
အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေးသဘောတူညီချက်ကွန်ရက် တိုးချဲ့ဆောင်ရွက်နေမှုသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များကို ဆွဲဆောင်နိုင်ရေးအတွက် မဟာဗျူဟာမြောက် အားပေးမောင်းနှင်မှုတစ်ရပ်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ပြောကြားခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (EU) အပါအဝင် အဓိက စီးပွားရေးမိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ချုပ်ဆိုနိုင်ခြင်းကြောင့် ဈေးကွက်ဝင်ရောက်ခွင့် ပိုမိုကျယ်ပြန့်စေရန်ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ အတွက် အင်ဒိုနီးရှား၏ဆွဲဆောင်မှု ပိုမိုမြင့်တက်လာကြောင်း Budi က အလေးပေးပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် နောင်တွင် EU အပါအဝင် နိုင်ငံအများအပြားနှင့် ကုန်သွယ်ရေးသဘောတူညီချက်များ တိုးတက်လာသောကြောင့် အင်ဒိုနီးရှားကိုရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာစေကြောင်း ဂျကာတာမြို့၌ ဩဂုတ်လ ၄ ရက်နေ့က ကျင်းပသည့် အင်ဒိုနီးရှား-ထိုင်း စီးပွားရေးဖိုရမ်အပြီးတွင် ၎င်းက ပြောကြားခဲ့ပါသည်။ အနောက်နိုင်ငံဈေးကွက်များနှင့် ဦးစားပေး ကုန်သွယ်ခွင့် တိုက်ရိုက်မရရှိသေးသည့်နိုင်ငံများမှလုပ်ငန်းများအနေဖြင့် ဥရောပနှင့် အမေရိကန် ဈေးကွက်များသို့ ကုန်ပစ္စည်းတင်ပို့နိုင်ရန် အင်ဒိုနီးရှားကို ရင်းနှီးမြှုပ်နှံမှုအခြေစိုက်စခန်းအဖြစ် အသုံးချနိုင်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့ပါသည်။ နိုင်ငံအများအပြားတွင် အမေရိကန်၊ EU တို့နှင့် ကုန်သွယ်ရေးသဘောတူညီချက် မရှိသေးသောကြောင့် ဈေးကွက်ဝင်ရောက်ရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် ဥရောပနှင့် အမေရိကန်ဈေးကွက်များကို ဝင်ရောက်နိုင်ရန် ထိုကုမ္ပဏီများအတွက် အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံရန် အရေးကြီးကြောင်း Budi ၏အဆိုအရ သိရပါသည်။ အမေရိကန်ဈေးကွက်သည် အင်ဒိုနီးရှား၏ အဓိကပို့ကုန်ဈေးကွက်တစ်ခုဖြစ်ပြီး ယမန်နှစ်က ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၈.၁၁ ဘီလီယံခန့် ရရှိခဲ့ကာ အိန္ဒိယနိုင်ငံ ထက်ပင်ပိုမိုများပြားသည့် ကုန်သွယ်မှုပိုငွေရရှိခဲ့ကြောင်း သိရပါသည်။ အမေရိကန်ဈေးကွက် သည် အင်ဒိုနီးရှား၏ စုစုပေါင်းပို့ကုန်၏ ၁၁.၁ ရာခိုင်နှုန်းခန့်ကို ရယူလျက်ရှိသဖြင့် ဈေးကွက် ဝင်ရောက်ခွင့်ကိုပိုမိုခိုင်မာစေရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရန် အမေရိကန်နှင့် တရားဝင်ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် ချုပ်ဆိုနိုင်ရေးကို အစိုးရက ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်ဈေးကွက်အလွန်ကြီးမားကြောင်းကို အမေရိကန်ဒေါ်လာ ၁၈.၁၁ ဘီလီယံကုန်သွယ်မှုပိုငွေက သက်သေပြနေသည့်အတွက် အမေရိကန်နှင့် ကုန်သွယ်ရေးသဘော တူညီချက် မဖြစ်မနေရှိရမည်ဖြစ်ကြောင်း Budi က အလေးပေးပြောကြားခဲ့ပါသည်။ ကမ္ဘာ့ ပထဝီနိုင်ငံရေးအခြေအနေများနှင့် နိုင်ငံတကာကုန်သွယ်ရေးပုံစံများ ပြောင်းလဲလျက်ရှိသည့် အခြေအနေတွင် မဟာဗျူဟာကျသော လိုက်လျောညီထွေဆောင်ရွက်မှုများမှတစ်ဆင့် အင်ဒိုနီးရှား၏ ပို့ကုန်စွမ်းဆောင်ရည်အပေါ် အပြည့်အဝယုံကြည်ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် ပို့ကုန်ဈေးကွက်များပိုမိုကွဲပြားစုံလင်လာစေရန်ရည်ရွယ်၍ အရှေ့အလယ်ပိုင်း ဒေသအပါအဝင် မဟာဗျူဟာမြောက် ဒေသများနှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ညှိနှိုင်းဆွေးနွေးမှုကို အင်ဒိုနီးရှားအစိုးရက အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
