HighLight News

Powered by Drupal

ရွှေဘိုခရိုင် (၃/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ခုနှစ်၊ မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းအား (၄)ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

     (၈-၃-၂၀၂၃) ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ၊ ဥဒေါင်းမင်းဆီစက်လုပ်ငန်းရှင်နှင့် “ဦးတာနှင့် ညီများ” ဆီစက်လုပ်ငန်းရှင်၊ (၂၀-၃-၂၀၂၃) ရက်နေ့တွင် ရွှေဘိုခရိုင်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် သိန်းသန်းဖြိုးဆီစက်လုပ်ငန်းရှင်နှင့် ဇီးကုန်းလေးကျေးရွာရှိ ရက်ကန်းလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စုစုပေါင်းစီးပွားရေးလုပ်ငန်းရှင်(၆)ဦးအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ရောင်းချရမည်ဖြစ်ကြောင်း၊ အကယ်၍ ကုန်အညွှန်းအမှတ်အသားများကို ထုပ်ပိုးပစ္စည်းပေါ်တွင်ဖော်ပြရန် အခက်အခဲရှိလျှင် ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်၊ အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူထံသို့ တစ်ပါးတည်းပေးအပ်ရန်လိုအပ်ကြောင်း၊ စားသုံးဆီအမျိုးမျိုးတွင် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါ အကြောင်းအရာများကိုဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုခရိုင်၌ (၃/၂၀၂၃)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ လုပ်ငန်းဆောင်ရွက်ခဲ့မှုများ

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး”ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးများဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး(၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကိုသိရှိလေ့လာနိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန်ရည်ရွယ်၍ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ခုနှစ်၊ မတ်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၂)ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

    (၁၇-၃-၂၀၂၃) ရက်နေ့တွင် ရွှေဘိုခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား/သင်တန်းသူနှင့် ဌာနဆိုင်ရာဝန်ထမ်း (၃၀)ဦးအားလည်းကောင်း၊ မတ်လ(၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ် (၉)ရပ်ကွက်ရှိ ခရိုင်စီမံ ကိန်းဦးစီးဌာနတွင် ဌာနဆိုင်ရာဝန်ထမ်း(၁၅)ဦးအားလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်(၄၅)စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် မွန်ပြည်နယ်ဦးစီးမှူးတို့ အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

      (၂၉-၃-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်နှင့် အရာထမ်းများ၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် အရာထမ်းများသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မော်လမြိုင်စက်မှုဇုန်ရှိ “We Mon” အထည်ချုပ်စက်ရုံလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အထည်ချုပ်စက်ရုံအနေဖြင့် လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ထုတ်လုပ်မှုအခြေအနေ၊ ဈေးကွက်အခြေအနေ၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ဆွေးနွေးခဲ့ရာ "We Mon" အထည်ချုပ်စက်ရုံအနေဖြင့် မွန်ရိုးရာယဉ်ကျေးမှုအဝတ်အထည်များနှင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အစိုးရစက်မှုသင်တန်းကျောင်းဝတ်စုံများ၊ အသင်းအဖွဲ့ဝတ်စုံနှင့် အဝတ်အထည်အမျိုးမျိုးကို ထုတ်လုပ်၍ မွန်ပြည်နယ်အတွင်းသာမက မြန်မာပြည်၏ အခြားမြို့ကြီးများသို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် ပြည်ပကအမှာရှိလျှင် ပို့ပေးရကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့၌ ဆန်စပါးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့ပူးပေါင်းကျင်းပသော ဆန်စပါးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ အများပြည်သူထံ သဘောထားရယူဆွေးနွေးသည့်ဆွေးနွေးပွဲကို (၂၈-၃-၂၀၂၃) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ Hotel KS ၌ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်နှင့်အရာထမ်းများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူများ၊ မွန်ပြည်နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်များအသင်းလုပ်ငန်းရှင်များနှင့် စိုက်ပျိုးထုတ်လုပ်သောတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက အဖွင့်အမှာစကားပြောကြားရာတွင် ဆန်စပါးနယ်ပယ်၌ စိုက်ပျိုးထုတ်လုပ်သူတောင်သူများသာမက စပါးဝယ်ယူသူပွဲစားများ၊ စက်ပိုင်များ၊ ကုန်သည်များနှင့် ပြည်ပသို့တင်ပို့သည့်လုပ်ငန်းရှင်များအထိ အလွှာမျိုးစုံပါဝင်နေသဖြင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးဖွံ့ဖြိုးတိုးတက်မှသာ ဆန်စပါးကဏ္ဍတိုးတက်ပြီး နိုင်ငံစီးပွားမြှင့်တင်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဆန်စပါးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသောအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လက်တွေ့၌ အမှန်တကယ်အသုံးပြုနိုင်သည့် ဥပဒေကောင်းတစ်ရပ်ဖြစ်ရန်အတွက် အားလုံးကကျယ်ကျယ်ပြန့်ပြန့်ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ဆန်စပါးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ရှင်းလင်းခဲ့ပါသည်။ ထို့နောက် ဥပဒေ (မူကြမ်း) အပေါ် တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကာ အလုပ်ရုံဆွေးနွေးပွဲကို နေ့လယ် (၁၂း၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

    ၂၀၂၃ခုနှစ်၊ မတ်လ ၃၁ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရပါသည်။

     မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ(၁/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ပြီး မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး၊ နိုင်လယိတမက အဖွင့်အမှာစကားပြောကြားပြီးနောက်  ယခင်ဆောင်ရွက်ခဲ့သည့် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်  မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်၏ စတုတ္ထ (၃) လပတ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးမှုနှင့်ပတ်သက်၍ လျာထားချက်(၂၅)ကြိမ်၊ ဆောင်ရွက်(၄၁) ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုလျာထားချက်နှင့်ပတ်သက်၍ (၁၆)ကြိမ်၊ ဆောင်ရွက် (၅၈)ကြိမ်၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ လျာထားချက်(၈)ကြိမ်၊ ဆောင်ရွက်(၂၃)ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း၊  ၂၀၂၃ခုနှစ်၊ မတ်လ ၁၅ရက်နေ့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ကျင်းပခဲ့မှုနှင့် ၂၀၂၃ခုနှစ်၊ မတ်လ ၁၉ရက်နေ့၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းဖွင့်လှစ်ပြသခြင်းတို့ အားပြောကြားကြောင်း၊ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် ကုန်စည်အုပ်စုများရွေးချယ်သတ်မှတ်မည့်အစီအမံနှင့် ယခုတင်ပြမှုအပေါ်အစည်းအဝေး၏ အတည်ပြုဆုံးဖြတ်ချက်များချမှတ်နိုင်ရန် အသေးစိတ် Power Point  ဖြင့် ကော်မတီအဖွဲ့ဝင်များထံသို့ တင်ပြခဲ့ပါသည်။

  အဆိုပါတင်ပြချက်များအား မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များက အတည်ပြုရန်အချက်များ၊ အကြံပြုချက်များ၊ ဆုံးဖြတ်ရန်အချက်အလက်တို့ကို ကော်မတီအဖွဲ့ဝင်အသီးသီးက ပြန်လည်ဆွေးနွေး၍ အတည်ပြုခြင်း၊ အကြံပြုခြင်းနှင့် ဆုံးဖြတ်ရန်အချက်တို့အား ယခုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ကော်မတီအဖွဲ့ဝင်အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးကို နံနက်(၁၀:၂၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကချင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)ဖွဲ့စည်း

     ကချင်ပြည်နယ်အတွင်းရှိ စားသုံးသူများ အရည်အသွေးပြည့်မီသောစားသုံးဆီများကို အများပြည်သူသုံးစွဲနိုင်စေရေး၊ ဒေသအတွင်း စားသုံးဆီဖူလုံစေရေး၊ စားသုံးသူများ သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်ရေးနှင့် ပြည်နယ်အတွင်း ညီနောင်အသင်းအဖွဲ့များနှင့် လိုအပ်သည်များကို ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ရည်ရွယ်၍ (၂၈-၃-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းအခမ်းအနားကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များတက်‌‌ရောက်ခဲ့ပါသည်။

      အဆိုပါအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးက အသင်းအဖွဲ့၏စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များက အလုပ်အမှုဆောင်များရွေးချယ်၍ ကချင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)နှင့် မြစ်ကြီးနားခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)တို့ကို ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။

DOCA(ကချင်)

စားသုံးသူရေးရာကော်မတီအစည်းအဝေး(၃/၂၀၂၃)ကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်၏ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကားပြောကြား

    ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ မတ်လ ၃၀ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အစည်းအဝေးတွင် ချင်းပြည်နယ်၏ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားရာတွင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင်  စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့်  အများပြည်သူကို အသိပညာပေးလုပ်ငန်းများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် မိမိတို့ကော်မတီဝင်များအနေဖြင့် အားနည်းချက်၊ အားသာချက်များကို ဆန်းစစ်သုံးသပ်ခဲ့ပြီးဖြစ်၍  လာမည့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ လူသုံးကုန်သော်လည်းကောင်း၊ စားသုံးကုန်သော်လည်းကောင်း ဘေးန္တရာယ်ကင်းရှင်းပြီး  မိုပိုကောင်းမွန်သောကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် အားလုံးတက်ညီလက်ညီကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက လာမည့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

DOCA(ချင်း)

 

 

စားသုံးသူကာကွယ်ရေးအသိပညာပေးTalk Show ဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀-၃-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်နော်ကြူကြူ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စားသုံးရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဌာနကဆောင်ရွက်နေသည့်လုပ်ငန်းများကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၂၃)ပါ တားမြစ်ချက်များနှင့် အခန်း(၂၄)ပါ ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းကောင်း စသည့်အချက်များကို ရှင်းလင်းအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

 

ကရင်ပြည်နယ်၌ စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပ

      ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို (၃၀-၃-၂၀၂၃) ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ ဒု-ဥက္ကဋ္ဌ ဒေါက်တာဦးအောင်မြင့်ဟန်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

  အစည်းအဝေးတွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ ဒု-ဥက္ကဋ္ဌ ဒေါက်တာဦးအောင်မြင့်ဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဌာန၏ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များ၊ ယခင်လအစည်းအဝေးဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အမှာစာနှင့်တကွ တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသောကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။   

          အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင် (၈) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၇) ချက်ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

DOCA(ကရင်)

         

         

တရားမဝင်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ ဇလွန်-ရန်ကုန် ကားလမ်းမစစ်ဆေးရေးဂိတ်တွင် ဟင်္သာတခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့မှူးဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် (၃၀-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များသယ်ယူပို့ဆောင်မှုများမရှိစေရန် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ဒေသတွင်းရှိ အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် မျှတစွာယှဉ်ပြိုင်ရပ်တည်နိုင်ပြီး စားသုံးသူများအားကာကွယ်ပေးနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်းထိခိုက်မှုမရှိစေရေးတို့အားရည်ရွယ်၍ မော်တော်ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့်ဆီတင်ယာဉ်များတွင်သယ်ဆောင်လာသော ကုန်စည်နှင့်ကုန်ပို့လွှာများကိုက်ညီမှုရှိ/မရှိတို့အား စစ်ဆေးပြီး စုစုပေါင်းမော်တော်ယာဉ် (၅၇)စီးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News