လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် အဆင့်မြှင့်တင်ရန် ဆွေးနွေးနေသည့် အာဆီယံ-တရုတ်

Powered by Drupal

          အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (ACFTA) ကို အဆင့်မြှင့်တင်ထားသည့် ACFTA 3.0 ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်နိုင်ရေးနှင့် ယခုနှစ်ကုန်ပိုင်းတွင် အသက်ဝင်အကောင်အထည်ဖော်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း ထိုင်းနိုင်ငံကုန်သွယ်ရေးညှိနှိုင်းမှုဦးစီးဌာနက ပြောကြားခဲ့ပါသည်။ ကုန်သွယ်ရေးညှိနှိုင်းမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Aumaporn Futrakul သည် ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဗီဒီယိုစနစ်ဖြင့် ကျင်းပသည့် (၁၇) ကြိမ်မြောက် ACFTA ပူးတွဲ ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ၎င်းအစည်းအဝေးသည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရပါသည်။ အစည်းအဝေးတွင် ACFTA 3.0 ဆိုင်ရာညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်နိုင်ရေးအဓိကဆွေးနွေးခဲ့ကြပြီး ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၌ သဘောတူညီချက်ပြီးစီးကြောင်း နှစ်ဖက်ခေါင်းဆောင်များက တရားဝင်ကြေညာနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ထို့ပြင် ACFTA 3.0 အောက်တွင် ထည့်သွင်းထားသည့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး၊ အစိမ်းရောင် ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှုဆိုင်ရာ ကတိကဝတ်အသစ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံသည် ပြည်တွင်းအတည်ပြုရေးလုပ်ငန်းစဉ်များကို ပြီးစီးထားပြီးဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံကလည်း နိုင်ငံတကာဆိုင်ရာလုပ်ငန်းစဉ်များကိုပြီးစီးပါက သဘောတူညီချက်သည် ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်လာမည်ဖြစ်ကြောင်း သိရပါသည်။ Aumaporn က အဆိုပါအဆင့်မြှင့် သဘောတူညီချက်အသက်ဝင်လာပါက ခေတ်နှင့်အညီမွမ်းမံထားသည့် ပြဋ္ဌာန်းချက်များနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအစီအမံများမှ စီးပွားရေးလုပ်ငန်းများ အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ACFTA အောက်ရှိ အဓိကကတိကဝတ်များ အကောင်အထည်ဖော်မှု အခြေအနေကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြောင်း သိရပါသည်။ ၎င်းတို့ တွင် ၂၀၂၂ ခုနှစ် အကောက်ခွန်ကုန်စည်အမျိုးအစားသတ်မှတ်စနစ် (HS 2022) နှင့် ကိုက်ညီ စေရန် အကောက်ခွန်လျှော့ချရေးစာရင်းများကို ပြင်ဆင်ခြင်းနှင့် ကုန်ပစ္စည်းမူရင်းနိုင်ငံထောက်ခံချက် (Certificate of Origin) ထုတ်ပေးရာတွင် လွယ်ကူချောမွေ့စေရန် အီလက်ထရွန်နစ် မူရင်းအချက်အလက်ဖလှယ်ရေးစနစ် တည်ထောင်ခြင်းတို့ပါဝင်ကြောင်း သိရပါသည်။ အဆိုပါ စနစ်သည် စာရွက်စာတမ်းအသုံးပြုမှုကိုလျှော့ချနိုင်ပြီး လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းစေကာ စီးပွားရေးလုပ်ငန်းများအတွက် ဆောင်ရွက်ချိန်ကို တိုတောင်းစေမည်ဖြစ်ကြောင်း Aumaporn က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် အဆိုပါစနစ်တည်ထောင်နိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် ဆွေးနွေးလျက်ရှိကြောင်းလည်း သိရပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုဖြင့် ထူထောင် ထားသည့် ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေအောက်မှ အရင်းအမြစ်များခွဲဝေသုံးစွဲရေး လမ်းညွှန်ချက်များကိုလည်းဆွေးနွေးခဲ့ကြပြီး ၎င်းရန်ပုံငွေမှတစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ၁၆ နှစ်ဆက်တိုက် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် နှစ်ဖက်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၉၁၆.၁ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ထက် ၁၈.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ အာဆီယံနိုင်ငံများအနက် ထိုင်းနိုင်ငံသည် ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့၏ နောက်တွင် တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ် ပထမသုံးလပတ်အတွင်း အာဆီယံ-တရုတ် နှစ်ဖက်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၃၈.၄ ဘီလီယံရှိခဲ့ပြီး အာဆီယံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၇.၄ ဘီလီယံ၊ တရုတ်နိုင်ငံမှ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၀.၉ ဘီလီယံရှိခဲ့ကြောင်း သိရပါသည်။ အာဆီယံမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများတွင် လျှပ်စစ်စက်ပစ္စည်းနှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ စက်ယန္တရားများနှင့် နျူကလီးယားဓာတ်ပေါင်းဖိုဆိုင်ရာစက်ကိရိယာများ၊ ဓာတ်သတ္တုလောင်စာများ၊ သံနှင့်သံမဏိ၊ သစ်သီးဝလံနှင့် အခွံမာသီးများပါဝင်ကြောင်း သိရပါသည်။ တစ်ဖက်တွင် တရုတ်နိုင်ငံမှ အာဆီယံသို့ အဓိကတင်သွင်းသည့်ကုန်ပစ္စည်းများမှာ လျှပ်စစ်စက်ပစ္စည်းနှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ စက်ယန္တရားများနှင့် နျူကလီးယားဓာတ်ပေါင်းဖိုဆိုင်ရာစက်ကိရိယာများ၊ ပလတ်စတစ်နှင့် ပလတ်စတစ်ထုတ်ကုန်များ၊ သံနှင့်သံမဏိ၊ မော်တော်ယာဉ်များနှင့် ယာဉ်အစိတ်အပိုင်းများဖြစ်ကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)