ထားဝယ်မြို့တွင်ဖြစ်ပေါ်နေသော ရုံးပတေသီးစျေးနှုန်း

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ စိုက်ပျိုး‌ရေးတောင်သူများသည် ရုံးပတေသီးများကို မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် စီးပွားဖြစ်တစ်နိုင်တစ်ပိုင် တိုးချဲ့စိုက်ပျိုးလာကြရာမှ ‌ဒေသတွင်းစားသုံးမှုများအပြင် အနီးပတ်ဝန်းကျင်မြို့နယ်များနှင့် ကျေးရွာများထိပါ စနစ်တကျတင်ပို့ ရောင်းချနိုင်သည်အထိ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိပါသည်။ ထားဝယ်မြို့နယ်နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများတွင် ရုံးပတေသီးများကို ရေရရှိနိုင်သည့် မြစ်ချောင်းနဘေး၊ ကမ်းဘေးများနှင့် ဥယျာဉ်ခြံများအတွင်း မြေလွတ်မြေလပ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ရုံးပတေသီးများသည် စိုက်ပျိုးပြီးရက်ပေါင်း ၄၅ ရက်မှ ရက် ၅၀ အကြာတွင် စတင်ဆွတ်ခူးနိုင်ပြီး နွေ၊ မိုး၊‌ ဆောင်း သုံးရာသီစလုံး တာရှည်ဆွတ်ခူးရောင်းချနိုင်သည့် သီးနှံဖြစ်ပါသည်။ ရာသီဥတုနှင့်မြေသြဇာများ အပေါ်မူတည်၍ ၂ ရက်မှ ၃ ရက်လျှင် တစ်ကြိမ် ပုံမှန်အသီးဆွတ်ခူးနိုင်သဖြင့် တောင်သူများအတွက် နေ့စဉ်နှင့်အမျှပုံမှန်ဝင်ငွေ ရရှိနိုင်စေပါသည်။ ထားဝယ်ဒေသထွက် ရုံးပတေသီးများကို ထားဝယ်မြို့ရှိ စည်ပင်သာယာစျေးကြီး၊ ကမ်းနားပျံကျ‌စျေးနှင့် ညနေစျေးများတွင် အဓိကတင်ပို့ ရောင်းချလျက်ရှိသလို ဒေသတွင်း ကုန်စိမ်းပွဲရုံများမှတစ်ဆင့် အခြားမြို့နယ်များနှင့် နယ်စပ်ဒေသများသို့ ကုန်ကားကြီးများဖြင့် တင်ပို့‌ရောင်းချလျက်ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း ထားဝယ်မြို့မဈေးတွင် ရုံးပတီသီး(၁) တောင့်လျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)