ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့ရှိ ပေါ်ဆန်းစပါး ဈေးကွက်

           ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိက ဆန်စပါးစီးပွားရေး ဗဟိုချက်တစ်ခုအဖြစ် တည်ရှိပြီး ပတ်ဝန်းကျင်မြို့နယ်များဖြစ်သည့် ကျောင်းကုန်း၊ ငပုတော၊ မြန်အောင်စသည့်ဒေသများမှ ထွက်ရှိသော ပေါ်ဆန်းစပါးများ စုဝေးရာနေရာလည်းဖြစ်ပါသည်။ ပေါ်ဆန်းစပါးသည် ဆန်ဖြူဆွတ်ပြီး အနည်းငယ်ကြောင်ခြယ်ရှိခြင်း၊ စေ့ကြီးလုံးဝန်းခြင်း၊ ချက်ပြုတ်လျင် ဆန်ကြည်ဖြစ်ကာ ပွပြီး အနံ့အရသာကောင်းမွားခြင်းစသော ဝိသေသလက္ခဏာများကြောင့် ဈေးကွက်တွင် အရည်အသွေး ကောင်းစပါးအဖြစ် နာမည်ကျော်ကြားသည်။

          ပုသိမ်မြို့ရှိ ပေါ်ဆန်းစပါးဈေးကွက်သည် ပြည်တွင်းဆန်စပါးကဏ္ဍ၏ အရေးပါသောဈေးနှုန်း ညွှန်းကိန်းတစ်ခုအဖြစ် ရပ်တည်နေသည်။ ဤဈေးကွက်ရှိ စပါးဈေးနှုန်းသည် တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်ချက်တစ်ခုအဖြစ် သက်ရောက်မှုရှိပြီး ပုသိမ်ဈေးတက်လျှင် တစ်နိုင်ငံလုံး ဈေးတက်လေ့ရှိသည်။ ဈေးကွက်အတွင်း ပေါ်ဆန်းစပါးကို အရည်အသွေးအလိုက် ပေါ်ဆန်းထိပ်၊ ပေါ်ဆန်းလတ်၊ ပေါ်ဆန်းအောက်စသဖြင့် ခွဲခြားသတ်မှတ်ကာ ဈေးကွားခြားရောင်းချကြောင်း သိရသည်။

            လက်ရှိအချိန်တွင် လက်ရှိအချိန်တွင် ပုသိမ်ပေါ်ဆန်းစပါး ၁၀၀ ပြည် ဈေးနှုန်းသည် ကျပ် ၁,၅၀၀,၀၀၀ မှ ၁,၈၀၀,၀၀၀ ဖြစ်ပြီး  ၎င်းဈေးကွက်သည့် ရာသီဥတုဖောက်ပြန်မှုများ၊ စိုက်ပျိုးရေး ကုန်ကျစရိတ်မြင့်တက်မှုများ၊ နိုင်ငံရေး-စီးပွားရေး အခြေအနေများနှင့် နိုင်ငံတကာဝယ်လိုအား အတက်အကျတို့၏ သက်ရောက်မှုကို ခံစားနေရသည်။ သို့သော်လည်း နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ပေါ်ဆန်းဆန်၏ ဝယ်လိုအားမှာ ဆက်လက်ကောင်းမွန်နေသေးသဖြင့် ပုသိမ်မြို့သည် မြန်မာနိုင်ငံ၏ "ဆန်အိုးကြီး"၏  စပါးဈေးကွက်အဖြစ် ၎င်း၏အရေးပါမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း ရာသီစာ မန်ကျည်းသီးအစိမ်း ဈေးကွက်

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပုသိမ်မြို့ပေါ်ရှိ ဈေးကြီးများနှင့် ကျေးရွာဈေးများတွင် ယခုလို မိုးရာသီကုန်ဆုံးခါနီးကာလသည် ရာသီစာမန်ကျည်းသီးအစိမ်းများ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာသည့် အချိန်ဖြစ်ပါသည်။

          မန်ကျည်းသီးအစိမ်း ဈေးနှုန်းများမှာ စတင်ထွက်ရှိချိန်တွင် အခွံနှင့်အတူ တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ မှ ၅,၀၀၀ အထိ ရှိခဲ့ပြီး၊ ယခု စက်တင်ဘာလ တတိယပတ်အတွင်း မန်ကျည်းသီးအစိမ်းများ ပိုမိုထွက်ရှိလာသည့်အတွက် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၂,၅၀၀ မှ ၃,၅၀၀ ကျပ်ခန့်သို့ ကျဆင်းကာ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။

          ဒေသခံများသည် မန်ကျည်းသီးအစိမ်းကို ငါးပိချက်၊ ငံပြာရည်ချက်စသည့် ချဉ်ငန်ပြင်းရသာ ဟင်းလျာများတွင် အသုံးပြုရန်နှင့် ချဉ်ဖတ်ထောင်းကြော်ကဲ့သို့သော ဒေသတွင်းအစားအစာများပြုလုပ်ရန် ဝယ်ယူကြသည်ကို တွေ့ရပါသည်။ ရာသီတိုတောင်းသော ဤထုတ်ကုန်သည် ဈေးကွက်တွင် ရက်သတ္တပတ်အနည်းငယ်သာ ပျံ့နှံ့နေမည်ဖြစ်ပြီး စားသုံးသူများ၏ စောင့်မျှော်ဝယ်ယူမှုကို ခံယူလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း ဆူးပုတ်ရွက်ဈေးကွက်

          ဆူးပုတ်ရွက်သည် ဆူးပုတ်ပင်ရဲ့ အရွက်ဖြစ်ပြီး အနုအညွှန့်ကိုသာ စားသုံးကြပါသည်။ ရိုးတံမှာ အဆူးလေးများပါတတ်ပြီး အရွက်မှာ နူးညံ့ပြီး အရသာရှိသော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သည်။ ပုသိမ်မြို့နယ်အတွင်းတွင် ဆူးပုတ်ပင်ကို အိမ်ခြံဝင်းအတွင်းများနှင့် ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများ ရှိကြပြီး စီးပွားဖြစ် စိုက်ပျိုးသူများလည်း ရှိကြောင်း တွေ့ရှိရပါသည်။ ယခုလို မိုးရာသီကာလသည် ဆူးပုတ်ရွက်ထွက်ရှိမှု ပိုမိုကောင်းမွန်သည့် အချိန်ဖြစ်ပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ယခု စက်တင်ဘာလ တတိယပတ်အတွင်း ပုသိမ်မြို့နယ်ရှိ ဈေးကြီးများနှင့် ကျေးရွာဈေးများတွင် ရောင်းချနေသော ဆူးပုတ်ရွက်သည် တစ်စည်း (သို့) တစ်အိတ်လျှင် ကျပ်သား (၂၀) ခန့် ပါဝင် ပြီး ဈေးနှုန်း (၁,၅၀၀) ကျပ် မှ (၂,၀၀၀) ကျပ် အထိရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။ ဆူးပုတ်ရွက်ကို ငါးပိရည်ဖျော့ဖျော့နှင့် ချက်စားခြင်း၊ ပဲကြီးနှင့်ရောချက်ခြင်း၊ ကြက်ဥ၊ ဘဲဥများနှင့် ကြော်စားခြင်းများ ပြုလုပ်လေ့ရှိပြီး ဒေသခံများ၏ နှစ်သက်မှုကို ရရှိထားသည့် ဟင်းလျာတစ်မျိုးဖြစ်သည်။ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုနှင့်အတူ စိုက်ပျိုးသူများအတွက် အရောင်းအဝယ် သွက်လက်နေကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုံမှန်အရောင်းအဝယ်ဖြစ်သည့် ငရုတ်သီးစိမ်းဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေး၌  ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက် ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ လက်လီ(၁) ပိဿာလျှင် (၃၂၀၀)ကျပ်၊ လက်က္ကား(၁)ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင်(၁၆၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် တတိယပတ်အတွင်း ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ငရုတ်သီးစိမ်း(၁)ပိဿာလျှင် အနည်းငယ်ဈေးနှုန်းကျဆင်းသွား ကြောင်း၊ ငရုတ်သီးကို မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှလာ ရောက်ရောင်းချကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

“ပဲမြစ်ခင်းများ‌‌အောင်မြင်ဖြစ်ထွန်းလျက်ရှိ”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပါသည် ။ စိုက်ပျိုးသောသီးနှံများအနက်မှ ဝယ်လိုအားရှိပြီး မိသားစုတစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်ဝင်ငွေတိုးသော ပဲမြစ်သီးနှံကိုလည်း တောင်သူဦးကြီးများ ကတိုးချဲ့စိုက်ပျိုးလာကြပါသည်။

        ပဲမြစ်စိုက်ပျိုးမှုအနေဖြင့် (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁,၂၀၀,၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခုအချိန်တွင် ပဲမြစ်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပဲမြစ်ညွန်များလည်းထွက်‌ပေါ်လျက်ရှိပါသည် ။ စျေးထဲ၌ ပဲမြစ်ညွှန့် တစ်ဆယ်သားလျှင်(၅၀၀/-)ကျပ်နှုန်းဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲမြစ်စိုက် ပျိုးသော တောင်သူများသည် ပဲမြစ်ညွှန့်ကို ခူးရောင်း၍ရသလို၊ ပဲမြစ်သားသီးပေါ်လျှင်လည်း ခူးရောင်း၍ရသဖြင့်  အပိုဝင်ငွေရရှိစေသည့်အပြင် ပဲမြစ်ထွက်ပေါ်လျှင်လည်း စျေးကောင်းရရှိပါက တောင်သူများအနေဖြင့် တွက်ချေကိုက်သောကြောင့် ပဲမြစ်သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် ဂေါ်ရခါးသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ် သူများနှင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒေသထွက်သီးနှံများဖြစ်သည့် သင်္ဘောသီး၊ ရုံးပတီသီး၊ ဘူးသီး၊ ခဝဲသီး၊ ကျောက်ဖရုံသီး၊ သခွားသီးနှင့် ဂေါ်ရခါးသီးများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းအဝယ်ဖြစ် သည့်ဂေါ်ရခါးသီးဈေးနှုန်းများမှာ  အလုံးကြီး(၁)လုံးလျှင်(၇၀၀)ကျပ်၊  အလတ်(၁)လုံးလျှင်(၆၀၀) ကျပ်၊ အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ သခွားသီးအကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေးတစ်လုံး လျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)      

ပုသိမ်မြို့၏ နာမည်ကျော် တာကိုင်းပုစွန်ချဉ် ဈေးကွက်အခြေအနေ

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး ပုစွန်အပါအဝင် ရေထွက်ပစ္စည်းများ အလွန်ပေါကြွယ်ဝသော ဒေသဖြစ်သည်။ ဤသဘာဝအရင်းအမြစ်ကို အခြေခံ၍ ပုသိမ်မြို့သည် "တာကိုင်းပုစွန်ချဉ်" ဟူသော ဒေသတွင်းထင်ရှားသည့် ထုတ်ကုန်တစ်ခုကို မွေးထုတ်နိုင်ခဲ့ပြီး ယခုအခါ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပသို့ပါ တင်ပို့နိုင်သည်အထိ နာမည်ကျော်ကြားလာကြောင်း သိရသည်။

          ပုသိမ်မြို့နယ်၊ တာကိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများသည် ပုစွန်ချဉ်လုပ်ငန်း၏ ဗဟိုချက်မဖြစ်သည်။ ကျေးရွာအသီးသီးရှိ အိမ်တွင်းမှသည် စက်ရုံအလတ်စားအထိ လုပ်ငန်းပေါင်း အနည်းဆုံး ၂၀ မှ ၃၀ ခန့် အထိ စနစ်တကျ လည်ပတ်လျက်ရှိကြောင်း သိရသည်။ ဤလုပ်ငန်းများသည် မိသားစုဝင်များဖြင့် စတင်လုပ်ကိုင်ကြပြီး ဈေးကွက်တိုးချဲ့လာသည်နှင့်အမျှ လုပ်သားငှားကာ စီးပွားဖြစ် ထုတ်လုပ်လာကြောင်း သိရသည်။

          တာကိုင်းပုစွန်ချဉ်အတွက် အဓိကအသုံးပြုသည်မှာ ပုစွန်ကျော့ (သို့) ပုစွန်ကလေးများဖြစ်ပြီး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ သဘာဝအလျောက်ဖမ်းဆီးရရှိသော ပုစွန်များကို အဓိကထား အသုံးပြုသည်။ ပုစွန်များကို ဒေသခံငါးဖမ်းသမားများထံမှ တိုက်ရိုက်ဝယ်ယူပြီး လတ်ဆတ်မှုကို အလေးထားကြောင်း သိရသည်။

          တာကိုင်းပုစွန်ချဉ်၏ ထူးခြားကောင်းမွန်မှုရခြင်းမှာ ပြုလုပ်သည့် နည်းစဉ်နှင့် သန့်ရှင်းမှုတို့ကြောင့်ဖြစ်သည်။ ပြုလုပ်နည်းမှာ ၁.ရှေးဦးစွာ ပုစွန်ကလေးများကို သေချာစွာ ဆေးကြော သန့်စင်ခြင်း၊ ၂. သန့်ရှင်းသော အိုးကြီးများ (သို့) ဒယ်အိုးကြီးများ ထဲသို့ ပုစွန်၊ ဆား၊ ထမင်းဆန်မှုန့် (သို့) ဆန်ဆေးရည်တို့ကို အတိုင်းအတာ မှန်ကန်စွာ ရောနှောထည့်သွင်းခြင်း ၊ ၃. အချဉ်ပေါက်ချိန်ကို ရာသီဥတုအလိုက် ၃ ရက်မှ ၇ ရက်အထိ အတိအကျ ထိန်းသိမ်းထားခြင်း ၊ ၄. ထုပ်ပိုးရာတွင် ရေစိုခံနိုင်ပြီး လေလုံသော ပလပ်စတစ်အိတ်များ (သို့) ဖန်ပုလင်းများဖြင့် သန့်သန့်ရှင်းရှင်း ထုပ်ပိုးကြပြီး အမှတ်တံဆိပ်များ တပ်ဆင်ကာ ဖော့ဖောင်းအိတ်များဖြင့် ထပ်မံထုပ်ပိုးပြီး ပို့ဆောင်ကြကြောင်း သိရသည်။
          တာကိုင်းပုစွန်ချဉ်၏ ဈေးကွက်အနေဖြင့် ပုသိမ်မြို့အတွင်းရှိကျေးရွာဈေးများနှင့် အဓိကဈေးကြီးများတွင် အမြဲတမ်းဝယ်ယူရရှိနိုင်ခြင်း၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများသို့ အဓိက တင်ပို့ရောင်းချသည်။ ရန်ကုန်ရှိ ကုန်တိုက်ကြီးများတွင်ပင် ဝင်ရောက်ရောင်းချနေသည့်အပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား စသည့်နိုင်ငံများရှိ မြန်မာ့အစားအစာ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင် များသို့ ပုံမှန်တင်ပို့လျက်ရှိပါသည်။ ပြည်ပသို့ တင်ပို့သည့် ထုတ်ကုန်များသည် စံချိန်စံညွှန်းနှင့် ကိုက်ညီအောင် ပိုမိုသန့်ရှင်းပြီး အရည်အသွေးမြင့်စွာ ထုပ်ပိုးထားကြောင်း သိရသည်။

          လုပ်ငန်းတစ်ခုအတွက် ကုန်ကျစရိတ်နှင့် အမြတ်အစွန်းမှာ ထုတ်လုပ်မှုပမာဏပေါ် မူတည်သော်လည်း ပုစွန်ချဉ်လုပ်ငန်းသည် အိမ်တွင်းမှစ၍ စီးပွားဖြစ် လုပ်ကိုင်နိုင်သည့် ဝင်ငွေကောင်းရှိသော လုပ်ငန်းဖြစ်သည်။ ပုစွန်ချဉ် ၁၀ ပိဿာထုတ်လုပ်ရန် ကုန်ကျစရိတ်အနေဖြင့် ကုန်ကြမ်းနှင့် အခြားစရိတ်များ စုစုပေါင်း ကျပ် ၇၀,၀၀၀ ခန့် ကုန်ကျပြီး၊ ရောင်းဈေး ၁၀ ကျပ်လျှင် ကျပ် ၂,၀၀၀ မှ ၂,၅၀၀ အထိ ရနိုင်ကာ ကျပ် ၁၃၀,၀၀၀ မှ ၁၈၀,၀၀၀ အထိ အမြတ်အစွန်း ရရှိနိုင်ကြောင်း ခန့်မှန်းရသည်။ ပြည်ပသို့တင်ပို့ပါက ပို၍အမြတ်အစွန်းများပြားကြောင်း သိရသည်။

          တာကိုင်းပုစွန်ချဉ်သည် ဧရာဝတီတိုင်း၏ ဂုဏ်ယူစရာ ဒေသထွက်ကုန်တစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်သည်။ အနာဂတ်တွင် ထုတ်လုပ်မှုစံချိန်စံညွှန်းများ ပိုမိုပြဋ္ဌာန်းခြင်း၊ ပြည်ပဈေးကွက်ကို ပုံမှန်နှင့် ပိုမိုတိုးချဲ့နိုင်ရန် ထုတ်ကုန်ဒီဇိုင်းနှင့် ထုပ်ပိုးမှုကို ခေတ်မီတိုးတက်အောင် ပြုလုပ်ခြင်း၊ အွန်လိုင်းကနေတစ်ဆင့် တိုက်ရိုက်ရောင်းချခြင်းများ ပြုလုပ်နိုင်ပါက ဤထူးခြားသော မြန်မာ့အစားအစာသည် ကမ္ဘာ့ဈေးကွက်ထဲသို့ ပိုမိုခိုင်မာစွာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“နနွင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

        ကျောက်ဆည်ခရိုင်တွင် စပါး ၊ ပဲ ၊ ပြောင်း ၊ နှမ်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သော နနွင်းသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစ်သားမြို့နယ်တွင် စိုက်ဧက (၉၈၅)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ သိရှိရပါ သည် ။ နနွင်းသီးနှံကို မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးကြောင်း၊ နနွင်း(၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀)သိန်းကျပ် ကုန်ကျကြောင်း၊ အများဆုံး စိုက်ပျိုးသော ရွာများမှာ ရွာမုန်းကြီးရွာ ၊ တောင်ရိုး ၊ ကျွဲဆွဲ ရွာများဖြစ်သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နနွင်းဈေးနှုန်းများမှာ ထွက်ပေါ်ချိန်တွင် ဈေးကောင်းရရှိခဲ့သော်လည်း ယနေ့အချိန် ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ ထွက်ပေါ်ချိန်တွင် နနွင်းအစိုးတစ်စည်းလျှင် (၅)သိန်းကျပ်၊ နနွင်းတစ်ပိဿာလျှင် (၁၀၀၀၀/-)ကျပ် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယနေ့ အရောင်းအဝယ် ဖြစ်လျက်ရှိသည့် ဈေးနှုန်းများမှာ နနွင်းခြောက်တစ်ပိဿာလျှင် (၉၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။ နနွင်းသီးနှံသည် အိန္ဒိယသို့ အဓိကတင်ပို့ ရောင်းချလျက် ရှိကြောင်း၊ ယခုနှစ် နနွင်းထွက်ပေါ်ချိန်တွင် ယခင်နှစ်လောက် ဈေးနှုန်းမရှိနိုင်ကြောင်း၊ ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် နနွင်းခင်းများ ပိုမိုဖြစ်ထွန်း၍ ဈေးနှုန်းကျဆင်းမှု ရှိနေနိုင်သော်လည်း ယခုနှစ်အထွက်နှုန်းကောင်းမွန်နိုင်သည်ဟု ခန့်မှန်းရကြောင်း နနွင်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ပြင်ဦးလွင်ခရိုင်၊ မြို့မဈေးကွင်းဆင်းစစ်ဆေး”

       ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ပြင်ဦးလွင်မြို့၊ မြို့မဈေးကြီးတွင် ရောင်းချနေသော ဆိုင်ခန်းများအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ပြင်ဦးလွင်မြို့ ၊ မြို့မဈေးကြီးတွင် ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက် ရောင်းချနေသော ကုန်စုံဆိုင်များသို့ ကုန်ဈေးနှုန်းများ ကြီးမြင့်ရောင်းချခြင်း မပြုရန် စားသုံးသူနစ်နာဆုံးရှုံးမှုများ မရှိစေရန် ဆောင်ရွက်ခဲ့ပါသည် ။

    ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း လစဉ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးများဖြင့် ပွင့်လင်း မြင်သာမှုရှိစေရန် ဗီနိုင်းများ ချိတ်ဆွဲရောင်းချနိုင်ရေး သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

“ဝယ်လိုအားများ၍ ပန်းထိမ်ငိုခရမ်းစိုက်ပျိုးမှုများလာ”

        ပန်းထိမ်ငိုပန်းများကို ယခင်ကပြင်ဦးလွင်၊ ရွာငံဒေသစသည့် တောင်ပေါ်ဒေသများတွင်  အများဆုံး စိုက်ပျိုးကြသော်လည်း  ယခုအခါတွင် ကျောက်ဆည်မြို့နယ်၌ တစ်နိုင်တစ်ပိုင်စမ်းသပ် စိုက်ပျိုးလာကြပါသည်။

       ပန်းထိမ်ငိုပန်းများကို စိုက်ဘောင်စနစ်ဖြင့် နွားချေး၊ မြေဩဇာများထည့်ပြီး ရေမှန်မှန် သွင်းပေးခြင်းဖြင့် စတင်စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးရာတွင် အပင်ကို ကိုင်းထိုး စိုက်ပျိုးခြင်းနှင့် အမြစ်ရှိမျိုးဥများမှ စိုက်ပျိုးခြင်း နှစ်မျိုးဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးရာတွင် (၃)ပေ အကျယ် ဘောင်ရှည်တွင် ပင်ကြား၊ တန်းကြား (၁၀)လက်မအကွာစိုက်ပျိုးနိုင်ကြောင်း၊ မျိုးဥ တစ်ပိဿာတွင် အညှောင့်ထွက်ပြီးအပင် (၁၀၀)ကျော်ရရှိပြီး စိုက်ဘောင် တစ်ဘောင်လျှင် အပင် (၅၃၀) ခန့်စိုက်ပျိုးနိုင်‌ကြောင်း၊ ပန်းမျိုးဥများကိုပြင်ဦးလွင်မြို့မှ ဝယ်ယူရရှိပြီး မျိုးဥတစ်ပိဿာလျှင် (၃၀၀၀၀)ကျပ် နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊  စိုက်ပျိုးရာတွင် ဖေဖေါ်ဝါရီလမှ ဧပြီလအထိ စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၄၅-၅၀) အကြာတွင် ပန်းများကို စတင်ခူးဆွတ် ရကြောင်း၊ ယခုအချိန်တွင် ကျောက်ဆည်ဒေသ၌  ၎င်းပန်းထိမ်ငိုပန်းများ စတင်ထွက်ရှိနေပြီ ဖြစ်ကြောင်း၊  ပန်းခက်များအား စတင်ပွင့်သည်မှစ (၁၂) ပတ်အထိ ဖြတ်ခူးနိုင်ပြီး (၁၀)ခက်ပါ တစ်စည်းလျှင် (၂၀၀၀) ကျပ်နှုန်းရရှိကြောင်း၊  ပန်းပွင့်၏ အရောင်များမှာလည်း အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်ဟူ၍ ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဈေးများအတွင်း ပန်းဆိုင် များနှင့် ကျေးရွာများအတွင်း လှည့်လည်ရောင်းချသည့် ပန်းသည် များမှလာရောက် ဝယ်ယူကြ ကြောင်း၊ တစ်ကြိမ် ရင်းနှီးစိုက်ပျိုးရပြီး နောက်(၂)နှစ်တွင် ထပ်မံစိုက်ပျိုး၍ရသဖြင့် စိုက်စရိတ် သက်သာစွာဖြင့် စိုက်ဘောင်များကို ဆက်လက်ထားရှိ စိုက်ပျိုးနိုင်သဖြင့် တွက်ချေကိုက် စိုက်ပျိုးသင့်သော ပန်းမျိုးဖြစ်ကြောင်း စီးပွားဖြစ်ဝင်ငွေတိုးသော ပန်းထိမ်ငိုပန်းကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။     

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း