ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အစဉ်အလာမပျက် ရပ်တည်နေတဲ့ ချင်းရိုးရာအထည်

         မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ ( ၁၀၀ ) ကျော် ရှိရာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကားများဖြင့် တန်ဘိုးထားစွာ နေထိုင်ကြသည်ကိုတွေ့ရှိရမည် ဖြစ်သည်။ နေထိုင်ရာဒေသ မတူညီကြသည်နှင့် ကိုးကွယ်ယုံကြည်မှုများလည်း မတူညီကြပေ။ ဝတ်စားဆင်ယင်မှုများမှာလည်း မိမိတို့၏ ရိုးရာသင်္ကတများအလိုက် ကွဲပြားသွားကြပါသည်။

        တိုင်းရင်းသားလူမျိုးများအနက် ချင်းတိုင်းရင်းသား လူမျိုးများက လူမျိုးစု ( ၅၃ ) မျိုးဖြင့်နိုင်ငံ၏အနောက်ဘက်ပိုင်းတွင် နေထိုင်ကြသည်ကိုတွေ့ရသည်။ ချင်းတိုင်းရင်းသားများ အနက်နာမည်ကြီးသော တိုင်းရင်းသားဝတ်စုံများမှာ ဖလမ်းလူမျိုးတို့၏ ရိုးရာဝတ်စုံ၊ တီးတိန် လူမျိုးတို့၏ ရိုးရာဝတ်စုံ၊ ဇိုမီးလူမျိုးတို့၏ ရိုးရာဝတ်စုံ၊ ဟားခါးလူမျိုးတို့၏ ရိုးရာဝန်စုံများမှာ ချင်းတိုင်းရင်းသား ရိုးရာဝတ်စုံများအနက် လူသိများနာမည်ကြီးသော ရိုးရာဝတ်စုံများ ဖြစ်ကြသည်။

       ချင်းတိုင်းရင်းသားရိုးရာဝတ်စုံများကို အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံများမှ တင်သွင်းသော ချည်များဖြင့် ရက်လုပ်ကြသည်ကိုတွေ့ရသည်။ လက်ကောက်နှင့် ဒီဇိုင်းပေါ်မူတည်၍ဈေးနှုန်း များကလည်း ကွားခြားသွားကြပါသည်။ ရိုးရာဝတ်စုံများတွင် ချည်သားစစ်စစ်ဖြင့် ရက်လုပ်သောရိုးရာ ဝတ်စုံများရှိသကဲ့သို့ ပိုးချည်ဖြင့် ရက်လုပ်သော ရိုးရာဝတ်စုံများလည်း ရှိသည်။

      ချင်းအမျိုးသမီးများသည် ဆယ်စုနှစ်များစွာ ရိုးရာဂျပ်ခုတ်ရက်ကန်းလုပ်ငန်းသည် လူသိများပြီးထင်ရှားကြသည် ချင်းအမျိုးသမီးများသည် ဝါပင်များကို စိုက်ပျိုးကြပြီး ရရှိလာသည့် ဝါဂွမ်းများကို ဗိုင်းငင်၊ ချည်လုံး၊ ချည်ဆေးဆိုးနှင့် အဆင့်အဆင့်ပြုလုပ်ကြပြီး ချည်ထည်များကို လက်ရက်ကန်းစင်ဖြင့် အဆင်ဒီဇိုင်းမျိုးစုံဖြင့် တဘတ်၊ စောင်၊ လုံချည် ( ကွင်းပြည့် ) နှင့် ပတ်လုံချည် အမျိုးမျိုးကို ရက်လုပ်ကြပါသည်။

        ချင်းရိုးရာဝတ်စုံများသည် အလွန်လှပပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင်သာမက ပြည်ပ နိုင်ငံများကပါ ရိုးရာဝတ်စုံများကို နှစ်သက်မြတ်နိုးကြပါသည်။ ချင်းအမျိုးသမီးများသည် ရက်ကန်း ရက်ရာတွင် လူမျိုးစုပေါ်မူတည်၍ အလျားလိုက်သော်လည်းကောင်း၊ အစင်း၊ အကွက် ( သို့မဟုတ် ) ပန်းပွင့်ပုံများအပြင် ချင်းလူမျိုးတို့၏ သင်္ကေတဖြစ်သည့် အောက်ချင်းငှက် ပုံဖော်ထားသည့် ဒီဇိုင်းသည် အခြားဒီဇိုင်းများနှင့်မတူဘဲ ပေါ်လွင်လှပါသည်။

       ယခုအခါတွင် ချင်းတိုင်းရင်းသားရိုးရာဝတ်စုံများအပြင် တဘက်၊ စောင်၊ ဦးထုပ်၊ လက်ကိုင်အိတ်၊ ဆံထိုး၊ နားကပ်၊ ရောင်စုံလည်ဆွဲရှည်၊ လက်ကောက်၊ ဆံအုပ်၊ ကလစ်၊ အပေါ်ဝတ် စွယ်တာ၊ ပိုက်ဆံအိတ်နှင့် လွယ်အိတ်  စသည်ဖြင့် အမြတ်တနိုးဖြင့် လက်ဆောင်ပေးခြင်း၊ အမှတ်တရ ဝယ်ယူကြခြင်း၊ အခါကြီးရက်ကြီးများတွင် မိမိထက်သက်ကြီးရွယ်အိုများကို ကန်တော့ပစ္စည်းများ အဖြစ် ဒေသထွက်အမှတ်တရပစ္စည်းများအဖြစ် တန်ဖိုးထားလျက်ရှိကြပါသည်။

        ချင်းတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ရိုးရာဝတ်စုံပြည့်များကို ယင်းလူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံများကို မေ့ပျောက်မသွားစေရန်အတွက် ရိုးရာဝတ်စုံများကို ဘုရားကျောင်းတက်၊ ဆုတောင်းပွဲများ၊ မင်္ဂလာဆောင်အခမ်းအနားများတွင် တူညီဝတ်စုံများကို ဝတ်ဆုံပြည့် ဝတ်ဆင်လေ့ ရှိကြပြီး ဖေဖော်ဝါရီလ ( ၂၀ ) ရက်နေ့ ချင်းအမျိုးသားနေ့များတွင် ရိုးရာအကများနှင့် မြိုင်မြိုင် ဆိုင်ဆိုင်ကျင်းပလေ့ ရှိကြပါသည်။

          ချင်းရိုးရာဝတ်စုံတစ်ထည်လျင် ဈေးနှုန်းအနိမ့်ဆုံး ( ၆၀၀၀ ) ကျပ်မှသည် သိန်း ( ၁၀ ) ဂဏန်းထိရှိကြောင်း သိရှိရပါသည်။ ချင်းလုံချည်များရက်လုပ်ရာတွင် အဓိကအနေဖြင့် အိန္ဒိယ ချည်ကိုသာ အသုံးပြုမှုများပြီး အရောင်လိုအပ်ချက်များအရ ဒီဇိုင်းများဖော်ရန်အတွက် တရုတ်ချည် များကို အသုံးပြုပါကြောင်း သိရှိရပါသည်။ ချင်းရိုးရာအဝတ်အထည်ရက်လုပ်ရန်အတွက် ကုန်ကြမ်း ပစ္စည်းများဖြစ်သည့် အိန္ဒိယနိုင်ငံထုတ် ချည်တစ်ထုပ်လျင် ( ၃၈၀၀၀ ) ကျပ်၊ တရုတ် နိုင်ငံထုတ် ချည်တစ်ထုပ်လျင် ( ၄၂၀၀၀ ) ကျပ် ဈေးနှုန်းဖြင့် ပေး၍ ဝယ်ယူရက်လုပ် ကြရပါသည်။ ယခင်နှစ်များ ထက် ယခုနှစ်တွင် အိန္ဒိယချည်တစ်ထုပ်လျင် ( ၈၀၀၀ ) ကျပ်နှင့် တရုတ်ချည်တစ်ထုပ်လျင် (၁၆၀၀၀) ကျပ်ခန့် ဈေးနှုန်း မြှင့်တက်ခဲ့ပါသည်။

       ယခုအခါတွင် ရက်ကန်းရက်လုပ်ခြင်းသည် အမြတ်အနည်း/အများ ကွာဟမှုရှိပြီး အလုပ်သမားများမွေးမြူရာတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရန်အတွက် ကြိုတင်ငွေများ ထုတ်ပေးရပါကြောင်း၊ ရက်ကန်းရက်လုပ်ခြင်းအတတ်ပညာများ သင်ကြားလိုသူများအနေဖြင့်လည်း ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ မိမိကျွမ်းကျင်စွာ ရက်လုပ်နိုင်လျင် အဖိုးအခများပြန်လည် ပေး၍ ရက်ကန်းသမများ မွေးမြူရပါကြောင်း ဦးမြင့်ဦးဝင်းထံမှ မေးမြန်းသိရှိရပါသည်။

        ရက်ကန်းရက်လုပ်သူများအနေဖြင့် မိမိရက်လုပ်သော အထည်အမျိုးအစား ပေါ်မူတည်၍ လုပ်အားခရရှိပြီး၊ ရိုးရာဝတ်စုံ၊ ရိုးရိုးအထည်များ ရက်လုပ်မည်ဆိုပါက တစ်ရက်လျင်(၂ ) ထည်ခန့်ရက်လုပ်ပြီးစီး၍ ဒီဇိုင်းဆန်း၍ လက်ကောက်များသည့် လုံချည်ရက်လုပ်မည်ဆိုပါက တစ်ထည်လျင် ( ၂ ) ရက်ခန့် ရက်လုပ်ရပါကြောင်း သိရှိရပါသည်။

        အရောင်းအဝယ်များအနေဖြင့် ပုံမှန်ရောင်းဝယ်မှုရှိပါသည်။ ချင်းလုံချည်များအား မြို့နယ်တွင်း၊ ချင်းပြည်နယ်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာမြို့များအပြင် ယခုအခါတွင်ချင်းတိုင်းရင်း သားများသည် နိုင်ငံအနှံ့အပြားတွင်နေထိုင်လျက်ရှိပြီး ကနေဒါ၊ ဩစတေးလျ၊ မလေးရှား၊ စင်္ကာပူ နိုင်ငံများသို့လည်း ရန်ကုန်မြို့မှတဆင့် ချင်းရိုးရာလုံချည်အပါအဝင် လွယ်အိတ်၊ တဘက်၊ ပတ်ထမိန် များကို တင်ပို့ရောင်းချလျက်ရှိပါသည်။

    ချင်းလူမျိုးတို့သည့် မိမိတို့၏ နေရပ်ကိုစွန့်ခွါ၍ ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်မှုများရှိသော်လည်း မိမိတို့၏ ရိုးရာဓလေ့များကို တန်ဘိုးထား မြတ်နိုးကြသည့်အတွက် မည်သည့် အရပ်ဒေသသို့ရောက်ရှိစေကာမူ မိမိတို့၏ ရိုးရာဝတ်စုံများကို ဝတ်ဆင်၍ဘုရားကျောင်းတက်ခြင်း၊ ဆုတောင်းပွဲအခမ်းအနား၊ မင်္ဂလာပွဲအခမ်းအနားတွင် တူညီဝတ်စုံများဝတ်ဆင်သည့်ဓလေ့များကို တန်ဘိုးထားကြသည့်အတွက် ရိုးရာဝတ်စုံများ ပျောက်ကွယ်မသွားနိုင်ဘဲ တင့်သင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ကာ ခေတ်နောက်မကျစေဘဲ လှပတင့်တယ်မှုရှိကာ “ ဘယ်တော့မှ မရိုးတာ ရိုးရာပါဆိုသည့် ” စကားပုံနှင့်အညီ ချင်းရိုးရာဝတ်စုံများသည်လည်း ရေရှည်ရပ်တည်နိုင်မည့် ရိုးရာချည်ထည် ရက်ကန်းလုပ်ငန်း တစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။        

DOCA(စစ်ကိုင်း)

 

တောင်ငူမြို့နယ်အတွင်း စားအုန်းဆီရောင်းချမှုအခြေအနေ

             တောင်ငူမြို့နယ်အတွင်းတွင် ရပ်ကွက်ဈေးများအလိုက် စားအုန်းဆီးများကို သက်သာ သော ဈေးနှုန်းဖြင့် လှည့်လည်ရောင်းချလျက်ရှိပါသည်။ တောင်ငူမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ တွင် ယခုကာလဈေးနှုန်း စားအုန်းဆီ ၁ ပိဿာ လျှင် ၈၅၀၀ ကျပ်၊ ပဲစပ်ဆီ ၁ ပိဿာလျှင် ၉၅၀၀ ကျပ် နှင့် ပဲဆီ ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

               တောင်ငူခရိုင် ဦးစီးမှူး ဦးမျိုးအောင် နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည့် ဩဂုတ်လ ၅ ရက် နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၁၈) ရပ်ကွက် ၊ ပြည်တော်သာလမ်း၊ ဝက်ကုန်းဈေးတွင် စားအုန်းဆီးများ အခြေခံလူတန်းစားများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

              ရပ်ကွက်များရှိဈေးများအလိုက် စားအုန်းဆီရောင်းချရာတွင် လူ(၁)ဦးလျှင် (၁)ပိဿာနှုန်း အား တန်းစီမှုပုံစံဖြင့် ရောင်းချလျက်ရှိပြီး စားအုန်းဆီ (၁)ပိဿာလျှင် (၅၄၀၀) ကျပ်နှုန်းဖြင့် အခြေခံ လူတန်းစားများအား ရောင်းချပေးလျက်ရှိပါသည်။ ဤကဲ့သို့ ဈေးအလိုက် လှည့်လည်ရောင်းချမှု ကြောင့် အခြေခံလူတန်းစားများ စားအုန်းဆီကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိမှုရှိသဖြင့် အဆင်ပြေမှုများရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

             ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၂) ရက်နေ့မှ ဩဂုတ် လ (၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၂၀၀၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး(ကီလို)အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀ မှ ၂၀၀ ၊ အလုံးသေး ၁၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ် ကျပ် ၅၀၀ ၊ အလုံးသေး ကျပ် ၄၀၀ မှ ၃၀၀၊ တိုက်ကြီးမှ ကျွဲကောသီးအလုံးကြီး ကျပ် ၂၅၀၀ မှ ၂၂၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၇၀၀၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၂၀၀၊ ၁၀၀၀ မှ ၅၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး (အနီ)ဂျပ်ဖာအလုံးကြီး ၁၈ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၈၀၀၀ ၊ ရပ်စောက်၊ ပင်ပစ်မှ သရက်သီး(ရင်ကွဲ)အိတ်စွပ်အလုံးကြီး သေတ္တာအလုံး ၆၀ လုံးပါ ကျပ် ၂၅၀၀၀၊ အလုံးလတ် သေတ္တာအလုံး ၇၅ ပါကျပ် ၂၀၀၀၀၊ အလုံးသေး သေတ္တာအလုံး ၉၀ ပါကျပ် ၁၄၀၀၀၊ ရပ်စောက်၊ ပင်ပစ်မှ သရက်သီး (ရင်ကွဲ)အိတ်မစွပ် အလုံးကြီး သေတ္တာအလုံး ၆၀ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးလတ် သေတ္တာအလုံး ၇၅ ပါကျပ် ၁၀၀၀၀၊ အလုံးသေး သေတ္တာအလုံး ၉၀ ပါကျပ် ၈၀၀၀၊ တိုက်ကြီးမှ  ပီလောပီနံတစ်ပိဿာ အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀၊ အလုံးသေး ကျပ် ၃၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

စားသုံးသူပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဝါးတန်းကုန်စည်ဒိုင်အတွင်း ဆန်ရောင်းချပေးနေ

            မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်)တို့မှ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)အတွင်းတွင် (၃.၈.၂၀၂၂) ရက်နေ့မှစတင်၍ ရွှေဘိုပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင်တစ်အိတ်လျှင် ၇၅၀၀၀/- မှ ၇၇၀၀၀/- ၊ ကြားပျံ(ရှယ်) (၁၀၈)ပေါင်တစ်အိတ်လျှင် ၅၅၀၀၀/- မှ ၆၀၀၀/- ၊ ဧရာဝတီပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင်တစ်အိတ်လျှင် ၅၂၀၀၀/- မှ ၅၅၀၀၀/- ၊ ရက်-၉၀(ရှယ်) (၁၀၈)ပေါင်တစ်အိတ်လျှင် ၃၅၀၀၀/- မှ ၃၇၀၀၀/- တို့ဖြင့် ရောင်းချပေးလျက်ရှိရာ ၁၀.၈.၂၀၂၂ ရက်နေ့ထိ ရွှေဘိုပေါ်ဆန်း(ရှယ်)အိတ်ရေ (၇၄၁)အိတ်၊ ကြားပျံ (ရှယ်)အိတ်ရေ (၅၆၂)၊ ဧရာဝတီပေါ်ဆန်း(ရှယ်)အိတ်ရေ (၅၂၂)၊ ရက် ၉၀ (ရှယ်)အိတ်ရေ (၄၅၀)အိတ်၊ ဆန်အမျိုးအစားအလိုက် အိတ်ရေစုစုပေါင်း (၂၂၇၅)ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

နမ့်ဆန်မြို့ဝဥစိုက်ပျိုး မိသားစုဝင်ငွေတိုး

            ယခုအခါတွင် ဝဥပင်များကို နေရာဒေသမရွေး  စိုက်ပျိုးကြပြီး တချို့ဒေသများတွင် တောတောင်အတွင်း၌ သဘာဝအလျောက် ပေါက်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ တောင်ကျော်ရွာနေ တောင်သူတစ်ဦး၏ ပြောပြချက်အရ ဝဥစိုက်ပျိုးခြင်းလုပ်ငန်းကို တစိုက်မတ်မတ် စိုက်ပျိုးလာခဲ့သည်မှာ (၄)နှစ်ခန့်ရှိပြီဖြစ်ပြီး ဝဥမျိုးများကို ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှ ၁ပိဿာငါးထောင်ကျော်ကျပ်နှုန်းဖြင့် မတ်လနှင့် ဧပြီလများတွင် ဝယ်ယူစိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          အပင်စိုက်ပြီး လေးနှစ်သားအရွယ်တွင် ထုတ်ရောင်း၍ ရရှိနိုင်ပြီး ယခုအခါတွင် စိုက်ပျိုးစရိတ်၊ အလုပ်သမားခနှင့် သဘာဝမြေဩဇာ(နွားချေး) အကုန်အကျများသောကြောင့် ယခင်နှစ်များကဲ့သို့ ဈေးမရရှိသဖြင့် အချို့တောင်သူများမှာ ပြန်လည်စိုက်ပျိုးကြသော်လည်း အချို့တောင်သူများမှာ မျိုးဥများကိုရသည့်ဈေးနှင့် ရောင်းချရကြောင်း ပြောပြချက်အရ သိရှိရပါ သည်။

          ဝဥများကို တရုတ်နိုင်ငံနှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ယခင်က ဝဥထုတ် ကုန်များအား တရုတ်ပြည်အဝယ်ဒိုင်များမှ တိုက်ရိုက်ဝယ်ယူခဲ့သော်လည်း ယခုနှစ်တွင်  အဝယ်မရှိ သလောက်နည်းပါးပြီး ယခင်နှစ်ထက် ဈေးကျလာကြောင်း သိရှိရပါသည်။

          ဝဥစိုက်ပျိုးခြင်းကို စနစ်တကျ စိုက်ပျိုးလုပ်ကိုင်ပြီး လေးနှစ်မှ ငါးနှစ်ဝန်းကျင်ခန့်အထိ အချိန် ပေးစိုက်ပျိုးမည်ဆိုပါက တောင်သူများအတွက် မိသားစုဝင်ငွေများ တိုးပွားလာမည်ဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

 

         

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လဒုတိယပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းလျှင် ကျပ်၄၆၅၀၀၊ ပဲစဉ်းငုံတစ်တင်းလျှင် ကျပ် ၅၈၃၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၅၈၃၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၅၁၅၀၀၊ ကုလားပဲ 929 တစ်တင်းလျှင် ကျပ် ၅၂၈၀၀၊ ကုလားပဲ V2 တစ်တင်းလျှင် ကျပ် ၅၆၀၀၀၊ ကုလားပဲ V3,7 တစ်တင်းလျှင် ကျပ် ၅၆၈၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ဂျုံဖြူသန့်တစ်တင်းလျှင် ကျပ် ၄၇၀၀၀-၄၈၀၀၀၊ ဂျုံနီတစ်တင်းလျှင် ကျပ် ၄၆၀၀၀၊ ပဲကြီး(သစ်) တစ်တင်းလျှင် ကျပ် ၆၆၀၀၀-၇၀၅၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ကျပ် ၄၃၃၀၀၊ ပဲနီလုံးကြား တစ်တင်းလျှင် ကျပ် ၄၆၀၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်းလျှင် ကျပ် ၆၄၀၀၀-၆၅၀၀၀၊ ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၄၄၀၀၀၊  မြေထောက်ပဲ တစ်တင်းလျှင် ကျပ် ၅၈၀၀၀-၆၀၀၀၀၊ ပုဂံပဲ တစ်တင်းလျှင် ကျပ် ၆၅၀၀၀၊ ပဲလွန်းဖြူ တစ်တင်းလျှင် ကျပ် ၃၇၀၀၀၊ ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် ၃၃၅၀၀-၃၅၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ် ၁၄၃၀၀၊ ပြောင်းနီ တစ်တင်းလျှင် ကျပ် ၁၃၅၀၀၊ ပြောင်းဖြူ တစ်တင်းလျှင်ကျပ် ၁၄၀၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံ ပေါက်ဈေး နှုန်းများမှာ နှမ်းညို တစ်တင်းလျှင် ကျပ် ၆၀၀၀၀-၆၃၀၀၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၀၀၀၀-၇၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၈၀၀၀-၇၀၀၀၀၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၆၀၀၀၀-၆၃၀၀၀၊ နေကြာစေ့ တစ်တင်းလျှင် ကျပ် ၂၄၃၀၀-၂၇၄၅၀၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ် ၅၉၀၀-၆၀၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၀၀၀-၆၁၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ကျပ်၂၀၅၀-၂၁၀၀၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၁၄၀၀၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ် ၁၁၄၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲမျိုးစုံဈေးနှုန်းများ၊ ဂျုံသီးနှံဈေးနှုန်းများ၊ ပြောင်းသီးနှံဈေးနှုန်းများနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အားလုံးဈေးနှုန်းများ အနည်းငယ်တက်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး စားတော်ပဲ စိုက်ပျိုးထုတ်လုပ်မှုနှင့် အဟာရပြည့်ဝသည့် ပဲပြုတ်

           စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံ စိုက်ဧက(၂၄၅၂၁၅၈)ဧက အနက်မှ စားတော်ပဲ စိုက်ဧက (၅၃၆၀၇ )စိုက်ပျိုး ခဲ့သည့် အတွက် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စိုက်ဧက (၂၆၂)ဧက ပိုမိုစိုက်ပျိုးပါတယ်။ တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၃၃၈၈၀၀)ခန့် ကုန်ကျပါကြောင်း၊ ပေါက်ဈေး အနေဖြင့် တစ်တင်းလျှင် (၆၂၆၀၀) ကျပ်ရရှိကြောင်း၊ တစ်ဧကပျှမ်းမျှ အထွက်နှုန်းအနေဖြင့် (၁၆)တင်း ခန့် ထွက်ရှိပါသဖြင့် တစ်ဧကဝင်ငွေအနေဖြင့် ကျပ်(၁၀)သိန်းကျော် ရရှိပါကြောင်းလေ့လာသိရှိရပါတယ်။ တစ်ဧက အကျိုးအမြတ် အနေဖြင့် (၆)သိန်းခွဲကျော်ရရှိသဖြင့် တောင်သူများအတွက် တွက်ချေကိုက်သည့်သီးနှံ ဖြစ်တယ်အတွက် ဟုမ္မလင်း၊ မြင်သာ၊ ကက်သာကျေးရွာရှိ တောင်သူများမှ အဓိကစိုက်ပျိုးကြောင်း သိရ ပါတယ်။ တောင်သူများအတွက် အကျိုးရှိသည့်သီးနှံဖြစ်သည့်အပြင် စားသုံးသူပြည်သူများအတွက်လည်း မရှိမဖြစ်လိုအပ်သည့် သီးနှံတစ်ခုလည်းဖြစ်ပါတယ်။

       မြန်မာပြည်တွင် ခေတ်ရေစီးကြောင်းအလိုက် နေထိုင်မှု စနစ်ပြောင်းလဲလာသည်နှင့်အမျှ အစား အသောက်ပုံစံလည်း ပြောင်းလဲလို့ လာနေပါပြီ။ မည်သို့ပင်ပြောင်းလဲစေကာမှု၊ မပြောင်းလဲတာ တစ်ခုက တော့ ပဲပြုတ်စားသုံးသော ယဉ်ကျေးမှုလေးပါ။ ဘိုးဘွားဘီဘင်လက်ထက်မှစ၍ ယနေ့ထက်တိုင် မြန်မာ နိုင်ငံ၏ မြို့ရွာတိုင်းဒေသအသီးသီးမှာ “ဟောဒီက ပဲပြုတ်” ဆိုသော နံနက်ချိန်ခါ တေးသံသာကို ကြားရ စမြဲပါ။ ပဲပြုတ်ကို လွယ်လွယ်ကူကူ ထမင်းပူပူမှာ ဆီဆမ်းဆားဖြူး၍လည်းကောင်း၊ ထမင်းကြော်အဖြစ် တစ်ဖုံ၊ နံပြား/အီကြာကွေဖြင့်တွဲဖက်ကာ နံနက်စာအဆာပြေအဖြစ် လူကြီး/လူငယ်မရွေး၊ လူမျိုးဘာသာ မရွေး၊ ဆင်းရဲချမ်းသာမရွေး ခုံခုံမင်မင်စားသုံးနေကြတာပါ။ ဒါတင်မကသေးပါဘူး၊ ပဲပြုတ်သုပ်၊ ပဲပြုတ် ကြော်ဟင်းလျာများအဖြစ် စားသုံးနိုင်သလို ပဲပြုတ်ကို မျှစ်ဖြင့် ရောကြော်ကာ အရသာရှိရှိ စားသုံးလေ့ရှိ ကြပါသည်။ ထိုပြင် မြန်မာ့ရိုးရာ မုန့်ပဲသွားရည်စာများဖြစ်ကြသော ရေမုန့်/မုန့်လင်မယား/ ကောက်ညှင်း ပေါင်း/ လမ်းသရဲမုန့်တို့မှာလည်း ပဲပြုတ်ပါမှ ပြီးပြည့်စုံမှာပါ။

    “ပဲပြုတ်”ဆိုသည်မှာ စားတော်ပဲကိုအညှောင့်ထွက်စေကာ ပဲပွလာအောင် ဆော်ဒါဖေါက်ပေးပြီး အရသာနှင့် အရောင်တို့အတွက် ထန်းလျက်ခဲလေးဖြင့် ပေါင်းခံပြုတ်ထားခြင်းပါ။ မိမိပတ်ဝန်းကျင်မှာ စားတော်ပဲပြုတ်ကို နိစ္စဓူဝမြင်တွေ့နေကြရသော်လည်း ကျန်းမာရေးအတွက် မည်မျှထိ အရေးပါကြောင်း ကိုတော့ သတိထားမိကြမည်မထင်ပါ။ ဆေးသိပ္ပံနည်းအရ ဓါတ်ခွဲစမ်းသပ်ကြည့်ရာ စားတော်ပဲပြုတ်ထဲ တွင်လူသားတို့ကျန်းမာရေးကို အထောက်အကူဖြစ်စေသော ဗီတာမင်နှင့် သတ္တုဓါတ်တို့ အလုံအလောက် ပါရှိပြီး ဘေးဖြစ်စေတတ်သော ကိုလက်စထရောလုံးဝမပါရှိသည့်အတွက် နေ့စဉ်စားသုံးပေးသင့်သော အဟာရဖြစ်ကြောင်း USDA (ခေါ်)အမျိုးသားအဟာရပြု စစ်တမ်းများနှင့် WHFoods တို့မှ အခိုင်အမာ ထောက်ခံထားကြပါသည်။

        ပဲပြုတ်ထဲတွင် အဆီဓါတ်နှင့် ကယ်လိုရီပါဝင်မှုမရှိသလောက် လွန်စွာနည်းပါးသော်လည်း အာ ဟာရ ဓါတ်ကြွယ်ဝသောကြောင့် ကိုယ်ခန္ဓာအလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ မှီဝဲစားသုံးသင့်ပါသည်။ ပဲပြုတ်ထဲတွင် ချေဖျက်လွယ်သော အမျှင်ဓါတ် အမြောက်အများပါရှိ၏။ ထိုအမျှင်ဓါတ်များသည် အစာ ခြေလမ်းကြောင်းအတွင်း အစာကို လှုပ်ရှားရွေ့လျားစေသည့် အလိုအလျောက်ကြွက်သားလှုပ်ရှားမှုကို အားပေးသဖြင့် ဝမ်းမချုပ်စေပါ။ စား‌တော်ပဲပြုတ်ထဲတွင် nicotinic အက်ဆစ်ပါရှိသဖြင့် သွေးထဲရှိ မကောင်းသော ကိုလက်စထရောကို လျော့ချပေးနိုင်သည်။ စားတော်ပဲသည် သံဓါတ်အရင်းအမြစ်ဖြစ် ခြင်းကြောင့် သွေးနီဥဆဲလ်များကိုကောင်းစွာတည်ဆောက်စေကာ သွေးအားနည်းရောဂါနှင့် အလွန်အမင်း မောပမ်းခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေပါသည်။ ထို့ပြင် အဆုတ်ထဲရှိ အောက်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ ပို့ဆောင်ပေးပါတယ်။

     စားတော်ပဲထဲတွင် Lutein နှင့် carotenoid တို့ပါရှိသဖြင့် ပဲပြုတ်ကို ပုံမှန်စားသုံးသောသူများ သည် အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် မျက်စေ့ရောဂါအမျိုးမျိုးနှင့် မျက်စေ့ရေတိမ်ရောဂါဖြစ်နိုင် ချေအလားအလာကို လျော့ချပေးနိုင်ကြောင်း နိုင်ငံတကာဆေးသိပ္ပံပညာရှင်များက အကြံပြုပေးထား တာကိုလည်း လေ့လာသိရှိရပါတယ်။ စားတော်ပဲပြုတ်တစ်ခွက်စာပမာဏထဲတွင် ဗီတာမင်ကေ ၄၄% ပါရှိသည့်ပြင် ဗီတာမင်ဘီလည်းပါရှိသဖြင့် အရိုးကိုကျန်းမာ သန်စွမ်းစေကာ ဟိုမုန်းအပြောင်းအလဲ ကြောင့် အရိုးကြွတ်ဆတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်း ထို့ကြောင့် ကလေး/လူကြီးများသာမက ကိုယ်ဝန်ဆောင်မိခင်လောင်းများပါ ပဲပြုတ်ကို စားပေးသင့်ပါတယ်။

     စားတော်ပဲထဲတွင် ဗီတာမင်ဘီဓါတ်ပေါင်းစုပါရှိကာ homocysteine ပမာဏကို လျော့ကျစေ သဖြင့် နှလုံးရောဂါအမျိုးမျိုးကို ထိထိရောက်ရောက်ကာကွယ်ပေးသည့်အပြင် နှလုံးရောဂါနှင့်ပတ်သက် ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းတို့ကိုလဲ မဖြစ်စေပါ။ ထို့ကြောင့် တစ်ပတ်လျှင် အနည်းဆုံး တစ် ကြိမ် စားပေးသင့်ကြောင်း ဆေးသိပ္ပံပညာရငိများက အကြုံပြုထားပါတယ်။ စားတော်ပဲထဲတွင် ဗီတာမင် အေ-ဘီ-စီ-အီး၊ omega-3 တို့ပါရှိသည့်ပြင် ဇင့်သတ္တုဓါတ်အလုံအလောက်ပါရှိ၏။ ထိုဓါတ်ပေါင်းစု များသည် လေပြွန်ဖောင်းပွသည့်ရောဂါ၊ မှက်ခရုရောဂါ၊ အယ်လ်ဇိုင်မား(ခေါ်) ဦးနှောက်အကြိုဇရာ ရောဂါတို့ကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရပါတယ်။ စားတော်ပဲပြုတ် ထဲတွင် glycemic ဓါတ်ပါဝင်မှုနဲပါပြီး သွေးထဲရှိ သကြားပမာဏကို ထိန်းပေးနိုင်ခြင်းကြောင့် ဆီးချို ရောဂါသည်များ အတွက် ပဲပြုတ်ဟာ အကောင်းဆုံးအဖော်မွန်ဖြစ်ပါတယ်။

    အဟာရဓါတ်ကြွယ်ဝသော ပဲပြုတ်ကို ဈေးဈေးပေါပေါနှင့် အလွယ်တကူရရှိနိုင်သဖြင့် နိုင်ငံတိုင်းတွင် ဆင်းရဲချို့တဲ့သူများအတွက် အသားဟင်းလျာဟု တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ ထို့ကြောင့် မိမိတို့လက်တကမ်းတွင် အလွယ်တကူဈေးနှုန်းချိုသာစွာ ရရှိနိုင်သော “စားတော်ပဲပြုတ်”လေးများကို နေ့စဉ်သုံးအစားအစာအဖြစ် စားသုံးသင့်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

ဆူးပုပ်စိုက်ပျိုးရောင်းချသူများ အဆင်ပြေနေ

         ဆူးပုပ်ပင်သည် မြန်မာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဖြစ်သည်။

        စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးကိုင်းမြေနုများပေါ်တွင် ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့မှ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့် ရာသီပေါ်သီးနှံ စိုက်ပျိုးလျက်ရှိရာ ဆူးပုပ်စိုက်ပျိုးခြင်းမှ ဝင်ငွေကောင်းစွာရရှိနေသဖြင့် ယခုအချိန်တွင်တွင် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လာကြသည်။ ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ကျေးရွာ အများစုမှာ ကိုင်းမြေနုများပေါ်တွင် ဆူးပုပ်ကြီး၊ ဆူးပုပ်ကလေးများစိုက်ပျိုးကာ မိသားစုဝင်ငွေရရှိနေကြောင်း ဆူးပုတ်စိုက်တောင်သူများထံမှ သိရသည်။

      ဆူးပုပ်ကြီးအမျိုးအစားများမှာ ဆူးကျဲမျိုး၊ ဆူးလတ်မျိုး၊ ဆူးစိပ်မျိုးဟူ၍ (၃)မျိုးရှိသည်။ ဆူးပုပ်ပင်စိုက်ပျိုးရာတွင် အစေ့တိုက်ရိုက်ချနည်းနှင့် အပင်ပေါက်စိုက်နည်း(မျိုးကိုင်းကူး)ဟူ၍ နှစ်မျိုးရှိပါသည်။ စိုက်ပျိုးမြေ (၁)ဧကလျှင် အပင်(၈၀၀၀)ခန့် စိုက်မြောင်းများဆွဲပြီး စိုက်ပျိုး နိုင်သည်။ ဆူးပုပ်မျိုးကိုင်းများကို ဩဂုတ်လ၊ စက်တင်ဘာလအတွင်းပြုလုပ်ကြပြီး တစ်လခန့် အကြာတွင် စိုက်ပျိုးရန်အနေထားဖြစ်ပြီး မြေထုတ်စည်းကိုင်းကိုဖြတ်ပြီး စိုက်ခင်းတွင် စိုက်ပျိုးကြ သည်။ မြေထုတ်စည်းစိုက်သားပင် စိုက်ပြီး(၆)လခန့်ရှိလျှင် ကိုင်းမကြီးများမှ ထွက်လာသော အညွန့်များကို အောက်ဆုံးမှ အရွက်တစ်လက်ချန်၍ ခူးရသည်။ စိုက်ပျိုးပြီးစ အပင်စတင်ခူးချိန်တွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အညွန့်(၃)ညွန့်ပါ အစည်းပေါင်း (၅၀၀)ခန့်ရသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၅)ရက်အနားပေးစနစ်ဖြင့် ခူးကြသည်။ ဖေဖော်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်းပေါင်း(၁၅၀၀)ခန့်ထွက်ပြီး နွေရာသီတွင်အရွက်ကြသဖြင့် အထွက်နှုန်းနည်းပြီး ဆောင်းရာသီနှင့် မိုးရွာသီတွင် အများဆုံးခူးယူပြီး ရန်ကုန်၊ မန္တလေးသို့ ဆူးပုပ် အထုံး(အကြီး) တစ်စည်းလျှင်(၁၀၀၀-၁၅၀၀)ကျပ်နှုန်းဖြင့် တင်ပို့ရောင်းချလျက်ရှိကာ ဝင်ငွေကောင်း နေကြောင်း သိရသည်။

    “ဆောင်းတွင်ဘက်ဆို ဖောက်သည်ပေးရောင်းချကြတယ်၊ ဖောက်သည်မှာတဲ့အပေါ် မူတည်ပြီး အညွန့်တွေကို ကိုက်ဖြတ်ရောင်းရတယ်၊ ဆူးပုပ်စိုက်ပျိုးထားတာ ပုံမှန်ဝင်ငွေလည်းရ တွက်ချေလည်းကိုက်တယ်၊ ကိုင်းမြေပတ်လည်မှာလည်း ဆူးပုပ်ပင်တွေနဲ့ စည်းရိုးလုပ်ထားတာ ဆိုတော့ အပိုဝင်ငွေလည်းရတာပေါ့”ဟု မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာ ဆူးပုပ်စိုက်တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီးသည် ဩဂုတ်လ(ဒုတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်နှင့် ကလေးခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ် ဈေးတတ်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဩဂုတ်လ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၂၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၇၈၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၂၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ပါ တစ်အိတ် ကျပ် ၅၃၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၇၈၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၂၅၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၃၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၉၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၃၅၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၂၈၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၁၀၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၈၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၂၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၇၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၉၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၃၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၇၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ (ပထမ)ပတ် တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၅၀၀၊ မန္တလေးသို့ အိတ်ရေ ၅၅၈၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၂၃၀၀) အိတ်၊ တန်အားဖြင့် (၆၆၁၅)  စီးထွက်ခဲ့ပြီး၊ ယခု ဩဂုတ်လ(ဒုတိယ )ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၆၄၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၈၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၂၁၄၀၀) အိတ်၊ တန်အားဖြင့် (၆၀၇၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၀၉၀၀) တန်အားဖြင့် (၅၄၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                  

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၇၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၇၀၀၀၀)ကျပ်၊ ကျွဲနက်၁၅း၁၅း၁၅ တစ်အိတ် (၉၇၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ် (၁၀၀၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၉၇၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၈၆၀၀၀)ကျပ်၊ ဇာမဏီ( ကွန်ပေါင်း) တစ်အိတ် (၆၁၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ် ဆေးအမျိုးအစားများဖြစ်သည့် ဆိုင်ကလုံး (မြန်မာ့သြဘာ) တစ်ဗူး (၅၅၀၀)ကျပ် ၊ တင်းရှန့် (Aventine) တစ်ဗူး (၅၅၀၀)ကျပ် ၊ မိုရယ်မုန် (သြဘာ) တစ်ဗူး (၁၆၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ) တစ်ဗူး (၁၄၀၀၀)၊ ရွှေတောနစ် (မြင်းကြား) တစ်ဗူး (၁၀၀၀၀) ကျပ်၊ ဖို့စတင်း (သြဘာ) တစ်ဗူး (၁၈၅၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း   သိရှိရသည်။

          ယခုအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်)) တစ်အိတ် (၁၀၀၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၈၅၀၀၀)ကျပ်၊ ကျွဲနက် ၁၅း၁၅း၁၅ တစ်အိတ် (၁၀၇၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ်(၁၁၅၀၀၀)၊ ပန်းဖူး (မြန်မာ့သြဘာ) တစ်အိတ် (၁၁၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ်(၉၇၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၆၄၀၀၀)ကျပ် ဖြင့်အရောင်းအဝယ် ရှိခဲ့ပြီး၊ ပိုးသတ်ဆေး အမျိုးအစားများဖြစ် သည့် ဆိုင်ကလုံး (မြန်မာ့သြဘာ) တစ်ဗူး (၅၅၀၀)ကျပ် ၊ ဆိုင်ကလုံး (မြန်မာ့သြဘာ) တစ်ဗူး (၅၅၀၀)ကျပ် ၊ တင်းရှန့် (Aventine) တစ်ဗူး (၆၀၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဗူး (၁၇၀၀၀)ကျပ်၊ အစီဖိတ်(သြဘာ) တစ်ဗူး(၁၅၀၀၀)ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဗူး (၁၀၀၀၀) ကျပ်၊ ဖို့စတင်း(သြဘာ) တစ်ဗူး (၁၉၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း