွင်ရောင်းချနေသောကနစိုးသီးဈေးနှုန်း၊‌ဈေးကွက်

  ကနစိုးသီးမိုးတွင်းတွင်ပေါ်သောအသီးဖြစ်ပြီး အထက်နှင့်အောက်မြန်မာပြည် မိုးများသော ဒေသ များတွင်ပေါက်‌ရောက်ပါသည်။ ကနစိုးသီးကို အင်္ဂလိပ်လူမျိုးတို့က မြန်မာ စပျစ်သီး ဟုခေါ်ဆိုကြကြောင်း သိရှိရပြီး ဒေသခံများက ဘုံဇာသီး၊ ဗုံမပါသီး ဟုလည်း ခေါ်ဆိုကြ ကြောင်းသိရပါသည်။ အခိုင်လိုက်သီးပြီး အရည်ရွှမ်းသည့်အသီးဖြစ်ကာ  အသီးတွင် အမျိုးအစား အရောင်(၃)မျိုးရှိကြောင်းလည်းသိရှိရပါသည်။ ကနစိုးသီးသည် မမှည့်သေးမှီအချိန်တွင် အစိမ်း ရောင်ရှိ၍ မှည့်သောအခါဝါလာပါသည်။ အခွံဝါအတွင်း ရှိနှင်းဆီ‌ရောင်ဖျော့ဖျော့အမြွှာ(၃)ခုကို လူတို့စားသုံးကြသည်။ အမြွှာများတွင် အစေ့တစ်စေ့စီပါရှိပါသည်။ ကနစိုးသီးတွင် အချို(သို့မဟုတ်) အချဉ်မျိုးဟူ၍ နှစ်မျိုးထင်ရှားရှိပါသည်။ မြန်မာနိုင်ငံတွင်အချဉ်မျိုးများသာပေါကြောင်းသိရပါသည်။ ကနစိုးသီးကိုပြည်ဈေးကွက်တွင် ရောင်းချသောဈေးနှုန်းများမှာ (၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)သားလျှင် (၄၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဖြင့် မွန်ပြည်နယ်၊ ရေးမြို့က ထွက်ရှိသော ကနစိုးသီးများကို ဈေးကြီး၊ မြို့မဈေးများတွင် ရောင်းချကြ ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင်ရာသီစာကိုင်းဥများစတင်ထွက်ပေါ်

 ကိုင်းပင်သည်မြက်မျိုးဖြစ်ပြီး အမြစ်မှအကိုင်းအခက်များထွက်ပါသည်။ ကိုင်းဥသည်မြစ်များ ကမ်းနားကကိုင်းပင်တွင်စွဲကပ်သောမှိုတစ်မျိုးဖြစ်ပြီး ကိုင်းပင်၏ဥမဟုတ်သလို ကားလမ်းဘေး ကိုင်းပင် တွင်မကပ်ပါ။ မြစ်များ၊ ကမ်းနားမှာပဲ ရသလို ရေတက်ရက်မှာလှေဖြင့် လိုက်ခွာ ရပြီး လိုသလောက်လည်းမရရှိတက်ပါ။ ကိုင်းဥသည်(၅)ရက်(သို့) ရက်သတ္တပတ်အထားခံပါသည်။ ကိုင်းဥကို ဝါဆို၊ ဝါခေါင်ရေဖောင်ဖောင်အချိန်တွင်ရရှိပြီးအာဟာရပြည့်ဝပါသည်။ ကိုင်းဥကိုကင်၍ သော်လည်းကောင်း ၊ကြော်၍သော်လည်းကောင်းစားသုံးကြပါသည်။ ယခုအပတ် ပြည်မြို့၏ စည်ပင်သာယာဈေးကြီးတွင် ရောင်းချသော ကိုင်းဥ ဈေးနှုန်း အနေဖြင့် နို့ဆီဘူးတစ်ဘူးလျှင် (၈၀၀၀)ကျပ်၊ (၉၀၀၀)ကျပ်များ ဖြင့်ရောင်းချနေကြ ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်၏ သံပုရာသီးဈေးကွက်

  မိုးရာသီဖြစ်သော ဇူလိုင်လတွင် ပြည်မြို့နယ်တွင် သံပုရာသီးများ လှိုင်လှိုင်ပေါ်နေ ပြီဖြစ်ပါသည်။ သံပုရာသီးကို ပြည်အနီးအနားကျေးရွာများဖြစ်သော မိချောင်းရဲ၊ ဇီးအုပ်၊ နတ်တလင်းကျေးရွာများမှ အများအပြားစိုက်ပျိုးကြပြီး ပြည်မြို့ပေါ်ရှိဈေးများတွင် လာရောက် ရောင်းချကြပါသည်။ ထိုအပြင် ရန်ကုန်မြို့သို့လည်းတင်ပို့ရောင်းချကြပါသည်။ ရောင်းချသောဈေး များမှာ အလတ်အရွယ် အစား ဖြစ်သော သံပုရာသီး အလုံး(၁၀၀)ကို (၄၀၀၀)ကျပ်၊ အကြီးအရွယ် အစားအလုံး (၁၀၀)လျှင် (၄၅၀၀) ကျပ်၊ အလုံးသေး (၁၀၀)လျှင် (၂၀၀၀)ကျပ်ဖြင့် လက်ကားအရောင်းအဝယ်ပြုကြပါသည်။
  ပြည်မြို့ပေါ်ရှိဈေးများတွင် သံပုရာသီးလက်လီတစ်လုံးလျှင် (၅၀)ကျပ်၊ သံပုရာသီး အကြီး(၃)လုံးလျှင် (၂၀၀)ကျပ်ဖြင့်ရောင်းချကြပါသည်။ ဆေးဖက်ဝင် သံပုရာသီးကို အရောင်း အဝယ် သွက်လျှက်ရှိပြီး သံပုရာပေါင်း၊ ကုလားတယ်၊ သံပုရာရည်၊ သံပုရာရေခဲထုတ် များပြုလုပ် ရောင်းချ ကြပါသည်။ သံပုရာသီးသည် တစ်နှစ်ပတ်လုံးထွက်ရှိပြီး ဈေးနှုန်းသာကွာခြားမှုရှိပါသည်။ သံပုရာသီး အကြီးအလုံး (၁၇၀၀)ဆန့်တစ်အိတ်ကို (၆၂၀၀၀)ကျပ်၊ အလတ်အလုံး(၂၃၀၀)ဆန့် တစ်အိတ်ကို (၄၀၀၀၀) ကျပ်ဖြင့်လည်း လက်ကားအဝယ်ရှိပါသည်။ ရန်ကုန်မြို့သို့လည်းတင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ရက်တစ်ရာသပြေပန်းများ သပြေတုံးနေရာတွင်အစားထိုးဝင်ရောက်

  ပြည်မြို့ရှိဈေးကွက်များသို့ ရက်တစ်ရာသပြေပန်းများကို ယခုဇူလိုင်လတတိယပတ်တွင် နေပြည်တော်နှင့် ရန်ကုန်ဘက်မှ တစ်ခြင်းလျှင် အပင်ရေ (၂၅၀)ပင်ပါရှိသည့် ခြင်းပေါင်း (၁၀)ခြင်းခန့် အဝင်ရှိပြီး တစ်ပတ်လျှင် (၂)ကြိမ်ခန့် ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ ရက်တစ်ရာသပြေပန်းများ ဝင်ရောက်မှုရှိနေသဖြင့် သပြေပန်းတုံးများဝင်ရောက်မှုနည်းနေတာတွေ့ရပါသည်။ ရက်တစ်ရာ သပြေပန်း ရောင်းချသောဈေးနှုန်းများမှာ အပင်ကြီး တစ်ပင်လျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အပင်လတ် တပင်လျှင် (၁၀၀၀-၁၂၀၀)ကျပ်၊ အပင်သေးတစ်ပင်လျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချနေတာတွေ့ရပါသည်။ သပြေပန်းတုံးမှာ ဝင်ရောက်မှုနည်းသဖြင့် ဈေးများမြင့်တက်လာပြီး အတုံးကြီးတစ်တုံးကို (၅၀၀၀-၇၀၀၀)ကျပ်၊ အတုံးလတ်တစ်တုံးကို (၃၀၀၀-၄၀၀၀)ကျပ် နှင့် အတုံးလေးတစ်တုံးကို (၁၅၀၀-၂၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။ ထို့သို့ သပြေပန်းတုံးမှာ ဈေးကြီးလာသဖြင့် လူအများက ဘုရားပန်းအိုးထိုးရာတွင် ဈေးသက်သာပြီး ကြာရှည်အထားခံသည့် ရက်တစ်ရာသပြေပန်းကိုသာ ဝယ်ယူကြသဖြင့် ဈေးကွက်တွင် ရက်တစ်ရာသပြေပန်းများ အစားထိုးဝင်ရောက်လာခဲ့ပါသည်။
DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း