ထိုင်း၏ ပထမနှစ်ဝက် ဆန်တင်ပို့မှု ၁၈.၈၁ ရာခိုင်နှုန်း ကျဆင်း

Powered by Drupal

     နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Arada Fuangtong ၏ သတင်း ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမ ၆ လအတွင်း ဆန်တန်ချိန် ၃.၂၈ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၈.၈၁% ကျဆင်းခဲ့ကြောင်း သိရသည်။ ထိုသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၉၁၁ ဘီလီယံကျော် ရရှိခဲ့သည်။

    ကမ္ဘာ့ဈေးကွက်တွင် ဆန်ရရှိနိုင်မှု များပြားနေသဖြင့် ဈေးနှုန်းပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း နှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ၂၀၂၆ ခုနှစ် မတ်လမှစ၍ အီရတ်နိုင်ငံသို့ ထိုင်းဆန်တင်ပို့မှု အဟန့်အတားဖြစ်ခဲ့ရခြင်းတို့ကြောင့် ပို့ကုန်ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ရှင်းပြခဲ့သည်။ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်စရိတ်များ အပြင် ဆီဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် ထိုင်းဆန်၏ ပို့ကုန်ဈေးနှုန်းမှာ အခြား တင်ပို့ သည့် နိုင်ငံများထက် ပိုမိုမြင့်မားနေခဲ့သည်။

   ထိုင်းဆန်ဖြူဈေးနှုန်းမှာ တစ်တန်လျှင် ၄၄၇ ဒေါ်လာဖြစ်ပြီး၊ ဗီယက်နမ်ဆန်ဖြူမှာ တစ်တန်လျှင် ၄၃၅ ဒေါ်လာ၊ ပါကစ္စတန်ဆန်ဖြူမှာ ၄၀၅ ဒေါ်လာနှင့် အိန္ဒိယဆန်ဖြူမှာ ၃၆၇ ဒေါ်လာတို့ ဖြစ်ကြသည်။ ဆန်ဖြူ တင်ပို့မှုမှာ တန်ချိန် ၁.၅၁ သန်းရှိပြီး စုစုပေါင်း တင်ပို့မှု၏ ၄၆.၀၃% ရှိခဲ့သည်။ ထိုင်းဂျက်စမင်းဆန်ဟု လူသိများသော ထိုင်းဟုမ်းမာလီဆန် (ထိုင်းမွှေးဆန်) တင်ပို့မှုမှာ တန်ချိန် ၀.၈၁ သန်း သို့မဟုတ် ၂၄.၆၇% ရှိခဲ့သည်။ ပေါင်းဆန် တင်ပို့မှုစုစုပေါင်းမှာ တန်ချိန် ၀.၆၁ သန်း (၁၈.၆၉%) ရှိပြီး၊ အခြား ထိုင်းမွှေးဆန်များ တင်ပို့မှုမှာ တန်ချိန် ၀.၂၃ သန်း (၆.၉၇%) ရှိခဲ့သည်။ ကောက်ညှင်းဆန် တင်ပို့မှုမှာ တန်ချိန် ၀.၁၁ သန်း သို့မဟုတ် ၃.၃၁% ရှိခဲ့ သည်။ ဆန်လုံးညိုတင်ပို့မှုမှာ တန်ချိန် ၀.၀၁ သန်း သို့မဟုတ် ၀.၃၃% ရှိခဲ့သည်။

    Arada က ကမ္ဘာ့ဆန်ဈေးကွက်တွင် ထုတ်လုပ်မှုများပြားနေခြင်းကြောင့် ယှဉ်ပြိုင်မှု အလွန် ပြင်းထန်နေသော်လည်း El Niño ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးခေါင်ရေရှားမှု အန္တရာယ်ကြောင့် ဆန်တင်သွင်းသည့်နိုင်ငံများအနေဖြင့် အန္တရာယ်ကို ကြိုတင်စီမံခန့်ခွဲပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးကို ပိုမိုခိုင်မာစေရန် ဆန်တင်သွင်းမှုပမာဏ တိုးမြှင့်ရန် စဉ်းစားလျက်ရှိကြောင်း ပြောကြား ခဲ့သည်။ ၎င်းမှာ ကျန်ရှိသည့် ၅ လအတွင်း ထိုင်းဆန်တင်ပို့မှုအတွက် အလားအလာကောင်း တစ်ခု ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် တင်ပို့ခဲ့သည့် တန်ချိန် ၈.၃ သန်းအောက် ၁၅% လျော့နည်းသော်လည်း တစ်နှစ်လုံးအတွက် လျာထားချက် တန်ချိန် ၇ သန်းပြည့်မီရန် ကူညီ ပေးလိမ့်မည် ဖြစ်သည်။

   အီရတ်နိုင်ငံအစား အစားထိုး တင်ပို့နိုင်သည့် အလားအလာရှိသော ဈေးကွက်များတွင် အာရှမှ မလေးရှားနှင့် ဖိလစ်ပိုင်၊ အာဖရိကမှ တောင်အာဖရိက၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ နှင့် မိုဇမ်ဘစ်နိုင်ငံတို့ ပါဝင်သည်။ အဆိုပါနိုင်ငံများသည် ယခင်နှစ်ကာလတူထက် ထိုင်းနိုင်ငံမှ ဆန် ပိုမိုတင်သွင်းခဲ့ကြပြီး အရည်အသွေးမြင့် ဆန်များ တင်ပို့နိုင်သည့် ထိုင်းနိုင်ငံ၏ စွမ်းဆောင်ရည် အပေါ် ယုံကြည်မှုကို ပြသနေသည်။

    ဝယ်ယူသူများ၏ သတ်မှတ်ချက်များနှင့်အညီ စာချုပ်ပါ ဆန်ပမာဏများကို အချိန်မီ ပေးပို့ နိုင်သည့်အပြင် အစိုးရ၏ ဆန်တင်ပို့မှု မူဝါဒတည်ငြိမ်ခြင်းကြောင့် ထိုင်းဆန်သည် နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည့် အားသာချက်ကို ရရှိထားကြောင်း ဖော်ပြခဲ့သည်။ ဌာနအနေဖြင့် လည်း ထိုင်းဆန်တင်ပို့မှု တိုးမြှင့်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သည့် မူဝါဒများဖြင့် ဆက်လက် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

     ထိုင်းဆန်အတွက် ဈေးကွက်သစ်များ ဖော်ဆောင်ခြင်းနှင့် ဒေသအသီးသီးသို့ တင်ပို့မှု တိုးမြှင့်ခြင်းဆိုင်ရာ ကြိုးပမ်းမှုများကို ပိုမိုအားကောင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းမှ တစ်ဆင့် ဈေးကွက်တစ်ခုတည်းအပေါ် မှီခိုမှုအန္တရာယ်ကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ထိုင်းဆန် ထုတ်လုပ်မှုကို လက်ခံဝယ်ယူမည့်အော်ဒါများ ရရှိလာစေရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့ သည်။ အဆိုပါ ကြိုးပမ်းမှုများကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

     တရုတ်အစိုးရနှင့် COFCO ကုမ္ပဏီတို့ ပါဝင်သည့် အစိုးရချင်း ချိတ်ဆက်ရောင်းချမှု (G-to-G) အစီအစဉ်မှတစ်ဆင့် ဆန်ရောင်းချမှုကို မြှင့်တင်ရန် ဆွေးနွေးပွဲများကို အရှိန်မြှင့်ဆောင်ရွက်သွား မည်ဖြစ်သည်။ ထိုင်းဆန်အပေါ် ယုံကြည်မှု မြှင့်တင်ရန်နှင့် ဆန်တင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်အဖွဲ့တစ်ရပ်ကို ဦးဆောင်ကာ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂ ရက်မှ ၆ ရက်အထိ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံရှိ အဓိကဆန်တင်သွင်းသူများနှင့် တွေ့ဆုံဆွေး နွေးရန် စီစဉ်ထားကြောင်း သိရသည်။

Source: The Nation, 05 Aug 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)