ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့၌ ကီလိုမာလကာသီးလှိုင်လှိုင်ထွက်ပေါ်၍ ဈေးနှုန်းကျဆင်း

    မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးအတွင်းရှိ သစ်သီးဆိုင်များနှင့် မြို့ပေါ် ရပ်ကွက်များရှိ သစ်သီးဆိုင်များတွင် ကီလိုမာလကာသီးများကို ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသများမှ မှာယူရောင်းချသည့်အပြင် မင်းလှမြို့ ပတ်ဝန်းကျင်ရှိကျေးရွာများတွင် စိုက်ခင်းအဖြစ်သီးသန့် စိုက်ပျိုး ကြသလို မြို့ပေါ်ရပ်ကွက်များရှိ အိမ်ခြံမြေများတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချကြကြောင်း သိရသည်။

 ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကီလိုမာလကာသီး(အလုံးအကြီး၊ အသေး)အလိုက် ကျပ်(၅၀၀-၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ကီလိုမာလကာသီး စတင်ထွက်ပေါ်စအချိန် ဇွန်လ(ပထမပတ်)တွင် ကျပ်(၇၀၀-၉၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ် ပတ်တွင် (၁)လုံးလျှင် ကျပ်(၂၀၀-၃၀၀)ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ မင်းလှမြို့၌ ဇွန်လမှစတင်၍ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသဘက်မှဝင်ရောက်လာသည့် ကီလို မာလကာသီးများသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ဇူလိုင်လ(စတုတ္ထပတ်)တွင် မြို့နယ်အတွင်း ကျေးရွာများမှ  စိုက်ပျိုးထွက်ရှိသည့် ကီလိုမာလကာသီးများ ဈေးကွက်အတွင်း ဝင်ရောက်မူ များလာ သည့်အတွက် ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်း၊ ယခုအချိန်သည် ကျောင်းဖွင့်ရာသီဖြစ်သည့် အတွက် ကျောင်းမုန့်ဈေးတန်းဆိုင်များတွင်လည်း ကီလိုမာလကာသီးများ အရောင်းသွက်လျက်ရှိ ကြောင်း သိရှိရသည်။

DOCA(မကွေး)

မကွေးဈေးကွက် ကြက်ဥဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းများတွင် ဥစားကြက် မွေးမြူသူများအနေဖြင့် ဈေးကောင်းရ၍ ဈေးကွက်ဝယ်လိုအားများနေသော်လည်း အစာဖိုးကုန်ကျစရိတ်သည် ထုတ်လုပ်မှုစုစု ပေါင်း ၇၀% ဖြစ်ကြောင်း သိရှိသည်။ ကြက်များအား အစာကျွေးမွေးရာတွင် အသင့်စားနှင့် ရောစပ် စာဟူ၍ ()မျိုးရှိသော်လည်း မွေးမြူရေးသမားများအနေဖြင့် ရောစပ်စာမှာ အသင့်စားအစာထက် ငွေကုန်ကြေးကျသက်သာသောကြောင့် ယေဘူယျအားဖြင့် ရောစပ်စာကိုသာ အများဆုံးကျွေးမွေးကြ ကြောင်းလဲ သိရပါသည်။ ရောစပ်စာတွင် ပါဝင်သော ကုန်ကြမ်းများမှာ ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း၊ ပဲဖက်၊ နှမ်းဖက်၊ ပဲပုပ်ဖက်တို့ဖြစ်ကြကြောင်းလည်း သိရှိရသည်။

      ကြက်ဥသည် ပရိုတင်းဓါတ်ကြွယ်ဝသည့်အပြင် အခြေခံလူတန်းစားများ လက်လှမ်းမီသော ဟင်းစာတစ်မျိုးလည်းဖြစ်သည်။ မကွေးဈေးကွက်အတွင်းရှိ လက်လီ ကြက်ဥဈေးနှုန်းများအနေဖြင့် ဇူလိုင်လ(ပထမပတ်)တွင် ကြက်ဥအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၄၀၀ / ၄၅၀/ ၅၀၀) ဈေးနှုန်းအသီးသီးရှိပြီး ဩဂုတ်လ(ပထမပတ်)တွင် ကြက်ဥအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၄၂၀/ ၄၆၀/ ၅၂၀)ဈေးနှုန်းအသီးသီးရှိသောကြောင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်ဥဈေးနှုန်းမှာ မြင့်တက်လာကြောင်း သိရသည်။

DOCA(မကွေး)

မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင်ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအားသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်(၂၈.၇.၂၀၂၅)ရက်နေ့ နံနက်(၀၆:၃၀) နာရီအချိန်မှစတင်၍ အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ ဆန်နှင့် စားအုန်းဆီများရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဘိုဘိုနှင့် မြို့နယ် စားအုန်းဆီလက္ကားကိုယ်စားလှယ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် စားအုန်းဆီ (၅၀ ကျပ်သား)ဘူးခွံအပါ တစ်ဗူးလျှင် ၃၅၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၀၀)နှင့် ဆင်းသု ခ ဆန်တစ်ပြည်လျှင် ၂၀၀၀/- ကျပ်တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၇)အိတ်၊ ကြက်ဥတစ်လုံးလျှင် (၃၅၀)ကျပ်ဖြင့် အလုံးရေ (၆၀၀)လုံးအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချခြင်းကို ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဖရဲသီဈေးနှုန်းဈေးကွက်

     မြင်းခြံမြို့သည် ဆည်ရေသောက်ဧရိယာ အသင့်အတင့်ရှိပြီး သစ်သီးဝလံပင်များ စိုက်ပျိုးလျက်ရှိရာ ဖရဲသီးအသေးမျိုးကို ရွာသာရွာ၊ ဖရင်းကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ၎င်းရွာများမှ ထွက်ရှိသည့် ဖရဲသီးများကို ဒေသတွင်းစားသုံးရန်နှင့် တောင်သာမြို့သို့လည်းတင်ပို့် ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် ဖရဲသီးတစ်လုံးလျှင် ၂၀၀၀-၃၀၀၀ ကျပ် ပေါက်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အရွယ်အစားအကြီးအသေးနှင့် အသီးလတ်ဆတ်မှု အပေါ် မူတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိကြောင်း၊ စားသုံးသူများပြားသဖြင့် ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။   ရေဓာတ်ပြည့်ဝသော ဖရဲသီးသည် ကိုယ်ခံအားကိုတိုး၍ အအေးမိတုပ်ကွေးရောဂါများသက်သာစေကြောင်း၊ အခွံတွင်ပါဝင် သော ရေဓာတ်သည် ကျောက်ကပ်ရောဂါသက်သာကြောင်း လေ့လာသိရှိရသည်။

  DOCA (မန္တလေး)      

 

 

မြင်းခြံမြို့၏ငှက်ပျောစိုက်ပျိုးထားရှိမှုနှင့်ကုန်ကျစရိတ်ဈေးနှုန်းဈေးကွက်

                      မြင်းခြံမြို့နယ်သည် ဥယျာဉ်ခြံ မြေလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ငှက်ပျော စိုက်ပျိုးခြင်း လုပ်ငန်းကိုလည်းလုပ်ကိုင်ကြောင်းသိရှိရသည်။ ဒေသတွင်းကျေးရွာများဖြစ်သော ပတ္တာရွာ၊  သင်္ဘောတင်ရွာ၊ ပိုက်တဲကုန်းနှင့် အနိမ့်ကျေးရွာများသည် ငှက်ပျောပင်များကို မိမိတို့ ခြံဝန်းများ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်းနှင့် စီးပွားဖြစ်လည်းစိုက်ပျိုး ကြကြောင်းသိရှိရ သည်။ ငှက်ပျောပင်များကို မိုးဦးမကျမီ မေလဆန်းပိုင်းတွင် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ဧကအနေ ဖြင့် (၁၁၅)ဧကခန့်စိုက်ပျိုးထားကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရ သည်။ ငှက်ပျောစိုက်ပျိုးရာတွင် လှံစို့သားတက်အပင်မြင့်မျိုးကို စိုက်ပျိုးထားကြောင်း၊ရခိုင်ငှက်ပျော မျိုးနှင့် ဖီးကြမ်းငှက်ပျောမျိုးကိုစိုက်ပျိုးထားကြောင်း၊ ငှက်ပျောပင်ကို(၇)ပေပတ်လည်အထိပင်ကြား တန်းကြား အကွာအဝေးထား စိုက်ပျိုးရကြောင်း၊ အထွက်နှုန်းကောင်းစေရန် တစ်ဧကငှက်ပျောပင် (၁၃၀၀)ခန့်စိုက်ပျိုးထားကြောင်း စိုက်ပျိုးပြီး (၅-၆)လအကြာတွင် ငှက်ပျောဖူးများမထွက်မီအချိန်၌ အပင်ခြေတွင် ဓာတ်မြေဩဇာကို ထည့်သွင်းကျွေးရမည်ဖြစ်ကြောင်း၊ ပန်းပွင့်ပြီးနောက် သားတက် တစ်ခုသာထားရှိပြီး မိခင်အပင်မှ မလိုအပ်သော သားတက်အားလုံးကို ဖယ်ရှားရန်လိုအပ်ကြောင်း၊ ငှက်ပျောကြီးထွားရန် ငှက်ပျောဖူး(အဖိုဖူး)အားဖြတ်ပေးရကြောင်း၊ မိုးရာသီတွင် ရေစိမ့်ဆင်းမှု ကောင်းရန်နှင့် အပင်ခြေရေမဝပ်စေရန် အပင်ခြေကိုမြေဖို့ပေးပါက အပင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးချိန်မှ(၈)လအကြာတွင် ငှက်ပျောသီးများရင့်မှည့်၍ စတင်ခုတ်ယူပြီး ဈေးကွက်သို့တင်ပို့ ရောင်းချကြောင်း၊  တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၉)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၉၀၀) အခိုင်ထွက်ရှိကြောင်း၊ ငှက်ပျောဖီးကြမ်း တစ်ဖီးလျှင် (၃၀၀၀-၄၀၀၀)ကျပ်ခန့်၊ ရခိုင်ငှက်ပျောဖီး တစ်ဖီးလျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ငှက်ပျောအဖီး အရည်အသွေးပေါ်မူ တည်၍ဈေးနှုန်းကွာခြားကြောင်း၊ ထွက်ရှိသော ငှက်ပျောသီးများကို ဒေသတွင်းစားသုံးရန်နှင့် သာရေးနာရေးပွဲများတွင်လည်း အသုံး ပြုသောကြောင့်ရောင်းချရကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် တောင်သာမြို့ သို့တင်ပို့ရောင်းချ ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၄)သိန်းကျပ်ဝန်းကျင်ခန့်   ရရှိကြောင်း ငှက်ပျောစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)      

 

အထက်မင်းလှမြို့၊ မယ်ဇလီတောကျေးရွာ၌ ပဲတီစိမ်းစိုက်တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ပန်းတောပြင်ကျေးရွာအုပ်စုရှိ မယ်ဇလီတောကျေးရွာ သည် ကုလားပဲ၊ ကြက်သွန်နီ၊ ဝါ၊ ပဲစဉ်းငုံ၊ နှမ်း၊ ခရမ်းချဉ်သီး၊ ပဲတီစိမ်း၊ သပြေပန်းနှင့် မေမြို့ပန်းတို့ကို ရာသီအလိုက်စိုက်ပျိုးကြပြီး ၂၀၂၅ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် တောင်သူ(၂၀)ဦးမှ ပဲတီစိမ်းစိုက်ဧက (၃၀)ဧကခန့်အား စိုက်ပျိုးထားကြောင်း သိရသည်။

     မယ်ဇလီတောကျေးရွာနေ တောင်သူတစ်ဦးမှ ၎င်းအနေဖြင့် ပဲတီစိမ်းကို(၂)ဧကခန့် စိုက်ပျိုး ခဲ့ကြောင်း၊ ယခင်နှစ် မိမိစိုက်ခင်းမှထွက်ရှိသည့် ပဲတီစိမ်းစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးပြီး ရေဆင်း-၁၁၊ ရေဆင်း-၁၄ မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ (၁)ဧကလျှင် မျိုး(၄)ပြည်ခန့်ကုန်ကျ ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ် အပါအဝင် ကျပ်(၆)သိန်းခန့်ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင်မှုူ လုပ်အားခစရိတ်မြင့်တက်လာ၍ ကျပ် (၇)သိန်းခန့်ကုန်ကျကြောင်း၊  အထွက်နှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် စတင် ထွက်ရှိခဲ့ပြီး (၁)ဧကလျှင် (၁၀)တင်းမှ (၁၃)တင်း ထိထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ်(၁၃၅၀၀၀)ခန့်ရရှိခဲ့၍ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၆၅၀၀၀၀-၁၀၅၅၀၀၀)ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ထို့ပွဲရုံများမှတဆင့် မန္တလေးမြို့သို့ တိုက်ရိုက်တင်ပို့ကြကြောင်း သိရသည်။ ယခုဩဂုတ်လ(ပထမတ်)တွင် ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းသီးနှံသည် ပြည်ပဝယ်ယူရှိသည့် သီးနှံဖြစ်သည့်အတွက် ယခုနှစ်တွင်မူ ရာသီဥတုသမမျှတ၍ ဈေးကောင်းရ သည့်အပြင် အထွက်နှုန်းပါကောင်းမွန်သည့်အတွက် တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

ကျေးလက်ဓလေ့ သရက်သီးခြောက်

     မြန်မာနိုင်ငံအလယ်ပိုင်း၏ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာရှိသော ရွာများသည် မိုးတွင်း ကာလ ဝါဆို၊ဝါခေါင်လများမှာ တစ်နယ်လုံး ရေလွှမ်းမိုးသည့် အခြေအနေသည် နှစ်စဉ်အမြဲ ကြုံတွေ့ နေရသည့် အခြေအနေဖြစ်သည့်အားလျော်စွာ  တနည်းအားဖြင့် ဒေသအခေါ် ရေကြီးသည် ဟူ၍ လည်း ခေါ်ဝေါ်ကြသည်။ ထိုကဲ့သို့ ရေကြီးသည့်အချိန်တွင် လှေများဖြင့်သာ သွားလာနေရပြီး တောင်သူလုပ်ငန်းများ ရပ်နားထားရသဖြင့် ဝင်ငွေရပ်တန့်နေရသည့်အချိန်အခါ ဖြစ်သည်။ ရှေးလူကြီးများ၏ အမြော်အမြင်ရှိမှုအရ ရေကြီးချိန်တွင် ဟင်းလျာအဖြစ် စားသုံးနိုင်ရန် အတွက် သရက်သီးများ ထွက်ပေါ်ချိန် တန်ခူး၊ ကဆုန်၊ နယုန်လများကတည်းက သရက်သီးစိမ်း အချို့ကို ဓားဖြင့် ပါးပါးလှီးဖြတ်ကာ နေပူလှန်း အခြောက်ခံ၍ လုံခြုံစွာထုတ်ပိုးသိမ်းဆည်းထားတတ်ကြလေ သည်။ ရေကြီးချိန်တွင် ၎င်းသရက်သီးခြောက်များကို အသား၊ငါးများဖြင့် ရောချက်ခြင်းဖြင့် လည်းကောင်း၊ ငရုတ်သီးစပ်စပ်ထည့်ကာ ငပိချက် ချက်စားခြင်းဖြင့်လည်းကောင်း၊ ကြိုက်နှစ်သက် သလို ချက်ပြုတ်စားသောက်လေ့ရှိကြသည်။

            သရက်သီးခြောက်များကို မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများမှ မြင်းခြံမြို့ပေါ်ရှိဈေးများ သို့ လာရောက်ရောင်းချလေ့ရှိကြပြီး ဈေးနှုန်းအနေနဲ့ ၂၅ကျပ်သားလျှင် ၂၀၀၀ ကျပ်နှုန်း၊ တစ်ပိဿာ လျှင် ၇၅၀၀-၈၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကျေးလက်ပြည်သူများအတွက် အပို ဝင်ငွေရရှိနေကြောင်း တင်ပြလိုက်ပါတယ်။

   DOCA (မန္တလေး

အုန်းသီးစိမ်းရည်ဈေးနှုန်းဈေးကွက်

    မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော အုန်းသီးစိမ်းများကို ရန်ကုန်မြို့နှင့် တောင်ငူမြို့ တို့မှ မှာယူ၍ ဒေသတွင်း ဖြန့်ဖြူးရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် မြို့မစည်ပင်သာယာဈေးနှင့် အေးမြသီတာဈေးများတွင် ရောင်းချနေသော အုန်းသီးစိမ်း တစ်လုံးလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် ပေါက်ဈေးများရှိကြောင်း၊ အုန်းစိမ်းရည်သည် ကျန်းမာရေးအရ အားပြည့်သောကြောင့် လူအများနှစ်သက်စွာ သောက်သုံးကြကြောင်း၊ အရည်ကို သောက်ပြီးပါက အတွင်းသားကို ဇွန်းဖြင့်ခြစ်၍လည်း စားသုံး၍ရကြောင်း၊ ဒေသတွင်းသောက် သုံးမှုများ၍ တွင်ကျယ်စွာ ရောင်းချရကြောင်း၊ အုန်းသီးရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ ဗီတာမင်စီပါဝင်၍ အရွယ်တင်နုပျိုစေပြီး ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်ကြောင်း၊ ကယ်လိုရီနည်း၍ အမျှင်ဓာတ်ပါဝင်ပြီး အစာကြေလွယ်ကာ ဇီဝကမ္မလုပ်ငန်းများကို မြန်ဆန် စေသည်။ အရက်သောက်ပြီးနောက် ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို အုန်းစိမ်းရည် သောက်သုံး ခြင်းဖြင့်ကိုယ်ခံအား မြှင့်တင်ပေးသည်။ မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော အုန်းသီး စိမ်းများကို ရန်ကုန်မြို့နှင့် တောင်ငူမြို့တို့မှ ဝင်ရောက်၍ ဒေသတွင်း ဖြန့်ဖြူးရောင်း ချကြောင်း အုန်းသီးရောင်းဝယ်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

     DOCA (မန္တလေး)

အညာက လက်ပံခေါင်း

    လက်ပံပင်တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ အညာဒေသရဲ့ မြို့နယ်အများအပြားမှာ ရွာတိုင်းလိုလို ပေါက်ရောက်လျက်ရှိကြပါတယ်။ တပေါင်း၊တန်ခူး၊ကဆုန်လတွေမှာ ဖူးကြ၊ပွင့်ကြ လေ့ရှိပြီး ခွေးရူးရောဂါဖြစ်ပွားမှုနှုန်းမြင့်မားတဲ့ရာသီမှာ ဖူးပွင့်ကြတဲ့အတွက် “လက်ပံပွင့်ချိန် ခွေးရူးချိန်” “လက်ပံလဲဖူး ခွေးလဲရူး” “လက်ပံလဲပွင့် ခွေးလဲလွင့်”လို့တောင် အဆိုအမျိုးမျိုးရှိကြ ပါတယ်။  အညာဒေသရဲ့ နွေဦးမှာ လေရူးတစ်ချက်ဝှေ့လိုက်တိုင်း ဝဲကာဝဲကာ ကြွေကျလာတဲ့ လက်ပံပွင့်နီနီလေးတွေကို မြင်ရတာဟာ အညာနွေရဲ့အလှကို လှစ်ဟပြနေဘိသကဲ့သို့ အညာ သရုပ်ကို ပီပြင်ပေါ်လွင်စေလှပါတယ်။ ပွင့်ချပ်လေးတွေက အနီရောင်ရဲရဲလေးနဲ့သော်လည်းကောင်း၊ လိမ္မော်ရောင်လေးတွေနဲ့သော်လည်းကောင်း ရှိနိုင်ပါတယ်။ အပွင့်ရဲ့အညှာ အညိုရောင်မာမာလေး မှာ ပွင့်ဆံလေးတွေနဲ့ ဝတ်ဆံတိုင်လေးတွေကလည်း လက်ပံပင်အောက် ရောက်တဲ့လူတိုင်း မကောက်ဘဲမနေနိုင်လောက်အောင် ချစ်စရာအသွင်သဏ္ဍာန်နဲ့ ဆွဲဆောင်နေပြန်ပါတယ်။ လက်ပံ ပွင့်ချိန်တွေမှာဆိုရင် လူကြီးလူငယ်အရွယ်စုံတို့ဟာ လက်ပံပင်အောက်ကို သွားပြီး လက်ပံပွင့် ကောက်ရတာဟာလဲ ကျေးလက်ရဲ့ပျော်ရွှင်ကြည်နူးဖွယ် ဓလေ့တစ်ခုအဖြစ် ယနေ့အချိန်ထိ တည်ရှိ နေဆဲပဲဖြစ်ပါတယ်။

    လက်ပံပွင့်ကို ရခိုင်သုပ်လေး သုပ်စားလည်း ကောင်းသလို ဆီချက်လေး မြေပဲလေးနိုင်နိုင်နဲ့ မြန်မာသုပ်လေး သုပ်စားတာကလည်း အတော်လေး စားကောင်းတာပါ။ လက်ပံပွင့်ရဲ့ ပွင့်ဖတ် တွေကိုခြွေပြီး အခြောက်လှန်းထားတဲ့ လက်ပံပွင့်ခြောက်ကို အညာဒေသရဲ့ ထူးထူးခြားခြား အခေါ် တစ်ခုကတော့ လက်ပံ‌ခေါင်းလို့ ခေါ်ကြတာပါပဲ။ အဲဒီလက်ပံခေါင်းကို နောက်ထပ်စားလို့ရတဲ့ နည်းကတော့ ချဉ်ရည်ချက်စားတာ၊ ပြုတ်ပြီး ငပိရည်လေးနဲ့ အတို့အမြှုပ်အဖြစ်တို့စားတာတို့ စားသောက်လို့ရပါသေးတယ်။ ဒီလိုအသုံးပြုစားသောက်လို့ရတဲ့ အညာဒေသရဲ့ ရိုးရာအစားအစာ တစ်ခုဖြစ်တဲ့ လက်ပံခေါင်းကိုတော့ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများမှ မြင်းခြံမြို့ရှိဈေးများသို့ လာရောက်ရောင်းချလေ့ရှိကြပြီး ဈေးနှုန်းအနေနဲ့ ၂၅ကျပ်သားလျှင် ၁၀၀၀ ကျပ်နှုန်း၊ တစ်ပိဿာ လျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ကျေးလက်ပြည်သူများအတွက် အပို ဝင်ငွေရရှိနေကြောင်း တင်ပြလိုက်ပါတယ်။

DOCA (မန္တလေး)

မင်္ဂလာရှိသော ကင်ပွန်းသီး

    ကင်ပွန်းသီးပင်သည် မြန်မာနိုင်ငံအနှံ့တွင် တွေ့ရသော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး၊ အရွက်များကို ဟင်းအရံအနေနှင့် အသုံးပြုကြသည်။ ပင်အရွက်များမှာ ချဉ်တဲ့အရသာရှိပြီး၊ နွေရာသီအပူဒဏ်လျော့စေပြီး ခံတွင်းမြိန်စေသည့် ချဉ်ရည်ဟင်းပြုလုပ်ရာတွင်ထိရောက်သည်။ အစေ့များကိုလည်း အသုံးပြုနိုင်ပြီး၊ ရိုးရာ မြန်မာ့ခေါင်းလျှော်ရည်ထဲထည့်ကာ ခေါင်းလျှော်ရာတွင် အသုံးပြုကြသည်။ ကင်ပွန်းသီးကို ရှေးယခင်နှစ်ပေါင်းများစွာမှသည် ယနေ့တိုင် မြန်မာယဉ်ကျေးမှု နယ်ပယ်၌ မင်္ဂလာရှိသည့် အသုံးဝင်မှုတစ်ရပ်အနေဖြင့် ထင်ရှားသည့် သဘာဝအသီးဖြစ်ပြီး မင်္ဂလာ ယူသည့် နေရာတိုင်းတွင် ကင်ပွန်းရေပက်ဖြန်းခြင်း၊ ကင်ပွန်းသီးဖြင့် ခေါင်းဆေးမင်္ဂလာပြုခြင်းတို့ကို ကျင့်သုံးလျက်ရှိကြသည်။

          အရွက်များနှင့် အသီးများသည် ဆေးဖက်ဝင်အနေဖြင့် အသုံးပြုနိုင်ပြီး၊ ဆံပင်ခြောက်သွေ့မှု၊ အရေပြားနှင့် အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေသည်။ အပင်ကြီးပင်သည် အမြင့် ၂၀-၃၀ ပေ ရှိပြီး ရွက်များသည် ရွက်ဆိုင်ထွက်သည်။ ကင်ပွန်းသီးပင်ကို ကင်ပွန်းချဉ်ပင်အဖြစ်လည်း လူသိများ ပေသည်။ ကင်ပွန်းသီးများသည် ရေနှင့်ရောစပ်မွှေပေးပါက ဆပ်ပြာကဲ့သို့သော အမြှုပ်များ ဖြစ်လာ ပြီး ရိုးရာကင်ပွန်းခေါင်းလျှော်ရည်အဖြစ် အသုံးပြုကြသည်။ ကင်ပွန်းသီးနှင့် တရော်ခေါက်တို့ ပေါင်းစပ်ပြီး ခေါင်းလျှော်ပါက ဆံပင်နှင့်ဦးရေပြားအတွက် များစွာအကျိုးပြုကြောင်း လေ့လာ သိရှိရသည်။ မြင်းခြံမြို့နယ်ရှိ ပျော်ဘွယ်၊ စံပြ၊ ခင်မကန်၊ သဲတော၊ တဲရွာ၊ သမုန်းကိုင်း စသည့် ကျေးရွာများတွင် အများအပြားစိုက်ပျိုးကာ ကင်ပွန်းသီးအခြောက်များကို မြင်းခြံမြို့ရှိ ဈေးများသို့ လာရောက်ရောင်းချကြကြောင်းနှင့် ကင်ပွန်းသီးခြောက် ၂၅ကျပ်သားလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။

      DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း