
ကရင်ပြည်နယ်အတွင်းရှိ ဒေသခံတောင်သူများစိုက်ပျိုးသည့်ပိန်းဥများမှာ ဝယ်လိုအား မြင့်တက် လျက်ရှိပြီး ဒေသတွင်းဈေးကွက်၌ ဈေးကောင်းရရှိကြောင်း သိရသည်။ ကရင်ပြည်နယ် သံတောင်ကြီး၊ လှိုင်းဘွဲ၊ ဘားအံနှင့်ကြာအင်းဆိပ်ကြီးမြို့နယ်များမှ ထွက်ရှိသောပိန်းဥများသည် အရည်အသွေး ကောင်းမွန်ပြီး အမြင်ဓာတ်နည်းကာ အရသာဆိမ့်ဆိမ့်ရှိသဖြင့် ပြည်တွင်းဈေးကွက်တွင် လူကြိုက် များသော ဒေသထွက် သီးနှံတစ်ခုဖြစ်သည်။ ရန်ကုန်၊မော်လမြိုင်နှင့် မကွေးဘက်မှ အဝယ်ဒိုင်များ ပုံမှန်လာရောက်ဝယ်ယူကြသည်။ မိုးနှောင်းပိုင်း သီးနှံပေါ်ချိန်ဖြစ်၍ စားသုံးသူများသလို ဈေးလည်း အသင့်အတင့်ရှိသည်ဟုသိရသည်။ ဒေသထွက်ပိန်းဥ ဈေးနှုန်းမှာ ပိန်းဥအကြီးအသန့် တစ်ပိဿာလျှင် (၅၅၀၀/၆၀၀၀)ကျပ်ခန့် ၊ပိန်းဥအရွယ်စုံ တစ်ပိဿာလျှင်(၃၅၀၀/၄၀၀၀)ကျပ်ခန့် ပေါက်ဈေးဖြင့် ရောင်းဝယ်လျက်ရှိသည်။ ယခုကဲ့သို့ ဒေသထွက်ပိန်းဥများ ဈေးကောင်းရရှိနေခြင်းကြောင့် ပိန်းဥ စိုက်ပျိုးသည့် ဒေသခံတောင်သူမိသားစုများ အပိုဝင်ငွေရရှိလျက်ရှိကာ လာမည့်စိုက်ပျိုးရာသီတွင် စိုက်ပျိုးဧက တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
DOCA(ကရင်)
