သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီမှောင်ခိုဈေးကွက်ကြီးထွားလာခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၂.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၈:၅၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မှော်ဘီမြို့မ ဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီကိုယ်စားလှယ် ဦးကျော်ဇင်နောင်၊ အမှတ် (၁၃/၁)၊ ရုံ(စီ)သည် မင်းရွာနှင့်လှပဒါးကျေးရွာတွင်လည်းကောင်း၊ ဒေါ်နွယ်နွယ်အောင် အမှတ် (၂၆/၂၇)၊ ရုံ(ဘီ-၂)သည် သင်တောရိုးကျေးရွာနှင့် လေ့ကျင့်ရေးရဲတပ်ရင်းတွင်လည်းကောင်းနှင့် ဦးခင်ဝင်း အမှတ်(၃၅/၃၆) ရုံ(ဘီ-၁)သည် စက်မှုဇုန်(မြောင်းတကာ)နှင့် လှည်းငုတ်ချောင်းကျေးရွာသို့ အရောက်စနစ်ဖြင့်ရောင်းချရာ စာအုပ်တစ်အုပ်လျှင် (၅၀)ကျပ်သားနှုန်းဖြင့် အလှည့်ကျစနစ် (၆)ရက်တစ်ကြိမ်သတ်မှတ်ရည်ညွှန်းဈေးအား (၂%)အမြတ်ယူ၍ ရောင်းချပေးပြီး ဆီလက်ကျန် သိုလှောင်ထားခြင်းမရှိပါကြောင်း မိမိတို့ဌာနမှလည်း သိုလှောင်ထားခြင်းရှိလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကို ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

MSME Talk Show စကားဝိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက ပါဝင်ဆွေးနွေး

      ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက ကျင်းပသော MSME Talk Show စကားဝိုင်းအစီအစဉ်ကို ပြည်သူ့ရင်ပြင်၊ ပြည်သူ့ဥယျာဉ်၌ နိုဝင်ဘာလက ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ဌာနဆိုင်ရာများမှအရာထမ်းအမှုထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရန်ကုန်တိုင်း‌‌ဒေသကြီးဦးစီးမှူးဖြစ်သူ ဦးကျော်ကျော်ညွန့်က အဖွင့်စကား ပြောကြားခဲ့ပါသည်။ ထိုနောက် Talk Show (စကားဝိုင်း) အစီအစဉ်ကို ပထမစကားဝိုင်းနှင့် ဒုတိယစကားဝိုင်း နှစ်ပိုင်းခွဲ၍ကျင်းပခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်သင်းရည်မွန်ဟန်က ဒုတိယစကားဝိုင်း အစီအစဉ်တွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ဒုတိယစကားဝိုင်း အစီအစဉ်ကို Moderator အဖြစ် ရန်ကုန်တိုင်းဒေသကြီးစက်မှု  ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ‌ ဒေါ်မူမူအေးက ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးကျော်ငြိမ်း၊ ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာမင်းဝန်၊ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်သင်းရည်မွန်ဟန်နှင့် စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာစိမ့်သန္တာထွန်းတို့က မေးမြန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုစကားဝိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူဒေါ်သင်းရည်မွန်ဟန်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ဆောင်ချက်များဖြစ်သည့် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းစဉ်များ၊ ကုန်အညွှန်းအမှတ်အသားစိစစ်ခြင်း လုပ်ငန်းစဉ်များ၊ စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား အသိပညာပေး ဆောင်ရွက်မှုများနှင့် စားသုံးသူတိုင်ကြားမှုများနှင့် ပတ်သတ်၍ ဖြေရှင်းဆောင်ရွက်သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီမှောင်ခိုဈေးကွက်ကြီးထွားလာခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ၂.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးသို့ ဈေးကွက်အတွင်း စားအုန်းဆီ မှောင်ခို ဈေးကွက်ကြီးထွားလာခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေး ဈေးတာဝန်ခံနှင့်ပူးပေါင်းပါဝင်လျက် ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များဖြစ်သော ဒေါ်ညိုညိုအေး၊ ဦးစိန်မြင့်နှင့် ကိုပြည့်ဖြိုးစံဆိုင်များတွင် စာအုပ်စနစ်ဖြင့် ရပ်ကွက်အလိုက် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် (၁)လလျှင် (၄)ကြိမ်ရောင်းပေးရပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ် (၂%)သာ အမြတ်တင်၍ရောင်းချပါကြောင်း၊ နံနက်(၀၈:၀၀) နာရီအချိန်မှ စတင်ရောင်းချပြီး ညနေပိုင်းအထိရောင်းချပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ တစ်နေ့စာတစ်နေ့ကုန်အောင် ရောင်းချပေးလျက်ရှိသည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်သာယာမြို့နယ်၌ စားအုန်းဆီမှောင်ခိုဈေးကွက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            ၂.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀:၅၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ပင်လုံဈေးတွင် ဈေးကွက်အတွင်း စားအုန်းဆီမှောင်ခိုရောင်းချနေမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ပင်လုံဈေး၊ တာဝန်ခံ ဦးစိုးမင်းထွဋ်မှ ပူးပေါင်းပါဝင်လျက် ဈေးအတွင်းရှိ ဦးဘိုဘိုရှန်၊ ဦးကျော်စွာစိုးနှင့် ဒေါ်အိအိခိုင် ကုန်မျိုးစုံဆိုင်များမှ နေ့စဉ်ရရှိသောခွဲတမ်းများအား ရပ်ကွက်အလိုက်၊ စာအုပ်စနစ်ဖြင့် နေ့စဉ်ရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်များမှ သတ်မှတ်ပေးသော ဈေးနှုန်းများအတိုင်းရောင်းချပြီး လက်ကျန်ဆီလည်းမထားရှိပါကြောင်း၊ မိမိတို့ဌာနမှလည်း သိုလှောင်ထားခြင်းရှိလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကို ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းခြင်း

             စားအုန်းဆီဈေးကွက်ဖြန့်ဖြူးရေးနှင့်ပတ်သက်၍ ကုမ္ပဏီများမှတစ်ဆင့်ခံ လက်လီ/ လက်ကား ကိုယ်စားလှယ်များသို့ ရောင်းဝယ်ဖောက်ကားရမည့် လက်ကားရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ချက်အရ (၂%) အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန်နှင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

            ယခုအခါ မြို့နယ်များတွင် စာအုပ်စနစ်ဖြင့်ရောင်းချပေးနေပြီး စာအုပ်တစ်အုပ်လျှင် တစ်ပတ် ၅၀ ကျပ်သားနှုန်း၊ ၁ ပိဿာနှုန်းတို့ဖြင့် (၁၀) ရက်လျှင်တစ်ကြိမ်ရောင်းချပေးနေ ကြောင်း၊ တန်းစီတိုးဝယ်ယူရသည့်စနစ်ပပျောက်ပြီး စာအုပ်စနစ်ဖြင့်သာ ကြိုက်နှစ်သက်သည့်အချိန် အဆင်ပြေသည့်အချိန် သတ်မှတ်ထားသည့်အချိန်တွင် လာရောက်ဝယ်ယူနေ ကြောင်း တွေ့ရှိခဲ့ရပါသည်။ 

           အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့်လည်း မြို့နယ်များတွင် စားအုန်းဆီရောင်းချလျှက်ရှိသည့်ဆိုင်များအား အပတ်စဉ်၊ လစဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါ သည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ ကြက်ခြံများသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အများပြည်သူသို့ ကြက်ဥ၊ ကြက်သားရောင်းချရန်’’ အစီအစဉ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ တောကျောင်းကျေးရွာနှင့် ဆူးကလပ်ကျေးရွာများသို့ အသားစားကြက်မွေးမြူသော ကြက်ခြံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

                ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တောကျောင်းကျေးရွာရှိ ဒေါ်အေးအေးမြင့် ကြက်ခြံ၊ ဒေါ်တင်လှဝေ ကြက်ခြံနှင့် ဦးမျိုးဇော်ကြက်ခြံ၊ ဆူးကလပ်ကျေးရွာရှိ ဦးစန်းဝင်ကြက်ခြံ၊ ဦးဖြိုးမောင်မောင်ဦး ကြက်ခြံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကြက်ခြံများတွင် ကြက်ကောင်ရေ (၃၀၀၀)ကျော် မွေးမြူထားကြပြီး ၎င်းကြက်များနှင့် ကြက်စာများကို ဖျာပုံ CP ကုမ္ပဏီမှ လာရောက်ချပေးကြောင်းနှင့် ၄၅ ရက်နှင့် ၆၀ ရက်များတွင် ကုမ္ပဏီမှ လာရောက်ထုတ်ယူရောင်းချကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့တွင် သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီနှင့်အတူ အခြေခံစားကုန်များရောင်းချ

      ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက် (၀၇း၀၀)နာရီအချိန်တွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများသည် မြိတ်မြို့၊ ရှားတောဝရပ် ကွက်ရှိ ရပ်ကွက်နေပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူရရှိနိုင်ရန် စားအုန်းဆီနှင့်အတူ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ ဆား၊ ငါး၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးတို့အား ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

“ ကော့မှူးမြို့နယ်၌ စားအုန်းဆီဈေးကွက်မှောင်ခိုရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌စားအုန်းဆီဈေးကွက်တွင် မှောင်ခိုရောင်းချနေခြင်းများဖြစ်ပေါ်နေမှုအခြေအနေအား နိုဝင်ဘာလ(၃၀)ရက်နေ့၊ နေ့လယ် (၁၀:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များ၊ အမှတ်(၂၂၆) ဗိုလ်ချုပ်လမ်းမြို့မရပ်ကွက်ရှိ စားအုန်းဆီကိုယ်စားလှယ်ဦးကိုလေး၊ ကုန်ခြေက်ဆိုင်ပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တွင်စားအုန်းဆီမှောင်ခိုဈေးကွက် ကြီးထွားလာခြင်းနှင့်စပ်လျဉ်း၍ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ဈေးဆိုင်များတွင် ဝယ်ယူမှုအခြေအနေနှင့်ဝယ်ယူသည့်စားအုန်းဆီများအား မှောင်ခိုဈေးကွက်ဖြင့် ပြန်လည်ရောင်းချမှုမရှိစေရေးတို့အတွက် စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင်(၅၀)ကျပ်သားနှုန်းဖြင့် အမှန်တကယ်ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး အသိပညာပေးဟောကြားခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့သို့ ဆန်ရောက်ရှိလာသဖြင့် အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

    မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များကို (၂၇.၁၁. ၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်မှ ဆန်တန်(၃၅၀)၊ အိတ်ရေ(၇၀၀၀) နှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်တန်(၂၃၂.၅)တန်၊ အိတ်ရေ(၄၆၅၀)တို့ ဝယ်ယူ၍ MV-စန္ဒီ(၁) ရေယာဉ်နှင့် MS-ရတနာခိုင်ထွန်(၇)ရေယာဉ်တို့ဖြင့် တင်ဆောင်၍ မြိတ်မြို့သို့ (၃.၁၂.၂၀၂၄)ရက်နေ့ တွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ရောက်ရှိလာသောဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ် ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းခရိုင်တွင် Talk Show အစီအစဉ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအကြောင်း အသိပညာပေးခြင်း

      အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆  ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာန (Community Center)  အခန်းမ၌ Talk Show အစီအစဉ် တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း အကြောင်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်မည့်သူတိုင်း Online ဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျှောက်ထားရမည့်အကြောင်း၊ အွန်လိုင်းမှတ်ပုံတင် လက်မှတ်လျှောက်ထားပြီးမှသာ ရောင်းချမည်ဖြစ်ကြောင်း၊ ပုံစံပါအချက်အလက်နှင့်အထောက် အထားများစိစစ်ခြင်းအား စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်အခြေအနေစစ်ဆေးခြင်းများ ဆောင်ရွက်ရမည့်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ Online စနစ်ဖြင့် ရောင်းချခြင်း ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ပါကြောင်း စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ