
အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာ့အဓိကဆန်ထုတ်လုပ်သည့်နိုင်ငံများ၏ ထုတ်လုပ်မှုကျဆင်းလာနိုင်သဖြင့် ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်ဆန်တင်ပို့မှုပမာဏတန်ချိန် ခုနစ်သန်းရရှိရန်ရည်မှန်းချက်ကို အောင်မြင်နိုင်ဖွယ်ရှိကြောင်း ထိုင်းဆန်တင်ပို့လုပ်ငန်းရှင်များက သုံးသပ်ထားကြပါသည်။ ထိုင်းဆန်တင်ပို့ရောင်းချသူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က လာမည့်လများအတွင်း အယ်လ်နီညိုဖြစ်စဉ်က ရာသီဥတုပုံစံများအပေါ် သိသိသာသာသက်ရောက်မှုရှိလာပါက ကမ္ဘာ့အဓိကဆန်ထုတ်လုပ်သည့်နိုင်ငံများတွင် ဆန်အထွက်နှုန်းလျော့ကျနိုင်ပြီး ထို့ကြောင့် ထိုင်းဆန်အပေါ် နိုင်ငံတကာဝယ်လိုအား မြင့်တက် လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဓာတ်မြေသြဇာဈေးနှုန်းများမြင့်တက်လာသဖြင့် တောင်သူများ အသုံးပြုမှုလျော့နည်းလာနိုင်ပြီး ဆန်အထွက်နှုန်းကို ပိုမိုကျဆင်းစေနိုင်ကြောင်းလည်း ၎င်းကပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည်လည်း အယ်လ်နီညို၏ သက်ရောက်မှုကို ကြုံတွေ့ရနိုင်သော်လည်း ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုအတွက် လုံလောက်သည့် ဆန်လက်ကျန်ရှိနေဆဲဖြစ်ပြီး ဆန်တင်ပို့ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း Chookiat က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် သန်း ၂၀ ခန့် ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှုပမာဏမှာ တန်ချိန် ၁၁ သန်းခန့်ရှိကြောင်း သိရပါသည်။ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုလည်း ထိခိုက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အီရတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သန်းခန့်တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် တင်ပို့မှုပမာဏမှာ တန်ချိန် ကိုးသောင်းခန့်သာရှိကြောင်း သိရပါသည်။ အီရတ်နိုင်ငံသည် လက်ရှိတွင် ပါကစ္စတန်နိုင်ငံကဲ့သို့ အခြားဆန်တင်ပို့သည့်နိုင်ငံများထံမှ ဝယ်ယူမှုများတိုးမြှင့်လျက်ရှိကြောင်း သိရပါသည်။ အီရတ်သို့ တင်ပို့သည့်ဆန်အချို့ကို တူရကီနိုင်ငံမှတစ်ဆင့် တင်ပို့လျက်ရှိသော်လည်း သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ပိုမိုမြင့်မားကြောင်း သိရပါသည်။ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ထိုင်းနိုင်ငံအနေနှင့် အရှေ့အလယ်ပိုင်းဈေးကွက်တွင် ဈေးကွက်ဝေစုများကို ထပ်မံဆုံးရှုံးနိုင်ကြောင်းနှင့် ရေရှည်တွင် ထိုင်းဆန်ကိုနှစ်သက်သည့် ဝယ်ယူသူများကလည်း အခြားဆန်အမျိုးအစားများကို ပြောင်းလဲဝယ်ယူလာနိုင်ကြောင်း ၎င်းကသတိပေးပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၏စာရင်းများအရ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၃.၂၈ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလထက် ၁၈.၂ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရပါသည်။ ပို့ကုန်တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၁.၉၁ ဘီလီယံ ရှိခဲ့ပြီး ၂၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ဆန်ဖြူသည် တင်ပို့မှု၏ ၄၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကာ တန်ချိန် ၁.၅၁ သန်း တင်ပို့နိုင်ခဲ့သော်လည်း ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရပါသည်။ ထိုင်းဆန်မွှေး တင်ပို့မှုပမာဏမှာ တန်ချိန် ၈၁၀,၀၀၀ ရှိခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ၂၄.၇ ရာခိုင်နှုန်းရှိကာ ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပေါင်းဆန် (Parboiled Rice) တင်ပို့မှုပမာဏမှာ တန်ချိန် ၆၁၀,၀၀၀ ရှိခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ၁၈.၇ ရာခိုင်နှုန်းရှိကာ ယခင်နှစ်ထက် ၁၉.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းဆန် အဓိကတင်ပို့သည့် ဈေးကွက်ငါးခုမှာ တောင်အာဖရိကနိုင်ငံ (တန်ချိန် ၅၀၀,၀၀၀၊ ၁၀ ရာခိုင်နှုန်းတိုးတက်)၊ အမေရိကန်ပြည်ထောင်စု (တန်ချိန် ၃၆၀,၀၀၀၊ ၁၇.၂ ရာခိုင်နှုန်းကျဆင်း)၊ မလေးရှားနိုင်ငံ (တန်ချိန် ၃၃၀,၀၀၀၊ ၂၉၄ ရာခိုင်နှုန်းတိုးတက်)၊ ဖိလစ်ပိုင်နိုင်ငံ (တန်ချိန် ၃၀၀,၀၀၀၊ ၁၁၀ ရာခိုင်နှုန်းတိုးတက်)နှင့် တရုတ်နိုင်ငံ (တန်ချိန် ၁၆၀,၀၀၀၊ ၅၃.၁ ရာခိုင်နှုန်းကျဆင်း) တို့ဖြစ်ကြောင်း သိရပါသည်။ တရုတ် ဈေးကွက်တွင် တင်ပို့မှုကျဆင်းရခြင်းမှာ ဝယ်ယူသူများက ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဈေးနှုန်းသက်သာသည့် ဆန်များကို ပြောင်းလဲဝယ်ယူလာခြင်းကြောင့်ဖြစ်ကြောင်း Chookiat က ပြောကြားခဲ့ပါသည်။ သို့သော် တောင်အာဖရိက၊ မလေးရှားနှင့် ဖိလစ်ပိုင်ဈေးကွက်များတွင် အလားအလာကောင်းများ ဆက်လက်တွေ့မြင်နေရကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Bangkok Post
DOCA (ရန်ကုန်)
