မြိတ်ဒေသတွင် ပုဇွန်အဆီစျေးကောင်းရရှိ

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်‌ဒေသထွက်ရေထွက်ကုန်များအနက် ပုဇွန်ထွက်ကုန်များမှာ စျေးကွက်အတွင်း ဝယ်လိုအားရှိနေပြီး ပုဇွန်နှင့်ဆက်စပ်ကုန်များမှာ စျေးနှုန်းကောင်းမွန်စွာရရှိနေပါ သည်။ မြိတ်ဒေသထွက်ပုဇွန်ထုတ်ကုန်များသည် ပြည်တွင်းစျေးကွက်သာမက ရေထွက်ကုန်လုပ်ငန်းများနှင့်ချိတ်ဆက်၍ ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး အရည်အသွေး၊ အရွယ်အစားနှင့် ထုတ်လုပ်မှုပုံစံပေါ်မူတည်၍ စျေးနှုန်းပြောင်းလဲနိုင်ပါသည်။ ပုဇွန်အဆီကို ပုဇွန်ခေါင်းထဲမှရရှိသော အဆီအနှစ်မှ ရရှိပါသည်။ ဒေသတွင်းစျေးကွက်များတွင်သာမက မြိတ်အနီးရှိဒေသများသို့ သယ်ပို့ရောင်းချကြပါ သည်။ ပုဇွန်အဆီထုတ်လုပ်ရာတွင် လတ်ဆတ်သောပုဇွန်များကို ရွေးချယ်ပြီးရေဖြင့်သန့်စင်ပြီး ဆေးကြောကာ အညစ်အကြေးများနှင့် မလိုအပ်သည့်အစိတ်အပိုင်းများကိုဖယ်ရှားပါသည်။ ထို့နောက် သန့်ရှင်းလတ်ဆတ်သော ပုဇွန်အဆီကို ပလတ်စတစ်ဘူးထဲသို့ထည့်ကာ‌ရောင်းချကြပါသည်။ ပုဇွန်အဆီကို အချိုကြော်စားကြသလို တန်ဖိုးကြီးဟင်းလျာတစ်ခုအဖြစ်လည်း ဒေသခံလူများကြိုက်နှစ်သက်ကြပြီး အရသာမှာချိုဆိမ့်ဆိမ့်အရသာရှိပါသည်။ မြိတ်ဒေသတွင် ပင်လယ်ရေထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ဒေသထွက်ကုန်များ၏ စျေးကွက်တန်ဖိုးကိုမြှင့်တင်နိုင်သည့်အပြင် ဒေသခံများအတွက်လည်း ဝင်ငွေရရှိစေသော အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ရပ် ဖြစ်လာနိုင်ပါသည်။ ပုဇွန်အဆီကို ပလတ်စတစ်ဘူးဖြင့် ၂၀ သားပါ တစ်ဘူးကို (၇၀၀၀) ကျပ်ဖြင့်‌ရောင်းချကြပြီး ပုဇွန်ထွက်ကုန်ရရှိနှုန်းပေါ်မူတည်ပြီး စျေးနှုန်းပြောင်းလဲနိုင်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)