ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကလေးမြို့ပေါ်တွင် ရောင်းအားသွက်နေသည့် ရာသီစာ မျှစ်ပေါင်း

    မျှစ်ပေါင်း ပြုလုပ်မည်ဆိုပါက မျှစ်စိမ်းများကို အရင်းဖယ်၍ အခေါင်းထွင်းကာ အရင်ပြုတ်ပစ်ရပြီးနောက် ဆား၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပုဇွန်ခြောက်နှင့် ငါးပိ၊ ငရုတ်ကြမ်းမှုန့်များများကို သင့်တင့်ရုံမျှထည့်ပြီး ပေါင်းကြရပါသည်။ မျှစ်ပေါင်းများ ရောင်းချရာတွင်လည်း မျှစ်ဖူးပေါင်းနှင့် မျှစ်စိတ်ပေါင်းဟူ၍ ( ၂ ) မျိုးခွဲခြားကာ ရောင်းချလျက် ရှိပါသည်။

    မျှစ်ပေါင်းသည် ဇူလိုင်လမှ စတင်၍ အောက်တိုဘာလအထိ ရာသီစာ အစားအစာ တစ်မျိုးဖြစ်ပြီး၊ ဒေသထွက်အစားအစာအဖြစ် အမြတ်တနိုး ဝယ်ယူစားသောက်လျက်ရှိကြပြီး မျှစ်ဖူးပေါင်း ( ၁ ) ဖူးလျင် ( ၁၀၀၀ ) ကျပ်နှင့် မျှစ်စိတ်ပေါင်း ( ၁ ) ထုပ်လျင် ( ၁၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချကာ မျှစ်ထွက်ပေါ်ချိန်ဖြစ်၍ ဒေသခံရောင်းချသူများ အနေဖြင့် ပုံမှန် ဝင်ငွေရရှိသော ရာသီစာ တစ်ခုဖြစ်ပါကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးမြို့နယ်၏ ဆီစျေးကွက်အခြေအနေ

   ကလေးဝမြို့နယ်တွင် ဆီထွက်သီးနှံများအနေဖြင့် ဒေသတွင်းထွက်ရှိသည့် မြေပဲနှင့် နေကြာတို့သာ ကြိတ်ခွဲနေရပြီး မြေပဲဆံနှင့် နေကြာဆံများ အရောင်းအဝယ်ဖြစ်ထွန်းကြပြီး မြေပဲဆံ ( ၁၆ ) ပြည် တစ်တင်းလျင် ( ၁၆၀၀၀၀ - ၁၈၀၀၀၀ ) ကျပ်၊ နေကြာဆံ ( ၁၆ ) ပြည်တစ်တင်းလျင် ( ၄၈၀၀၀ မှ ၅၀၀၀၀ ) ကျပ် ခန့်ရှိပြီး ဆီထွက်သီးနှံများ အနေဖြင့် အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။

      စားသုံးဆီဈေးကွက်အနေဖြင့် မြေပဲဆီ ( ၁၀ ) ပိဿာဝင် တစ်ပုံးလျှင် ( ၂၁၀၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁၀ ) ပိဿာဝင် တစ်ပုံးလျှင် ( ၁၉၀၀၀၀ ) ကျပ်ဖြင့် ရောင်းချနေပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းသာ ရောင်းချလျက်ရှိပါကြောင်း ဆီကုန်သည်တစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်မြို့တွင် ရောင်းချနေသော ကီလိုမာလကာသီးဈေးကွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ၊ ဦးသိန်းဝင်း၏ ဥယျာဉ်ခြံနှင့် အိမ်ခြံဝန်းထဲတွင် ကီလိုမာလကာ သီးများကို မိသားစု တစ်ပိုင်တစ်နိုင်သော် လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း၊စိုက်ပျိုးကြပါသည်။ ပျိုးပင်များကို ကိုယ်တိုင် ပျိုး၊ ကိုယ်တိုင် ကိုင်းကူး၍ စိုက်ပျိုးပြီး (၃-၄)လအကြာတွင် အသီးများခူးစွတ်၍ ရောင်းချနိုင်ကြောင်း သိရပါသည်။ ဈေးနှုန်းများ အနေဖြင့် အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီး အကြီး အသေး ပေါ်မူတည်ပြီး ရောင်းချရကြောင်းသိရပါသည်။ ဈေးကွက်အနေဖြင့် ပြည် မြို့ပေါ်ဈေးများ၊ အသီးဆိုင် များနှင့် ကျောင်းဈေးများတွင် ရောင်းချကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၊ မြို့သစ်ဈေးတွင် ရောင်းချနေသော မုန်လာဥဖြူ ဈေးကွက်စျေးနှုန်းအခြေအနေ

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့သစ်ဈေးနှင့် ပြည်မြို့ပေါ်ရှိ ဈေးများတွင် ပုတီးကုန်းဒေသမှထွက်ရှိသော မုန်လာဥဖြူများကို နေ့စဉ် မီးရထားဖြင့် သယ်ယူပြီး ရောင်းဝယ် ကြကြောင်း မြို့သစ်ဈေးသယ်များထံမှ သိရှိရပါသည်။

  မုန်လာဥဖြူကို အမျိုးမျိုးလုပ်စားကြသည်။ တို့စရာအနေနဲ့ရော၊ ပြုတ်ပြီး ငါးပိရည်ဖြင့် စားတာ ရှိသလို အစိမ်းလိုက်အခွံခွါရေဆေးပြီး စားတာလည်းရှိကြပါသည်။ သုပ်စားတာ၊ အချဉ်ထည့်တာ၊ နေလှန်းအခြောက်ခံထားပြီး စားတာလည်းရှိပါတယ်။ အသားတစ်ခုခုနှင့်ရောပြီး ဟင်းချိုအဖြစ် ချက်ပြုတ်စားသောက်ကြသလို အတုံးသေးသေးလေးတွေလှီးပြီး ကြော်စားလို့လည်း ရပါတယ်။

ပြည်မြို့၊ မြို့သစ်ဈေးတွင် ရောင်းချနေသော မုန်လာဥဖြူများမှာ အသေးစည်းနှင့်အကြီးစည်း ဟူ၍ (၂)မျိုးရောင်းချကြပါသည်။ အလုံးအသေးတစ်စည်းလျှင် (၁၀)ပင်တစ်တွဲရှိပြီး အလုံးကြီး တစ်စည်းလျှင် (၅)ပင်တစ်တွဲရှိပါသည်။ အသေးစည်းတစ်စည်းလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချပြီး အကြီးတစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်မှပေါ်ဦးပေါ်ဖျားကတွတ်သီးများ စျေးကောင်းရနေ

  မြန်မာနိုင်ငံအနှံ့အပြားတွင် ကတွတ်ပင်များ ပေါက်ရောက်ပြီး ရေမြေ၊ ပေါက်ရောက်သည့် ဒေသ ကိုလိုက်၍ ကတွတ်သီးအရောင်မှာ အစိမ်းရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အဝါရောင်၊ နီညိုရောင်၊ အမည်းရောင်ဆိုပြီး မျိုးစုံရှိပါသည်။ အသီး၏ထူးခြားချက်က ပန်းပွင့်က အသီးထဲမှာရှိပါသည်။ ကတွတ်သီးအမှည့်ကို လတ်လတ်ဆတ်ဆတ် ဒီအတိုင်းစားသုံးကြပေမဲ့ ယိုထိုပြီးစားသုံးကြတာ များပါ သည်။ အချိုသီးနှင့် အချဉ်သီး (၂) မျိုးရှိပါသည်။ ကတွတ်သီးမှာ နှစ်ပတ်လည်သီးသော အသီးမျိုးဖြစ် သော်လည်း၊ ကဆုန်နှင့် နယုန်လများတွင် ပထအကြိမ်အသီးအများဆုံးသီးပြီး၊ ဝါဆို၊ ဝါခေါင်လများတွင် ဒုတိယအကြိမ် အများဆုံးသီးကြောင်း ကျန်လများတွင် အနည်းသာသီးပြီး အသီးအရည်အသွေးမှာလည်း မကောင်းကြောင်းသိရပါသည်။ ယခုဝါခေါင်လပထမပတ်တွင် ကတွတ်သီးပင်တစ်ပင်လျှင် ပျမ်းမျှ ပိဿာ (၄၀)ခန့်ခူးယူနိုင်ပြီး တစ်ပိဿာလျှင် ကျပ် (၄၀၀၀)ဖြင့် အဓိကအားဖြင့် ယိုလုပ်ငန်းလုပ်ကိုင်သူများထံသို့ ရောင်းချကြကြောင်း သိရှိရပါသည်။ ကတွတ်သီးများကို ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား ဈေးများတွင် စတင်ရောင်းချနေပြီး ပေါ်ဦးပေါ်ဖျား ကတွတ်သီးတစ်ပြည်ကို ကျပ် (၆၀၀၀) နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေတဲ့ ရာသီပေါ် ကတွတ်သီးကို စားသုံးသူများမှ ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြ၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဂန္ဓမာပန်း နှင့် နှင်းဆီပန်း ဈေးကွက် အခြေအနေ

  တောင်ငူမြို့သို့ ရှမ်းပြည်နယ်မှ သစ်သီးဝလံ နှင့် ပန်းများတင်ပို့ရောင်းချနေမှုတွင် ပန်း များမှာ ဒေသထွက် ပန်းများထက် အပွင့်လှသောကြောင့် ဈေးကွက် အတွင်း ရောင်းအားကောင်းလျှက်ရှိရာ ရှမ်းပြည်ဘက်မှ လာသော ဂန္ဓမာပန်းမှာ အပွင့် (၁၀) ပွင့် ပါ တစ်စီးကို ၅၀၀၀ ကျပ် မှ ၆၀၀၀ ကျပ် ထိ ဈေးရပြီး၊ ဒေသထွက် ဂန္ဓမာပန်းမှာ အပွင့် သေးပြီး အပွင့် ၂၅ ပွင့် ၃၀ပွင့်လိုက်ပါပြီး အစုလိုက် ပန်းပွင့်သဖြင့် မိသားစု ဂန္ဓမာပန်းဟုခေါ်ပြီး ၁ စီး ကို ၄၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ထိသာဈေးရှိပါသည်။  

    နှင်းဆီပန်းမှာတော့ ရောင်စုံရှိပြီး ရှမ်းပြည်ဘက်မှ နှင်းဆီပန်းမှာ (၁၀) ပွင့် ပါ တစ်စီး ကို ၄၅၀၀ ကျပ်မှ ၅၀၀၀ကျပ်ထိဈေးရှိပြီး ဒေသထွက် နှင်းဆီပန်းမှာ (၁၀) ပွင့် ပါ တစ်စီး ကို ၂၅၀၀ကျပ် မှ ၃၀၀၀ ကျပ်သာ ဈေးပေါက်ကြောင်း ပန်းများ ရောင်းချသည့် ပန်းဒိုင်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်ရှိ အာလူး၊ကြက်သွန်ဖြူ နှင့် ဂျင်းဈေးကွက်

တောင်ငူမြို့နယ်သို့ အခြားဒေသများ မှ ရာသီအလိုက် အသီးအနှံများကို အပါတ်စဉ် လစဉ် တင်ပို့ရောင်ချလျှက်ရှိရာ ရှမ်းပြည်ဘက်မှ အားလူးများ တင်ပို့ရာတွင် အားလူးကို အသေး ၊ အလတ်၊ အကြီးဟူ၍ အလုံးဆိုဒ်ခွဲပြီးရောင်းချလျှက်ရှိပါသည်။ အားလူး အသေး (၁) ပိဿာလျှင် ၃၅၀၀ ကျပ်၊ အလတ် (၁) ပိဿာ လျှင် ၄၅၀၀ ကျပ်၊ အကြီး (၁) ပိဿာ လျှင် ၅၅၀၀ ကျပ်ထိ ဈေးနှုန်း အသီးသီးရှိပြီး ကြက်သွန်ဖြူ မှာ အသေး (၁) ပိဿာ ၅၅၀၀ ကျပ်၊ အလတ် (၁) ပိဿာ ၆၅၀၀ ကျပ် ၊ အကြီး (၁) ပိဿာ ၈၀၀၀ ကျပ်ထိ ဈေးနှုန်း အသီးသီးရှိ၍ (၃) ပိဿာ နှင့် အထက် ဝယ်ယူပါက ဈေးနှုန်းအပြောင်း အလဲရှိပြီး ဂျင်းဈေးနှုန်းမှာ (၁) ပိဿာ ၄၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်ထိ ဈေးရှိပြီး အိမ်တိုင်းအတွက် မရှိမဖြစ်လိုအပ်သော မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့်အတွက် အရောင်းအဝယ်သွက်ကြောင်း တောင်ငူမြို့ရှိ ပွဲရုံ များမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ တစ်နိုင်တစ်ပိုင် မွှေးနံ့သာတိုင်နှင့်ခြင်ဆေးတိုင်လုပ်ငန်း

တောင်ငူခရိုင်၊တောင်ငူမြို့နယ်တွင် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော စိန်ဟင်္သာအမှတ် တံဆိပ်ပါကရမက်မွှေးနံသာတိုင်နှင့် နနွင်းခြင်ဆေးတိုင်များ ပြုလုပ်ရောင်းချလျက်ရှိသည်။ မွှေးနံ့သာတိုင် နှင့်ခြင်ဆေးတိုင်များပြုလုပ်ရာတွင် ကုန်ကြမ်းအမှုန့်များကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့မှ ဝယ်ယူရပါ သည်။

ပထမဦးစွာ ၁၀ လက်မခန့်ရှိသော ဝါးချောင်းလေးများကို အသင့်ပြုလုပ်ရပါသည်။ထို့နောက် ကုန်ကြမ်းမှ ကုန်ချောအဖြစ်ပြုလုပ်ရာတွင် ကရမက်အမှုန့်နှင့် နနွင်းအမှုန့်များကို ရေနှင့်ဖျော်၍ အသင့် လုပ်ပြီးသား ဝါးချောင်းများနှင့် လိမ့်ပေးရပါသည်။ ရလာသောမွှေးနံသာတိုင်နှင့် နနွင်းတိုင်များအား နေရောက်အောက်တွင် အခြောက်ခံရပါသည်။

ကရမက်မွှေးနံ့သာတိုင် ၁၅ တိုင်ပါ ၁ထုတ်လျှင် ၅၀၀ ကျပ်၊ ၃၀ တိုင်ပါ ၁ထုတ်လျှင်၁၀၀၀ ကျပ်နှင့် ၃၅တိုင်ပါ ၁ထုတ်လျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချပြီး နနွင်းခြင်ဆေးတိုင် ၃၀တိုင်ပါ ၁ထုတ်လျှင် ၃၀၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။ ကရမက် ၁၀ ကျပ်သားလျှင် ၃၀၀၀ကျပ်၊ နံ့သာဖြူ ၁ကျပ်သား လျှင် ၄၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ မွှေးနံ့သာတိုင်သည် ဗုဒ္ဓဘာသာဝင်တို့၏ ဘုရာမီးပူဇော်ရာ တွင် အသုံးပြုရသည့်အတွက် အရောင်းအဝယ်ကောင်းပြီး မိုးရာသီကာလခြင်များပိုမိုပေါက်ဖွားသဖြင့်  ခြင်ဆေးတိုင် မှာလည်း အရောင်းသွက်ကြောင်း စိန်ဟင်္သာအမှတ်တံဆိပ် အမွှေးတိုင်နှင့် ခြင်ဆေးတိုင် လုပ်ငန်းရှင် မမြင့်၏ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင်ဆေးဖက်ဝင်တက်ပြားဖူးများအရောင်းအဝယ်ဖြစ်နေ

 တက်ပြားဖူးများသည် မြန်မာနိုင်ငံအနှံအပြားတွင်ပေါက်ရောက်လေ့ရှိပြီး အင်းအိုင်း ၊ ချောင်း နှင့်မြစ်ကမ်းစပ်များ၊ ရေတိမ်များ၌ ပေါများစွာ ပေါက်ရောက်လေ့ရှိပါသည်။ တစ်ချို့က ငတက်ပြားဖူး၊ ကတက်ဖူး ဟုခေါ်ကြပြီး တစ်ချို့ကဗေဒါဖူးဟူ၍လည်းခေါ်ကြပါသည်။  

     တက်ပြားဖူး၏အဖူးလေးထဲမှ အဝါရောင် ဝတ်စံလေးသည်ခါးသက်သက် အရသာရှိသော် လည်း အလွန်စားကောင်းသော ဟင်းရွက်တစ်မျိုး ဖြစ်ပါသည်။ တစ်ချို့ကတက်ပြားဖူးကို ကြော်၍သော် လည်းကောင်း၊ ပြုတ်၍ တို့စရာအဖြစ်သော်လည်းကောင်း၊ သုပ်စား၍သော်လည်းကောင်း နှစ်သက်ရာ စားသုံးကြပြီး ထမင်းမြိန်စေသော ဟင်းတစ်ခွက်လည်း ဖြစ်ပါသည်။

     တက်ပြားဖူးသည် နူးညံ့ပြီးအရသာရှိ၍ အာဟာရဓါတ်နှင့် ဆေးဖက်ဝင်သော အရွက် တစ်မျိုးလည်းဖြစ်ပါသည်။ တက်ပြားဖူးသည် ကျန်းမာရေးအတွက်လည်း အသုံးဝင်သည့် ဆေးတစ်မျိုး လည်းဖြစ်ပါသည်၊၊ဈေးကွက်အတွင်း တက်ပြားဖူးတစ်စီးလျှင် ၅တံပါရှိပြီး၊ ၅တံပါ ၁စီးလျှင် ၂၀၀ကျပ် ၊ ၁၀ စီး ဝယ်ယူပါက ၁၈၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်ဈေးများရှိ ပြောင်းပုတို ခေါ် နာနတ်ပြောင်းဈေးနှုန်းအကြောင်း

 ပြောင်းပုတိုကို နာနတ်ပြောင်း (pineapple corn) လို့လည်းခေါ်ဆိုကြပြီး ရှမ်းမလေး ပြောင်းလို့လည်း ခေါ်ဝေါ်ကြပါသည်။ ပြောင်းပုတိုသည် ပုံမှန်မြင်နေကျပြောင်းဖူးများနှင့် ကွဲပြားပြီး နာနတ်သီးနှင့်ဆင်တူကာ အရသာမှာ ချိုမြိန်ပါသည်။ ပြောင်းဖူးတစ်ခုလုံးသည် အခြားပြောင်းဖူးများ ထက်သေးငယ်ကာ အစေ့များသည် ဝါညိုရောင်သန်းနေပါသည်။ ပြောင်းဖူးတိုတွင် အမျှင်ဓာတ်၊ ဗီတာမင် ဘီ၊ သံဓာတ်များစွာပါဝင်ပြီး နှစ်သက်သလို ပြုတ်စား၍သော်လည်ကောင်း၊ မီးကင်စား၍ သော်လည်းကောင်း စားသုံးနိုင်ပါသည်။

 တစ်နှစ်မှတစ်ခါလောက်သာ မြင်တွေ့ရသော ပြောင်းဖူးတိုများသည် ပြင်ဦးလွင်ဒေသမှထွက်ရှိပြီး တောင်ငူမြို့နယ်ရှိဈေးများသို့ ယခုမိုးရာသီအချိန်တွင် ဝင်ရောက်လာကြပြီး ပြောင်းဖူးတို၁၀ ဖူးလျှင် ၇၀၀၀ ကျပ်၊ အဖူး ၁၀၀ လျှင် ၆၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းလည်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း