ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ပုဇွန်ထုတ် ဈေးနှုန်း

    ကျွန်းလှမြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    ပုဇွန်ထုတ်များကို  ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  ဝယ်ယူရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ပုဇွန်ထုတ်များသည် ဈေးကောင်းသော်လည်း ထမင်းဆိုင်များ ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံ ရောင်းချသည့်ဆိုင်များမှ ဝယ်ယူအသုံးပြုလျက် ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများမှာ ပုဇွန်ထုတ် လက္ကားဈေး()ပိဿာလျှင်(၅၈၀၀၀)ကျပ်၊ လက်လီဈေး ()ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင် (၃၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀၀) ကျပ် ဈေးနှုန်း ဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နေကြာစေ့ ဈေးနှုန်း

     ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံများတွင် ရောင်းချနေသော နေကြာစေ့ ဈေးနှုန်းများမှာ နေကြာစေ့ လက်က္ကား တစ်ပြည်လျှင်(၇၇၀၀)ကျပ်၊ လက်လီ တစ်ပြည်လျှင်(၈၀၀၀)ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော နာနတ်သီးနှင့် ဒညှင်းသီး ဈေးနှုန်း

     ကျွန်းလှမြို့ရှိ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီး နှင့် ဒညှင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိ ပါကြောင်း နာနတ်သီးချင်းတူပေမဲ့ မဲဇာနာနတ်သီးသည် အရမ်းချိုသည့်အတွက် ဈေးပိုကောင်းပြီး ရောင်းပန်းလှကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် အတွင်း ဖြစ်ပေါ်နေ‌သော နာနတ်သီး ဈေးနှုန်းများမှာ မဲဇာ နာနတ်သီး အကြီး တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၂၅၀၀)ကျပ် နှင့် မန္တလေး နာနတ်သီး အကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ နာနတ်သီး အသေး တစ်လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အလားတူပင် ဒညှင်းသီး ဈေးနှုန်းအနေဖြင့် ဒညှင်းသီး အကြီး တစ်လုံး လျှင်(၂၀၀)ကျပ် နှင့် အသေး တစ်လုံး လျှင်(၁၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကျွန်းလှမြို့တွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် အရောင်းသွက်သည့် သပြေပန်းနှင့် ပန်းထိမ်ငိုပန်းဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသများတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြကြောင်း၊ ပန်းမျိုးပေါင်းများစွာ ရှိသည့်အနက် မြန်မာလူမျိုးတို့သည်  သပြေပန်းကို ဘုရားပန်းကပ်လှူရာ၌သာ အများဆုံးအသုံးပြုကြကြောင်း၊ သပြေပန်းကို ယခင်ကတောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ သပြေပင်များကို ခြံဖွဲ့၍စိုက်ပျိုးလျက်ရှိရာ နေရာအနှံ့အ ပြားတွင် မြင်တွေ့လာရသည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါသည်။

   သပြေပန်းသည် အပွင့်မျိုးမဟုတ်၊ ရိုးတံအသစ်များမှ အရွက်နုကလေးများသည် ပန်းရောင်း၊ အနီရောင်အဆင်းရှိသောကြောင့် လူကြိုက်များကြောင်း၊ သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍ (၂)မျိုးရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း သပြေပန်းခက်(၁)စည်း လျှင် (၈၀၀မှ ၁၀၀၀)ကျပ်၊ သပြေငုတ်ကြီး(၁)ငုတ်လျှင် (၄၀၀၀)ကျပ်နှင့် သပြေငုတ်သေး(၁)ငုတ်လျှင် (၁၅၀၀မှ ၂၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ပန်းထိမ်ငိုပန်း(၁)စည်းလျှင် (၅၀၀မှ ၈၀၀)ကျပ် ဖြင့်ရောင်းချလျှက်ရှိကြောင်း သပြေပန်းအငုတ်သည် ကြာရှည်ခံသည့်အတွက် လူကြိုက်များကာ အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော နာနတ်သီးနှင့် ဖရဲသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ သစ်သီးရောင်းဝယ်ရေးဆိုင်များတွင် ရာသီပေါ်အသီးတစ်မျိုးဖြစ်သည့် နာနတ်သီးနှင့် ဖရဲသီးများရောင်းချနေကြောင်း သိရသည်။ နာနတ်သီးသည် ချိုချဉ်အရသာရှိပြီး ကြိုက်နှစ်သက်သူများသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူမြို့နယ်တွင် ဖရဲသီးကို မန္တလေးမြို့သစ်သီးပွဲရုံမှလည်းကောင်း၊ နာနတ်သီးများကို မန္တလေးသစ်သီးပွဲရုံနှင့် မြစ်ကြီးနားသစ်သီးပွဲရုံများမှမှာယူ၍ ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း မန္တလေးနာနတ်သီးတစ်လုံးလျှင် (၂၀၀၀မှ ၃၀၀၀)ကျပ်၊ မြစ်ကြီးနားသီးတစ်လုံးလျှင် (၃၅၀၀မှ ၄၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ နာနတ်သီးကို လူကြီးလူငယ်မရွေး စားသုံးကြကြောင်း၊ ချဉ်ပေါင်းသည်များကလည်းဝယ်ယူကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖရဲအကြီး(၁)လုံးလျှင် ( ၆၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၂၅၀၀မှ ၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သစ်သီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ဆူးပုတ်ရွက်နှင့် ဂွေးတောက်ရွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ဆူးပုတ်ရွက်နှင့် ဂွေးတောက်ရွက်များကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်  ဆူးပုတ်ရွက်(၁)စည်း လျှင်(၃၀၀)ကျပ်၊ (၄)စည်းလျှင် (၁၀၀၀)ကျပ်နှင့် (၁၀)စည်းပါ(၁)ထုံးလျှင် (၂၅၀၀)ကျပ်ဖြင့် လည်း ကောင်း၊ ဆူးပုတ်ရွက်ကို အကြော်ဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူအသုံးပြုသည့်အတွက် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဂွေးတောက်ရွက် တစ်ပုံလျှင်(၃၀၀)ကျပ်နှင့် လေးပုံလျှင်(၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ငရုတ်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ရာသီပေါ်သီးနှံများကို မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးလှအောင်၏ ငရုတ်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

    လုပ်ငန်းရှင်၏ ပြောပြချက်အရ ငရုတ်စိုက်ပျိုးရာတွင် တိုက်ရိုက်စိုက်တာနဲ့ ပြောင်းရွှေ့ စိုက်ပျိုးတာဆိုပြီး (၂)မျိုးရှိကြောင်း၊ ပြောင်းရွှေ့စိုက်ပျိုးနည်းကတော့ ဦးစွာငရုတ်ပျိုးပင်များကို အိမ်မှာပျိုးထောင်းကြောင်း၊ အရန်သင့်စိုက်ပျိုးနိုင်ရန်အတွက် မြေဆွေးထည့်ကာ မြေပြုခြင်းကို ကြိုတင်ဆောင်ရွက်ထားရကြောင်း၊ ပျိုးပင် ပျိုးသက် (၃၀-၄၅)ရက်သားခန့်တွင် ပြောင်းရွှေ့စိုက်ပျိုး ရကြောင်း၊ ယခုစိုက်ပျိုးထားသည့် ငရုတ်မျိုးမှာ အောက်ဆွဲငရုတ်မျိုးနှင့် မိုးထောင်ငရုတ် မျိုးများဖြစ်ကြောင်း၊ ငရုတ်သီးသည် ရွှေ့စိုက်ပြီး (၃-၄)လအတွင်း ငရုတ်အသီးများကို စတင်ခူးဆွတ် ရကြောင်း၊ မျိုးနှင့် စိုက်ပျိုးမှုပေါ်မူတည်၍ တစ်ဧကမှာ ငရုတ်သီးခြောက်(၁၀၀မှ ၂၀၀)ပိဿာထိ  ရနိုင်ပြီး ငရုတ်သီးစိမ်းအနေနဲ့ (၄၀၀မှ ၁၀၀၀)ပိဿာထိ ထွက်နိုင်ကြောင်း၊ ဇူလိုင်လ စတုတ္ထပတ် အတွင်း ငရုတ်သီးအတောင့်ခြောက် (၁)ပိဿာလျင် (၁၄၀၀၀မှ ၁၆၀၀၀)ကျပ်နှင့် (၅၀)ကျပ်သား လျှင်(၇၅၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့် အကျိုး အမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် တောင်သူများအနေဖြင့် ဆန်စပါး အပြင် နေ့စဉ်မိသားစုဝင်ငွေရရှိရေး စားဖိုဆောင်သီးနှံများ  စိုက်ပျိုးရောင်းချလျက်ရှိရာ ကန့်ဘလူ မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီးစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်ခူးဆွတ်ရောင်း ချပြီး ဈေးကောင်းရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

    ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး ပျိုးသက် (၁)လသားအရွယ်တွင် မြေပြင်ထားသော စိုက်ခင်းထဲကို ပြောင်းရွေ့စိုက်ပျိုးကြောင်း၊ ရေသွင်းရေထုတ် လွယ်ကူစေရန် အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၄-၅)ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ် စေရန်ရေသွင်းပေးရကြောင်း အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင်ရွက်ရကြောင်း၊ လိုအပ်တဲ့အချိန်တွင် အာမိုမြေဩဇာ၊ အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးများဖျန်း ပေးရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ရက်ခြားခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် နေ့စဉ်ခူးဆွတ် ကာကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း၊ ယခုဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းသီး(၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင်  (၂၈၀၀မှ ၃၀၀၀) ကျပ်အထိ ရောင်းချရသဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ခရမ်းအပင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့်  ဦးလှအောင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ရောင်းချလျက်ရှိသော ပန်းသီးနှင့် ပန်းသစ်တော်သီးဈေးနှုန်း

 

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် သစ်သီး မျိုးစုံရောင်းချလျက်ရှိရာ ပန်းသီးနှင့် ပန်းသစ်တော်သီးများလည်းရောင်းချလျက်ရှိကြောင်း သိရှိရ သည်။ ပန်းသီးနှင့် ပန်းသစ်တော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက် ရှိကြောင်း၊ ပန်းသီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာ ပြုပေးသည့်အတွက် စားသုံးသူများ ကြိုက်နှစ်သက်သည့် အသီးတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီး အလုံးကြီး(၁)လုံးလျှင် (၂၀၀၀မှ ၄၀၀၀)ကျပ်၊ ပန်းသီးအလုံးသေး(၄)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် နူးညံ့ထူးကဲသော အရသာပေးစွမ်းသည့်အတွက် စားကြည့် မိသူတိုင်း ကြိုက်နှစ်သက်ကြကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ပန်းသစ်တော်သီး ဈေးနှုန်း များမှာ ပန်းသစ်တော်သီး(၄)လုံးလျှင် ၁၀၀၀၀ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၅၀၀မှ ၃၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

ကန့်ဘလူမြို့မဈေး၌ အရောင်းအဝယ်ဖြစ်နေသော ငါးကြင်း၊ငါးမြင်းနှင့် ငါးတန်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ငါးများမှာ ဒေသတွင်းမှ ထွက်ရှိသလို၊ မန္တလေးမြို့မှလည်း ဝင်ရောက်ကြောင်း ငါးဒိုင်များထံမှ သိရသည်။

      ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ စတုတ္ထအတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော ငါးကြင်း ဈေးနှုန်းများမှာ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းအကောင် (၁)ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ငါးကြင်းသားသည် နူညံ့ပြီးအသားချိုခြင်း၊ အရိုးပါဝင်မှုနည်းခြင်း ၊ ငါးကြင်းခေါင်းကို ဟင်းအဖြစ်သီးခြားချက်စားနိုင်သည့်အတွက် စားသောက်ဆိုင်များတွင် အသုံးများသောငါးမျိုးဖြစ်ကြောင်း၊ ဇူလိုင်လ စတုတ္ထအတွင်း ငါးမြင်းအကောင်(၁)ပိဿာလျှင် ၁၈၀၀၀ ကျပ်နှင့် ဇူလိုင်လ စတုတ္ထအတွင်း ငါးတန်အကောင်(၁)ပိဿာလျှင် ၂၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငါးများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း