မကွေးမြို့၊ ရန်ပယ်ဈေး၌ ကုန်ပစ္စည်းများနမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင် စစ်ဆေးခြင်းနှင့် ဦးစားပေးကုန်စည်ဖြစ်သည့် ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည် (၉.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ မကွေးမြို့၊ ရန်ပယ်ဈေးတွင် ရောင်းချလျက်ရှိသော ဂျုံခေါက်ဆွဲ၊ ကြာဇံ၊ သကြားလုံး၊ ငရုတ်ဆီမှုန့်၊ ငရုတ်ကြမ်းမှုန့်၊ မလိုင်လုံး၊ မက်မန်းသီးတို့အား နမူနာဝယ်ယူ၍ အစားအစာများတွင် သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်းရှိ/ မရှိကို အဆိုပါ ဈေးအတွင်း Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ ခွင့်မပြုတာရှည်ခံဆေးနှင့် ချွတ်ဆေးများ သုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

        ဆက်လက်၍ ရန်ပယ်ဈေးရှိ “တော်ဝင်” ဆေးဆိုင်နှင့် “ကြယ်စင်” ဆေးဆိုင်တို့တွင် ရောင်းချလျက်ရှိသော ၂၀၂၆- ခုနှစ်၊ အောက်တိုဘာလအတွင်း ဦးစားပေးကုန်စည်ဖြစ်သည့် ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို ပြည်စုံစွာဖော်ပြထားသည့်အပြင် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် FDA ထောက်ခံချက်များလည်း ပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များကိုလည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)