HighLight News

Powered by Drupal

ငါးဘတ်အိုင်ကျေးရွာရှိ အောင်ချမ်းသာဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးသည် (၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့၊ ငါးဘတ်အိုင်ကျေးရွာသို့သွားရောက်၍ အောင်ချမ်းသာဆန်စက်ကြိတ်ခွဲလည်ပတ်မှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အောင်ချမ်းသာဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ စပါး/ဆန်ရောင်းဝယ်မှုအခြေအနေများ၊ စပါး/ဆန်လက်ကျန်နှင့် ဆန်တင်ပို့မှုစီးဝင်/စီးထွက်မှုအခြေအနေများကိုမေးမြန်းပြီးနောက် လက်ရှိဆန်ဈေးနှုန်းရောင်းဝယ်ဖြစ်ထွန်းမှု၊ မိမိဆန်စက်မှထုတ်လုပ်သော ကုန်စည်များစနစ်တကျထုတ်ပိုးမှုစနစ်နှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှု Gasifier သုံးစနစ်၊ စပါးခွံလောင်စာသုံးစနစ်၊ စပါးအခြောက်ခံစက်သုံးစွဲမှု အခြေအနေများကို လုပ်ငန်းခွင့်အတွင်း လေ့လာကြည့်ရှုစစ်ဆေးခဲ့ကာ ကန်(၃)ကန်စနစ်ဖြင့် ဆန်စက်ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီကို ဈေးကားဖြင့်ရောင်းချနေမှုအား စိစစ်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးသည် (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခမ်းရပ်ကွက်နှင့် လယ်တော်ရပ်ကွက်၌ စားသုံးဆီများကို  ဈေးကားဖြင့် ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချခြင်းအား စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့စိစစ်ကြပ်မတ်ဆောင်ရွက်ရာတွင် ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများက လက်ကားကုန်သည်များထံသို့ ဖြန့်ဖြူးပေးသည့်စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းကာ အမြတ် ၂ရာနှုန်းထက်မပိုသောဈေးနှုန်းဖြင့် ရပ်ကွက်များသို့ ဈေးကားဖြင့်လှည့်လည်၍ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းရောင်းချပေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကလည်း လာရောက်ဝယ်ယူကြသောပြည်သူများအား အဆင်ပြေချောမွေ့စွာဝယ်ယူရရှိနိုင်နိုင်ရန်လည်းကောင်း၊ အလေးချိန်မှန်ကန်မှုရှိစေရန်လည်းကောင်း၊ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရန်အတွက် စနစ်တကျတန်းစီစေခြင်းဖြင့်လည်းကောင်း လူတန်းစေ့ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ တန်းတူညီမျှရောင်းချစေရန် စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့ရှိ အလှကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်တာဝန်ခံသည် (၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မြို့မစည်ပင်ဈေးအတွင်းရှိ အလှကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသောကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် ညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ကုန်စည်များတင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြော်ငြာထားသောညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချကြရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည် များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို သိရှိလိုက်နာကြရန် အသိပညာပေးဆွေးနွေးခဲ့ကာ ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

စိုက်ပျိုးရေးပစ္စည်းရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၉-၅-၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့၊ ရေလဲကလေးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးရေးသုံးပစ္စည်းရောင်းချသောလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ကြပါသည်။

        အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပြည့်စုံစွာပါရှိစေရေးကိုရှင်းလင်းဟောပြောပြီး စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက် (၈) ချက်အကြောင်းကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၂၃)ပါ မည်သူမျှ စားသုံးသူ (သို့မဟုတ်) စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဦးကိုထိခိုက်နစ်နာစေရန် မရိုးမဖြောင့်သောသဘောဖြင့် ပြုလုပ်ခွင့်မရှိအောင် တားမြစ်ထားကြောင်း၊ ပုဒ်မ(၄၃)တွင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁)၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ (၆၈)အရ စီးပွားရေးလုပ်ငန်းရှင်မည်သူမျှ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ပုဒ်မ ၄၃ပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းမပြုရန်နှင့် ဥပဒေ၏ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းခဲ့ပြီး လုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စွန်တနီးကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာရှိ ဓမ္မာရုံတွင် ပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် “စားသုံးသူအခွင့်အရေးဦးစားပေး”ဟူသော ခေါင်းစဉ်ဖြင့် ပြည်သူများသိရှိနိုင်ရန် အသိပညာပေးဟောပြောခဲ့ကြပါသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်း၊ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူအပေါ် ထိခိုက်နစ်နာပြီး စိတ်ကျေနပ်မှုမရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ ၂၀၁၉ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွတ်တော်အမှတ်(၉)ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို အတည်ပြုဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊  အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်ကြောင်း၊ အခန်း(၉)တွင်ပါဝင်သည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုရှင်းလင်းပြီး ကုန်စည် (သို့) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းကို ပြည်သူအများစုလည်း သိရှိထားပြီးဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏  www.doca.gov.mmwebsite နှင့် Facebook Page တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာတွင် သက်သာသောဈေးနှုန်ဖြင့် စားအုန်းဆီများဖြန့်ဖြူး ရောင်းချမှုအား ဈေးကားစိစစ်ကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

     နိုင်ငံတော်၏ရည်ညွှန်ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသည့်စားအုန်းဆီများကို ကရင်ပြည်နယ်စားသုံးဆီကုန်သည်ကြီးများနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းက (၁၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ထုံအိုင်စံပြကျေးရွာတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဈေးကားစိစစ်ကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်၊၊

  စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်တွင်  အမြတ်၂ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့်ရောင်းချပေးကြောင်းနှင့် ကရင်ပြည်နယ်အတွင်း စားသုံးသူပြည်သူများသို့ စားသုံးဆီများအား ရုံးဖွင့်ရက်အတွင်း တစ်ရက်လျှင် ဈေးကား ၂စီးဖြင့် စုစုပေါင်းဆီပိဿာချိန် ၁၁၀၀ခန့်ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်၊၊

  ကရင်ပြည်နယ်အတွင်း အခြေခံလူတန်းစားပြည်သူများအနေဖြင့် စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိစေရေး၊ လက်ဝယ်စနစ်တကျ ရောက်ရှိစေရေး၊ ပစ္စည်းမှန်ဈေးနှုန်းမှန်နှင့်  အလေးချိန်မှန်ကန်စွာရရှိစေရေးအတွက် ကရင်ပြည်နယ်ဈေးကားစိစစ်ကြီးကြပ်ရေးအဖွဲ့ကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးအပါ ဝန်ထမ်း၃ဦး၊ သက်ဆိုင်ရာအသင်းမှ ကိုယ်စားလှယ်၁ဦးနှင့် စုစုပေါင်း ၄ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

 

 

SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အောင်ဆန်းငွေလာဆန်စက်သို့သွားရောက်၍ ကွင်းဆင်းလေ့လာ

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်တွင်းဌာနတာဝန်ခံ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ထုံးအိုင်စံပြကျေးရွာရှိ ဆန်တန်(၆၀)ကျ အောင်ဆန်းငွေလာဆန်စက်သို့သွားရောက်၍ စပါး/ဆန်ဈေးနှုန်း/ဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရပါသည်။

    ထိုသို့ ကွင်းဆင်းလေ့လာကြရာ ကရင်ပြည်နယ်အတွင်း စပါး/ဆန်သီးနှံ၏ ရာသီပိတ်ဈေးနှုန်းဖြစ်ပေါ်မှု၊ ဈေးကွက်ပေါက်ဈေးနှင့် စီးဝင်/စီးထွက်မှုအခြေအနေများ၊ ဈေးကွက်ဝယ်လိုအားနှင့် ဆန်/စပါးလက်ကျန်အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြောင်းနှင့် အောင်ဆန်းငွေလာဆန်စက်ပိုင်ရှင် ဦးအောင်ဇော်ထက်က ဒေသတွင်း ဆန်/စပါးမြင့်တက်လာမှုအခြေအနေနှင့် ဒေသထွက်စပါးများ ပြည်နယ်တွင်း စီးဝင်/စီးထွက်မှုနှင့် ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေများကိုလည်းကောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

     ကရင်ပြည်နယ်တွင် နွေစပါးရာသီပြီးဆုံးခဲ့ပြီး နွေစပါး(ကောက်သစ်)ဈေးနှုန်းများမှာ မြင့်တက်ခဲ့ကြောင်းနှင့် နွေစပါးလက်ကျန်မရှိတော့ဘဲ ပစ္စည်းပြတ်လပ်သည်အထိ ဈေးကွက်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

 

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      (၁၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် Online ပေါ်မှတစ်ဆင့် ဖြန့်ချိရောင်းချနေသောမျက်စိဆေးဝါးများရောင်းချနေမှုများရှိ/မရှိနှင့် သက်တမ်းကုန်လွန်သောဆေးဝါးများရောင်းချမှုရှိ/မရှိအား စစ်ဆေးကာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

                                      

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊  မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ  စစ်ဆေးရေးမှူး   ဦးကျော်မိုးလွင်သည် (၁၁-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေသောကုန်စုံဆိုင်(၅)ဆိုင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “Carabao” အမှတ်တံဆိပ်ပါ ခွန်အားဖြည့်အချိုရည်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက် စသည့်အချက်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်းရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များကို ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုမရှိသောကုန်စည်များကိုမရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

မိုးကောင်းမြို့နယ်၊ ပဲခူးစုကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊   မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ   ဦးဝင်းသိန်းဦး(ရုံးအုပ်)သည်   (၁၁-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ ပဲခူးစုကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်ကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊  စားသုံးသူနစ်နာဆုံးရှုံမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ စားသုံးသူ၏တာဝန်များဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့်တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့၍ ပြန်လည်ရှင်းလင်းခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - HighLight News