ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နာမည်ကြီးဟင်္သာတ မုန့်ဟင်းခါးအနှစ်လုပ်ငန်း “သီရိမေ”

မုန့်ဟင်းခါးသည် မြန်မာလူမျိုးများ၏ အကြိုက်ဆုံးအစားအစာ တစ်ခုဖြစ်ပါသည်။ မုန့်ဟင်းခါး များ ချက်ပြုတ်ရာတွင် ကိုယ်ပိုင်နည်းဟန်များ နှင့် ဒေသအကြိုက်များ ပေါင်းစပ်၍  ချက်ပြုတ်လေ့ရှိကြသည့်အတွက် ဟင်္သာတ မုန့်ဟင်းခါး၊ မြောင်းမြ မုန့်ဟင်းခါး၊ ငရုပ်ကောင်း မုန့်ဟင်းခါး၊ ပဲမုန့်ဟင်းခါး စသည်ဖြင့် မုန့်ဟင်းခါ ချက်ပြုတ်ရာတွင် ပါဝင်နေသည့် ပစ္စည်း များကို ထည့်သွင်းခေါ်ဝေါ်ခြင်း (သို့မဟုတ်) မုန့်ဟင်းခါးချက်ပြုတ်သည့် ဒေသအမည်ကို ထည့် သွင်း ခေါ်ဝေါ်တက်ကြပါသေးသည်။ ဟင်္သာတဒေသမှ ချက်ပြုတ်ရောင်းချသည့် မုန့်ဟင်းခါး သည်လည်း လူကြိုက်များလှသည့်အတွက် ရန်ကုန် ဆိုင်အချို့တွင်ပင် “ဟင်္သာတမုန့်ဟင်းခါး” ဟု အမည်တပ်၍ ရောင်းချရသည့်အထိ လူကြိုက်များလှပါသည်။

ဒါကြောင့် ဟင်္သာတတွင် မုန့်ဟင်းခါးဟင်းရည်များကို အနှစ်ပြုလုပ်၍သော်လည်း ကောင်း၊ အခြောက်မှုန့်ပြုလုပ်၍ သော်လည်းကောင်း လုပ်ကိုင်လာကြသည့် လုပ်ငန်းများစွာလည်း ပေါ်ထွက် လာခဲ့ပါတယ်။ ဟင်္သာမြို့ပြန်လက်ဆောင်အနေဖြင့်လည်း မုန့်ဟင်းခါး အနှစ်ထုပ်များမှာ အရောင်း သွက်ပြီး လူကြိုက်များလှပါတယ်။ အဆိုပါ မုန့်ဟင်းခါးအနှစ်ထုပ် များထဲမှ ၂၀၂၀ နောက်ပိုင်း တွင် နာမည်ကြီးလူကြိုက်များလာသည့် အမှတ်တံဆိပ်မှာ “သီရိမေ” ဖြစ်ပါသည်။ “သီရိမေ” မုန့်ဟင်းခါးအနှစ်လုပ်ငန်းကို ဟင်္သာတမြို့ရှိ ပန်းဘဲတန်းရပ်ကွက်၊ နတ်မော်လမ်း၊ အိမ်အမှတ် (၃၉)တွင် ဒေါ်ဝင်းလဲ့ရည် ဆိုသူမှစတင်၍ လုပ်သားအင်အား(၅)ဦး ခန့်ဖြင့် လုပ်ကိုင် ဆောင်ရွက် နေသော အသေးစားစက်မှုလုပ်ငန်းလေး တစ်ခုဖြစ်ပါသည်။ အသေးစား စက်မှုလုပ်ငန်း လိုင်စင် အမှတ် အစ-၁၄(၀၀၉၄၉) ရရှိထားသူ ဖြစ်တယ်လို့လဲ သိရှိရပါတယ်။ “သီရိမေ” စားသောက်ကုန် လုပ်ငန်းတွင် မုန့်ဟင်းခါးဟင်းရည်အနှစ် နှင့် အုန်းနို့ခေါက်ဆွဲဟင်းရည် အနှစ်များကို အထုပ် အကြီး၊ အလတ်၊ အသေး ဟူ၍ (၃)မျိုးခွဲ၍ ထုပ်ပိုးကာရောင်းချပါသည်။ မုန့်ဟင်းခါးဟင်းရည် အနှစ်တွင် ငါကြင်းဖြင့်ပြုလုပ်ထားသောဟင်းရည်အနှစ်၊ ငါးမြစ်ချင်းပြုလုပ်ထားသောဟင်းရည် အနှစ် နှင့် ငါးခူဖြင့်ပြုလုပ်ထားသောဟင်းရည်အနှစ် ဟူ၍ (၃)မျိုး(၃)စားရှိသည့်အတွက် ကြိုက်နှစ်သက်သလို ဝယ်ယူနိုင်ပါသေးတယ်။

          “သီရိမေ” စားသောက်ကုန် လုပ်ငန်းမှထုတ်လုပ်ရောင်းချသည့် မုန့်ဟင်းခါးဟင်းရည်အနှစ် နှင့် အုန်းနို့ခေါက်ဆွဲဟင်းရည်အနှစ်များ ကို လူကြိုက်များရခြင်းမှာ ဟင်းရည်အနှစ်များထဲတွင် ငါးဖယ် နှင့်  ဘဲဥများ ပါဝင်နေသည့်အပြင် အရသာမှာလည်း အိမ်ချက်မုန့်ဟင်းခါး စားရသည့် သဖွယ် လွန်စွာအရသာရှိလှသည့်အတွက် လူကြိုက်များရခြင်းဖြစ်ပါသည်။ “သီရိမေ” စားသောက် ကုန် လုပ်ငန်းအတွက် အသုံးပြုသောကုန်ကြမ်းများမှာ ဟင်္သာတဒေသထွက် ကုလားပဲ၊ ငါးကြင်း၊ ငါးဖယ်၊ နေကြာဆီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အရောင်တင်မှုန့် တို့ကို အသုံးပြု ထားတယ်လို့လဲ သိရှိရပါတယ်။ “သီရိမေ” စားသောက်ကုန်လုပ်ငန်းအား (၂၀၁၉) ခုနှစ်ခန့်မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှုအနေဖြင့် ကျပ်သိန်း(၃၀)ခန့် ရင်းနှီးမြုပ်နှံထားပြီး၊ တစ်နှစ်လျှင် အမြတ်ငွေ ကျပ်သိန်း(၄၀) ခန့်ရရှိသည့်အထိ အောင်မြင်ပြီး လူကြိုက်များတဲ့ အမှတ်တံဆိပ် တစ်ခုလည်းဖြစ်တယ်လို့ လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ပြန်လက်ဆောင် “မြတ်ရတနာ”

ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတမြို့သည် အောက်မြန်နိုင်ငံတွင် အရောင်းအဝယ် စည်ကားဖွံ့ဖြိုးသော မြို့ကြီးတစ်မြို့ဖြစ်သည့်အပြင် ရေလမ်းနှင့်ကုန်းလမ်း နှစ်မျိုးလုံး အသုံးပြု နိုင်ခြင်းကြောင့် ကုန်သွယ်မှုစည်ကားဖွံ့ဖြိုးသော မြို့ကလေး တစ်မြို့လည်း ဖြစ်ပါသည်။ ယခင်က ဟင်္သတ မြို့ပြန်လက်ဆောင်အနေဖြင့် ရာသီအလိုက်ထွက်ရှိသည့် ကညွတ်၊ မုန်လာဥ၊ ဒန့်သလွန်၊ ပီလောပီနံ၊ ပဲမြစ်၊ ထန်းမြစ်၊ မရွေး နှင့် ဟင်္သာတမုန့်ဟင်းခါးအနှစ်အထုပ်များမှာ ဟင်္သာတ အပြန်လက်ဆောင်အနေဖြင့် ဝယ်သွားလေ့ရှိကြပါတယ်။ ၂၀၁၂ ခုနှစ် နောက်ပိုင်း မှာတော့ ဟင်္သာတ မြို့ပြန်လက်ဆောင်အနေဖြင့် နာမည်ကြီးလာတာကတော့ “မြတ်ရတနာ” တံဆိပ်ဖြင့် ထုတ်လုပ်သည့် ဘာလချောင်ကြော် ၊ ငံပြာကြော် နှင့် ငါးပိထောင်း တို့မှာ နာမည် ကြီး လာပါသည်။

          “မြတ်ရတနာ” ဘာလချောင်ကြော် နှင့် ငံပြာရည်ကြော်လုပ်ငန်းကို ဟင်္သာတမြို့ရှိ ရုံးကြီးရပ်ကွက်၊ ရဲဖြတ်လမ်း၊ အမှတ်(၃၀၅) တွင် ဦးငွေစိုး ဆိုသူမှ စတင်၍ လုပ်သားအင်အား (၇)ဦး ခန့်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေသော အသေးစားစက်မှုလုပ်ငန်းလေး တစ်ခုဖြစ်ပါသည်။ အသေးစား စက်မှုလုပ်ငန်း လိုင်စင်အမှတ် အစ-၁၄(၁၉၉၉၉) ရရှိထားသူ ဖြစ်တယ် လို့လဲ သိရှိရပါတယ်။ “မြတ်ရတနာ” မှ မျှင်ငါးပိထောင်း၊ ငါးကတ်ကြေးကိုက်၊ ငါးငပိကြော်၊ ငါးပိ ခါးကျိုးကြော်၊ ငံပြာရည်ကြော်အစပ်၊ ငံပြာရည်ကြော်အစပ်ပေါ့၊ ဘာလချောင်ကြော်၊ ပုစွန် ခြောက်အချိုကြော်၊ ပုစွန်ခြောက်အချိုနှပ်၊ မရမ်းသီးငပိကြော် တို့ကို အဓိကထား ထုတ်လုပ် ပါသည်။ “မြတ်ရတနာ” မှ ထုတ်လုပ်သည့် စားသောက်ကုန်များအနက် ငါးကတ်ကြေးကိုက်မှာ လူကြိုက်အလွန်များပါတယ်။ “မြတ်ရတနာ” စားသောက်ကုန် လုပ်ငန်း၏ ပိုင်ရှင်ဖြစ်သူသည် ဟင်္သာတ မြို့ခံသူ ဖြစ် သည့် အတွက် ဟင်္သာတမှ ထွက်ရှိသောဒေသထွက် လတ်ဆက်သော ကြက်သွန်နီ၊ ကြက် သွန်ဖြူ၊ ငရုပ်သီး၊ ငံပြာရည် နှင့် မျှင်ငါးပိ တို့ကို ကုန်ကြမ်းအဖြစ် အသုံးပြု ထားသကဲ့သို့ အချိုမှုန့် သုံးစွဲထားမှုမရှိသည့်အတွက်လည်း “မြတ်ရတနာ” ၏နာမည် သတင်းမှာ တဖြည်းဖြည်းဖြင့် ကျော်ဇော်လာခဲ့ခြင်း ဖြစ်ပါသည်။ “မြတ်ရတနာ” စားသောက်ကုန် လုပ်ငန်း အား (၂၀၁၂) ခုနှစ်ခန့်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှုအနေဖြင့် ကျပ်သိန်း(၅၀၀) ရင်းနှီးမြုပ်နှံထားပြီး၊ တစ်နေ့လျှင်ရောင်းအား (၁၅)သိန်းကျော်ရရှိကြောင်း နှင့် တစ်နှစ်လျှင် အမြတ်ငွေ ကျပ်သိန်း(၆၀) ခန့်ရရှိသည့်အထိ အောင်မြင်ပြီး လူကြိုက်များတဲ့ အမှတ်တံဆိပ် တစ်ခုလည်း ဖြစ်ပါတယ်။ စားသောက်ကုန် လုပ်ငန်းအား ဒေသအတွင်း ဖြန့်ဖြူးရောင်းချ သော်လည်း လူကြိုက်များလာသည့်အတွက် တစ်ဆင့်ဝယ်ယူ၍ ရန်ကုန်တွင် ပြန်လည် ရောင်းချ သူ အများအပြားလည်း ရှိနေပြီဟု လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

တပိုင်တနိုင်လုပ်ငန်းမှသည် တိုးတက်အောင်မြင်လျက်ရှိသည့် ဇီးကုန်းမြို့နယ်မှ “ဖြိုး” ခြင်ထောင်ချုပ်လုပ်ငန်း

             ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ၊ ဇီးကုန်းမြို့နယ် ၊ အမှတ် (၁)ရပ်ကွက်၊ ရွာမလမ်းရှိ “ဖြိုး” ခြင်ထောင်ချုပ်လုပ်ငန်းသည် တစ်ပိုင်တစ်နိုင် စတင်ချုပ်လုပ် ဖြန့်ဖြူးခဲ့ရာမှ ယခုအခါတွင် တစ်နှစ် ရင်းနှီးငွေ  ငွေကျပ် သိန်း(၁၈၀၀)ခန့်ဖြင့် အရည်အသွေးနှင့် ထုတ်ပိုးမှုစနစ် ကောင်းမွန်စွာ တွင်တွင် ကျယ်ကျယ်ဖြန့်ဖြူး ရောင်းချနိုင်သဖြင့် လုပ်ငန်းအောင်မြင် လျက်ရှိကြောင်းသိရသည်။

            ခြင်ထောင်ချုပ်လုပ်ရန်အတွက် ကုန်ကြမ်းဖြစ်သော ဇာလိပ်နှင့် ပိတ်လိပ်များကို ရန်ကုန်မြို့ရှိ မြဝတီ နယ်စပ် ကုန်သည်များထံမှ ဝယ်ယူရရှိပါကြောင်း ခြင်ထောင်ချုပ် ချည်လုံးများအား ရန်ကုန်သိမ်ကြီးဈေးမှ ဝယ်၍ လုပ်သားအင်အား အသုံးပြုမှုအနေဖြင့် (cutting) ကျွမ်းကျင်ဝန်ထမ်း (၃)ဦး၊ မော်တာနင်း စက်ချုပ်အမျိုးသမီးဝန်ထမ်း (၁၂)ဦး ၊ မန်နေဂျာ (၁)ဦး စုစုပေါင်း ဝန်ထမ်း (၁၆) ဦးဖြင့် လုပ်ကိုင် ကြောင်းသိရသည်။ လုပ်သားခ အနေဖြင့်  (cutting) ဝန်ထမ်းတစ်ဦးလျှင် တစ်လ(၂၂၀၀၀၀)ကျပ်၊ စက်ချုပ်  (နေ့စား)ဝန်ထမ်း တစ်ဦးလျှင် တစ်ရက် ခြင်ထောင်အရေအတွက် (၇)လုံးခန့် ချုပ်လုပ်နိုင်၍ ခြင်ထောင်တစ်လုံး ချုပ်ခ (၁၂၀၀) ကျပ်ရရှိကြောင်း ၊ အကျိုးအမြတ်အားဖြင့် ခြင်ထောင် တစ်လုံး ငွေကျပ်  (၂၀၀၀ မှ ၃၀၀၀ )ရရှိကြောင်းသိရပါသည်။

            ကုန်ချော ထုတ်လုပ်နိုင်မှုမှာ လျှပ်စစ်မီး ရရှိမှုအပေါ်မှုတည်၍ တစ်ရက်လျှင် ခြင်ထောင် အလုံးရေ(၇၀)ခန့်  ထုတ်လုပ်နိုင်၍ သုံးစွဲသူစိတ်ကြိုက် Size စုံ (၁၀)မျိုးအား ထုတ်လုပ်ပါကြောင်း  အကြီးဆုံး Size 9

ft

6

ft

6

ft  (ဇာပွင့်ပါ)  ခြင်ထောင်တစ်လုံး ငွေကျပ် ၆၆၉၀၀၊  အကြီးဆုံး     Size 9

ft

6

ft

6

ft (ဇာပြောင်)  ခြင်ထောင်တစ်လုံး ငွေကျပ် ၅၄၃၀၀၊   အသေးဆုံး Size 3

ft

5

ft

6

ft (ဇာပွင့်ပါ)ခြင်ထောင် တစ်လုံး ငွေကျပ် ၃၂၅၀၀၊ အသေးဆုံး Size 3

ft

5

ft

6

ft (ဇာပြောင်)ခြင်ထောင် တစ်လုံး ငွေကျပ် ၂၅၈၀၀ ဖြင့်ဖြန့်ဖြူး ရောင်းချပါကြောင်း အဆင့်သတ်မှတ်ချက်နှင့် ပါကင်ထုတ်ပိုးမှုအား ရန်ကုန်မြို့တွင် လုပ်ကိုင် ဆောင်ရွက်ကြောင်း သိရပါသည်။

            ဈေးကွက်ဖြန့်ဖြူး ရောင်းချမှုအနေဖြင့် ရန်ကုန်၊ နေပြည်တော် ၊ မကွေး၊ ပြင်ဦးလွင် ၊ မန္တလေး ၊ ပြည်မြိုများသို့ တင်ပို့ရောင်းချလျှက် ရှိကြောင်း ”ဖြိုး” ခြင်ထောင် ထုတ်လုပ်‌‌ရောင်းချ ဖြန့်ဖြူးသည့် လုပ်ငန်း ရှင်ထံမှသိရပါသည်။ ထိုကဲ့သို့  MSMES လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာမှုသည် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိစေပြီး တပိုင်တနိုင် လုပ်ငန်းငယ်များ လုပ်ကိုင်ရာမှ ထုတ်ကုန်များအပေါ် အရည်အသွေးမြှင့်တင်နိုင်သော ထုတ်ပိုးမှု စနစ်များဖြင့် ဈေးကွက်ရရှိပြီး စီးပွားရေးလုပ်ငန်းများအား တိုးချဲ့လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်းရေးသား လိုက်ရပါသည်။

DOCA(ပဲခူး)

ကျိုက်လတ်မြို့နယ် ဒေသထွက်ကုန် အုန်းဆံကြိုးလုပ်ငန်းသို့ MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

          ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ကျိုက်လတ်မြို့ရှိ အမှတ်(၁)ရပ်ကွက်၊ ကားလမ်းဘေးရှိ ဦးနှိုင်လင်း၏ အုန်းဆံကြိုးလုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ ပါသည်။

             ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံက လုပ်ငန်းလည်ပတ်မှုအား စိစစ်ကြည့်ရာ၊ အုန်းခွံလှေတစ်စီးကို (၂၅၀၀၀)ကျပ်မှ (၃၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ အုန်းဆံကြိုး ထုတ်လုပ်ရန် ဆောင်ရွက်မှု့ အနေဖြင့် အုန်းခွံများအား အုတ်ရေကန်ဖြင့် (၂)ညခန့် ရေစိမ်ပြီး အမျှင်ထုတ်စက်ဖြင့် အမျှင်ထုတ်ခြင်း၊ သန့်ဇင်ခြင်း၊ သန့်ဇင်ပြီး အမျှင်များအား (၁)နာရီခန့် နေလှန်းခြင်း၊ အမျှင်များကို ဗိုင်းတောင်အဖြစ် လိမ်ပြီး ကြိုးကျစ်စက်ထဲသို့ နိုင်လွန်အပ်ချည်ရော၍ ကြိုးကျစ်ရကြောင်း၊ ရရှိလာသော အုန်းဆံကြိုးများအား (၁၅)လက်မ အရှည်အပတ် (၃၀)ခန့် အခင်းဖြစ်အောင်ပြုလုပ်ရကြောင်း သိရသည်။ အလုပ်သမား (၇)ယောက်ရှိပြီး တစ်ယောက်လျှင် တစ်နေ့လုပ်အားခ (၈၀၀၀)ကျပ် ပေးချေလျက်ရှိခြင်း၊ စက်မြင်းကောင်ရေ (၂၅)ဖြင့် လည်ပတ်နေပါသဖြင့် ဒီဇယ်(၅) ဂါလံကို (၂)ရက် လည်ပတ် ရကြောင်း နှင့် အုန်းဆံကြိုးစက်ရုံ(၁)ရက် လည်ပတ်လျှင် စုစုပေါင်း ကုန်ကျစရိတ်မှာ (၁၅၀၀၀၀) ကျပ်သိန်းခန့် ရှိပြီး ရရှိလာသော အုန်းဆံကြိုးများကို အထုံးကြီး တစ်ထုံးလျှင် (၁၀၀၀၀၀)ကျပ် ဖြင့် ရောင်းချရကြောင်း၊ မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြင့် လုပ်ကိုင်လျက် ရှိကြောင်း၊ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပန်းတနော် သင်ဖျာ ဈေးနှုန်း ဈေးကွက် အခြေအနေကွင်းဆင်း ဆောင်ရွက်

  ဧရာဝတီတိုင်းဓေသကြီး၊ မအူပင်ခရိုင်။ ပန်းတနော်မြို့နယ်မှထုတ်လုပ်သော ယူကေစိန်၊ ရွှေနန်းဦး၊ အမှတ်တရ၊ စိတ်ကြိုက် သင်နှင့် သင်ဖြူးဖျာလုပ်ငန်းကို (၁၁.၂.၂၀၂၅)ရက်နေ့က ကွင်းဆင်း၍ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ကွင်းဆင်းမေး မြန်းခဲ့သည်။

               အဆိုပါ သင်ဖြူးဖျာအရောင်းဆိုင်များအား ပန်းတနော် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ ကွင်းဆင်းမေးမြန်းရာ ဣဖျာဆိုင်များသည်  ရန်ကုန်-ပြသိမ်ကားလမ်းဘေးနှင့် ပန်းတနော်မြို့အတွင်းထဲ တွင်ရှိသော ရွှေးနန်းဦး ဆိုင်တို့မှ သင်ဖျာအကြမ်းများကို ပန်းတနော်ကျေးရွ,များမှာ မှားယူပြီး ကုန်ချောပြန် ယက်လုပ်ကြပြီး ဖျာအရောင်းဆိုင်ဖွင့်၍ ရောင်းချကြောင်းသိရသည်။ ယနေ့ သင်ဖြူးဖျာ ဈေးနှုန်းအနေဖြင့် ၇တောင် ဖျာ တစ်ချပ်ကို ၈၀၀၀၀/-၊၆တောင်ထွာဖျာ တစ်ချပ် ၇၀၀၀၀/-၊ ၆တောင်ဖျာ ၆၅၀၀၀/-၊၅တောင်ထွာ ဖျာတစ်ချပ် ၄၈၀၀၀/-၊ ၅၀၀၀၀/-၊ ၅တောင်ဖျာ တစ်ချပ် ၅၅၀၀၀/-၊ ၄တောင် ထွာ ဖျာတစ်ချပ် ၃၆၀၀၀/-၊ ၄တောင်ဖျာ တစ်ချပ် ၃၀၀၀၀/-၊၃တောင်ထွာ ဖျာ တစ်ချပ် ၂၅၀၀၀/-၊ ၃တောင်ဖျာ တစ်ချပ် ၁၉၀၀၀/-၊ နေရာထိုင်ဖျာ ၁ချပ် ၁၀၀၀၀/-၊ ၈၀၀၀/-၊ ကားစတီခုံအခင်း (အဝိုင်း၊ လေးထောင့်) ၈၀၀၀ ကျပ်၊ ၂ပေပတ်လည်ဖျာ ၂၄၀၀၀ကျပ်၊ ၁၈လက်မ ပတ်လည်ဖျာ ၂၈၀၀၀ကျပ်၊ ၆ပေ ၃ပေ တစ်ဖက်ချောဖျာ ၈၀၀၀၀ ကျပ်၊ ၆ပေ ၃ပေ နှစ်ဖက်ချောဖျာ ၁၀၀၀၀၀ ကျပ်၊  ၆ပေခွဲ ၅ပေ ၃လက်မ တစ်ဖက်ချောဖျာ ၈၀၀၀၀ ကျပ်၊ ၅ပေ ၄လက်မ ၂ပေဖျာ ၅၅၀၀၀ကျပ်၊  ၅ပေ ၄လက်မ ၄ပေ ၂လက်မ ဖျာ ၄၅၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၉လက်မ ဖျာ ၉၀၀၀၀ ကျပ်၊ ၆ပေ ၂ပေ ၁၀လက်မ ဖျာ ၇၀၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၆၀၀၀၀ ကျပ်၊  ၆ပေခွဲ ၅ပေ ၃လက်မ ၈၃၀၀၀ ကျပ်၊ ၆ပေ ၄ပေ (ခါးဆက်)ဖျာ ၇၀၀၀၀ ကျပ်၊ ၆ပေ ၄ပေ ၄လက်မဖျာ ၆၅၀၀၀ ကျပ်ရောင်းချနေသည်။ရောင်းချကြောင်း သိရှိရပါသည်။ ယခင်ဈေးနှုန်းထက် ၂၀၀၀၀ကျပ် မှ ၄၀၀၀၀ ကျပ်ထိ ဈေးမြှင့်တက်လာကြောင်း ပွင့်လင်းရာသီဖြစ်လာပြီး ဝယ်ယူသူများပြာလာခြင်း၊ လုပ်သားရှားပါး ၍ လုပ်သာခပိုမို လုပ်ခ တိုးပေးခြင်းကြောင်း ဈေးမြှင့်တက်လာခြင်းဖြစ်ကြောင်း ရောင်းချသူလုပ်ငန်းရှင်ထံမှ သိရသည်။

DOCA (ဧရာဝတီ)

စပါး/ဆန်ဈေးကွက် အခြေအနေ

          ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် စပါးဈေးကွက်အနေဖြင့် ဖေဖော် ဝါရီလပထမပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင် စပါးတင်း(၁၀၀)လျှင် (၁၇၈၄၀၀၀/)  ကျပ်ရှိခဲ့ရာမှဖေဖော်ဝါရီလဒုတိယပတ်တွင်(၁၆၅၆၀၀၀/)ရှိခဲ့သဖြင့်စပါးဈေးနှုန်းအနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း စပါးကုန်သည် တစ်ဦးထံမှ သိရှိရ ပါသည်။

          ဆန်ဈေးကွက်အနေဖြင့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဆင်းသုခ၊ မနောသုခ ဆန်  (အဟောင်း)တစ်ပြည်လျှင်(၄၅၀၀/)ကျပ်၊ တစ်အိတ်လျှင် (၁၀၈၀၀၀/)ကျပ်၊ဆန် သစ်တစ်ပြည် လျှင်(၃၀၀၀/)ကျပ်၊တစ်အိတ်လျှင် (၇၂၀၀၀/) ကျပ် ၊ပေါ်ဆန်းမွှေးဆန်(သစ်)တစ်ပြည်လျှင် (၆၅၀၀/)ကျပ်၊ကောက်ညှင်းဆန်တစ်ပြည်လျှင် (၇၀၀၀/)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချနေ လျက်ရှိကြောင်း ဆန်ကုန်သည်ကြီးများ ထံမှသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိဈေးများတွင်သင်္ဘောသီး အစိမ်းသီးများယခင်နှစ်ထက်ဈေးမြင့်လာ

            ပြည်မြို့ရှိဈေးကွက်များတွင် ယခုအချိန်ဖြစ်သော ဖေဖော်ဝါရီလတွင် သင်္ဘောသီး အစိမ်းသီးများရှားလာသဖြင့် ဈေးနှုန်းများလည်းမြင့်တက်လာခဲ့ပါသည်။  သင်္ဘောသီးအစိမ်းများကို သင်္ဘောသီးသုပ်သမားများကဝယ်ယူခြင်းရှိ၍ ဈေးများမြင့်တက်လာခဲ့ပါသည်။ ယခင်နှစ်က ပြည်မြို့၏ဈေးကွက်များတွင်ရောင်းချခဲ့သော သင်္ဘောသီးအစိမ်းဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင် ၁၀၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၇၀၀ကျပ်ဖြင့် ရောင်းချခဲ့ရာ ယခုနှစ်တွင် သင်္ဘောသီး အစိမ်းအကြီးတစ်လုံးလျှင် ၁၅၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၀၀၀-၁၂၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။   ပြည်မြို့ရှိဈေးကွက်များသို့ လာရောက်ရောင်းချလျှက်ရှိသော သင်္ဘောသီးများ ကို ရွှေဘုံသာ ရွာဘက်မှ လာရောက်ရောင်းချသလို ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြောင်းသိရပါသည်။ သင်္ဘောသီးအစိမ်းဈေးနှုန်းများကို ယခင်နှစ်ဈေးနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်မှာ အလုံးကြီးတစ်လုံးလျှင် ၅၀၀ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် ၅၀၀-၆၀၀ကျပ်အထိ ဈေးနှုန်းများမြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလပထမပတ် ပဲမျိုးစုံဈေးနှုန်း

            ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလပထမပတ်တွင် ပဲမျိုးစုံအရောင်း အဝယ်ဖြစ်လျက် ရှိပါ သည်။ ဖေဖော်ဝါရီလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို ၉၆၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၅၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီပထမပတ် ပဲစင်းငုံတစ်တင်ကို ၉၁၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၃၀၀ခန့်ရှိပါသည်။ ဖေဖော်ဝါရီလပထမပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၈၆၀၀၀-၈၇၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်နယ်စုံအဝယ် တစ်ရက်ကိုအိတ် ၂၅၀ခန့် ရှိပါသည်။ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၅၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို ၈၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် (၂၀၀)ခန့်အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို ၈၀၀၀၀-၈၁၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့်ရှိပါသည်။

           ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲသီးနှံများ အရောင်း အဝယ်သွက်လျက်ရှိပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ငရုပ်သီးခြောက် ဈေးနှုန်းအခြေအနေ

            ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ငရုပ်သီးခြောက်၊ အာလူးနှင့် ကြက်သွန်ဖြူတို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

            ကန့်ဘလူမြို့နယ်တွင် ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ငရုပ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀) (၅၀)ကျပ်သားလျှင်(၈၅၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀) နှင့် (၁၀)ကျပ်သားလျှင် ကျပ်(၂၀၀၀)ဈေးနှုန်း အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ငရုပ်၊ ကြက်သွန်ဖြူ /နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးအတွင်း ဖြစ်ပေါ်နေသော ‌ရွှေဖရုံသီး ဈေးနှုန်းအခြေအနေ

            ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း၌ ရွှေဖရုံသီးများကို ရောင်းချလျက်ရှိရာ ရွှေဖရုံသီးကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး ယခု ရာသီကာလများတွင် ကန့်ဘလူမြို့နယ် တစ်ဝိုက်ရှိ ကျေးရွာများ နှင့် ‌ရေဦးမြို့တို့မှ ဝယ်ယူ‌ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

            ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကန့်ဘလူမြို့၏ ရွှေဖရုံသီးဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး (အကြီး) တစ်လုံးလျှင်(၄၀၀၀)ကျပ်၊ ရွှေဖရုံသီး(အလတ်)တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီး (အ‌သေး) တစ်လုံးလျှင်(၁၅၀၀)ကျပ်၊ ‌ရွှေဖရုံသီး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းနှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း  ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံမျိုးစုံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း