
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်သည် ကြက်သွန်နီ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ငရုတ်နှင့် ပြောင်းသီးနှံတို့ကိုစိုက်ပျိုးလျှက်ရှိရာ မိုးပဲတီစိမ်းသီးနှံကိုလည်း ရွာသစ်ရွာ၊ ဖက်တောရွာ၊ ဆီမီးကန်ရွာ၊ သပွတ်စုရွာ၊ ကျွန်းကြီးရွာ၊ ဆင်မင်းရွာနှင့် ကြာပို့ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးထားကြောင်း သိရှိရသည်။ ပဲတီစိမ်းသီးနှံကို ၂၀၂၆ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့၌ ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ ရိတ်သိမ်းချိန်မှ ထွက်ပေါ်ချိန်အထိ (၄)လ ခန့်ကြာမြင့်ကြောင်းသိရှိရသည်။
တောင်သာမြို့နယ်တွင် မိုးပဲတီစိမ်းစိုက်ဧက (၁၀၆၉၀)ဧကစိုက်ပျိုးထားကြောင်း၊ မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မိုးပဲတီစိမ်းကို တန်းကြား (၁၈) လက်မ၊ ပင်ကြား (၄) လက်မထား၍ မျိုး (၅-၆) ပြည်ခန့် စိုက်ပျိုးကြောင်း၊ မိုးကြိုရာသီတွင် ရေသွင်း၍ သီးသန့်အဖြစ်လည်းကောင်း၊ သီးညှပ်အဖြစ်လည်းကောင်းစိုက်ပျိုးကြသည်။ အထွက်နှုန်းကောင်းသော ရေဆင်း(၁၁)မျိုးနှင့်ရေဆင်း(၁၄)မျိုးကိုစိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအား စု၊ လုပ်သားခအပါအဝင် (၅၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် (၇-၈) တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲတီစိမ်းအောက်စ တစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ ပဲတီစိမ်းထိပ်စ တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ခန့်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရှိရသည်။ မိုးကိုမျှော်၍ စိုက်ပျိုးရသောသီးနှံဖြစ်၍ ရာသီဥတုကောင်းပါက အထွက်နှုန်း ကောင်းနိုင်ကြောင်း၊ ယခုစိုက်ပျိုးထားသော မိုးပဲတီစိမ်းများကို ၂၀၂၆ခုနှစ်၊ အောက်တိုဘာလတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ဖက်တောရွာမှ ပဲတီစိမ်းစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရ သည်။ စိုက်ခင်းများမှထွက်ရှိသော ပဲတီစိမ်းများကို မြင်းခြံမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့်မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ တောင်သာမြို့မှ ပဲပွဲရုံလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။
DOCA(မန္တလေး)
