ပန်းတနော်မြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ ယာယီမြို့နယ်အုပ်ချုပ်ရေးမှူးထံ ရှင်းလင်းတင်ပြ ဆွေးနွေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ဆီအသင်းနှင့် ကိုယ်စားလှယ်များက ယာယီမြို့နယ် အုပ်ချုပ်ရေးမှူးအား တွေ့ဆုံ၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ၂၀၂၆ခုနှစ် ဩဂုတ်လ ၁ရက်နေ့က  ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထိုသို့ တင်ပြရာတွင် စားအုန်းဆီရရှိမှု၊ ခွဲဝေဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ ပြည်သူများထံ သတ်မှတ်စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုနှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

       ယင်းနောက် ယာယီမြို့နယ်အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ စားအုန်းဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် အရေးပေါ်လိုအပ်ချိန်တွင် ပြည်သူများအား ဆက်လက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် သင့်တော်သော အရံစားအုန်းဆီ ထားရှိဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

        ထို့ပြင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း စနစ်တကျဖြန့်ဖြူးရောင်းချရေး၊ စာရင်းဇယားများ တိကျမှန်ကန်စွာ ပြုစုထားရှိရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရပြီး တက်ရောက်သူ ၉ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)