တင်ပို့မည့် ရှားပါးမြေဒြပ်စင်ပါဝင်မှုပမာဏနှင့် စီမံခန့်ခွဲရေးဆိုင်ရာ စည်းမျဉ်းများကို ပြင်ဆင်မွမ်းမံလျက်ရှိသည့် အင်ဒိုနီးရှား

Powered by Drupal

           အင်ဒိုနီးရှားအစိုးရသည် ပို့ကုန်တင်ပို့မည့် သတ္တုကုန်စည်များတွင် ပါဝင်သည့် ရှားပါးမြေဒြပ်စင် (Rare Earth Elements-REE) ပါဝင်မှုပမာဏနှင့် စီမံခန့်ခွဲရေးဆိုင်ရာ စည်းမျဉ်းများကို ပြင်ဆင်မွမ်းမံလျက်ရှိကြောင်း သမ္မတရုံးဝန်ထမ်းအဖွဲ့ (Presidential Staff Office) က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့ပါသည်။ သမ္မတရုံးဝန်ထမ်းအဖွဲ့ အကြီးအကဲ Dudung Abdurachman က ဇူလိုင် ၂၇ ရက်တွင် ကျင်းပခဲ့သည့် ရှားပါးမြေဒြပ်စင်များ၏ သတ္တုကုန်စည်များအတွင်း ပါဝင်မှုနှင့် ၎င်း၏ ပို့ကုန်စီမံခန့်ခွဲရေးအပေါ် သက်ရောက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအကြား တူညီသောနားလည်မှုတစ်ရပ်ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Dudung က ပို့ကုန်တားမြစ်ချက်မှာ ရှားပါးမြေဒြပ်စင်ကို အဓိကထုတ်ကုန်အဖြစ် တင်ပို့သည်အခြေအနေ၌သာ သက်ရောက်မည်ဖြစ်ကြောင်း၊ အဓိကသတ္တုတူးဖော်ရေး ထွက်ကုန်များနှင့် ထိုထွက်ကုန်မှ ဆက်လက်ထုတ်လုပ်သည့် ထုတ်ကုန်များတွင် တွဲဖက်ဒြပ်စင်အဖြစ် ပါဝင်နေသည့် ရှားပါးမြေဒြပ်စင်များကို အလိုအလျောက် အကျုံးမဝင်ကြောင်း ဂျကာတာရှိ သမ္မတနန်းတော်ဝင်းအတွင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ၎င်း၏ အဆိုအရ ထိုတူညီသောနားလည်မှုကို စည်းမျဉ်းများပြင်ဆင်နေစဉ် အကူးအပြောင်းကာလအတွင်း ပို့ကုန်လုပ်ငန်းရှင်များ၊ စစ်ဆေးအတည်ပြုရေးအဖွဲ့များ (Surveyors) နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်နှင့် အထူးကုန်စည်ခွန်ဦးစီးဌာနတို့အတွက် ယာယီလမ်းညွှန်ချက်အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် စည်းမျဉ်းများ ပြင်ဆင်ရေးလုပ်ငန်းစဉ်အတွင်း ဥပဒေရေးရာသေချာခိုင်မာမှုရှိစေရန် ရှေ့နေချုပ်ရုံး၏ ဥပဒေအကြံပေးသဘောထားကိုလည်း အစိုးရကရယူထားကြောင်း သိရပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများသည် ရှားပါးမြေဒြပ်စင်များနှင့် သဘာဝအလျောက်ဖြစ်ပေါ်သော ရေဒီယိုသတ္တိကြွပစ္စည်းများ (Naturally Occurring Radioactive Material - NORM) ဆိုင်ရာ စည်းမျဉ်းများကို အမြန်ဆုံး ပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း Dudung က ပြောကြားခဲ့ပါသည်။ စီးပွားရေးရာညှိနှိုင်းရေး ဝန်ကြီးဌာနသည် ပို့ကုန်တင်ပို့ခွင့်ပြုမည့် သတ္တုထုတ်ကုန်များတွင် ခွင့်ပြုနိုင်သည့် ရှားပါးမြေ ဒြပ်စင်ပါဝင်မှုပမာဏနှင့်ပတ်သက်သည့် အကြံပြုချက်များကို ဆွေးနွေးရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရန်စီစဉ်ထားကြောင်း သိရပါသည်။ ဆွေးနွေးပွဲတွင် တွဲဖက်ထွက်ရှိသည့် သတ္တုများ (Byproduct Minerals) ၏ အဓိပ္ပာယ်သတ်မှတ်ချက်၊ ဒြပ်စင်တစ်မျိုးချင်းစီ၏ ပါဝင်မှုပမာဏကန့်သတ်ချက်များ၊ ဓာတ်ခွဲစမ်းသပ်နည်းလမ်းများ၊ အတည်ပြုစစ်ဆေးရေးလုပ်ငန်းစဉ်များ၊ NORM ဆိုင်ရာစည်းမျဉ်းများနှင့် စစ်ဆေးအတည်ပြုရေးအစီရင်ခံစာများ ထုတ်ပေးရေး လမ်းညွှန်ချက်များကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ Dudung က ပို့ကုန်တင်ပို့ခွင့်မပြုသည့် ကုန်စည်များဆိုင်ရာ ၂၀၂၃ ခုနှစ် ကုန်သွယ်ရေးဝန်ကြီး စည်းမျဉ်းအမှတ် (၂၂) ကို ပြင်ဆင်သည့် ၂၀၂၆ ခုနှစ် ကုန်သွယ်ရေးဝန်ကြီး စည်းမျဉ်းအမှတ် (၆) အပေါ် အကောင်အထည်ဖော်မှု မရှင်းလင်းသေးသဖြင့် နှောင့်နှေးနေခဲ့သော သတ္တုကုန်စည်အချို့ ၏ ပို့ကုန်တင်ပို့မှုများသည် ယခုအခါ ပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ စည်းမျဉ်းအရ သန့်စင်မှု ၉၉ ရာခိုင်နှုန်းအောက်ရှိ ရှားပါးမြေဒြပ်စင် ၁၇ မျိုးနှင့် ၎င်းတို့၏ ဒြပ်ပေါင်းများကို ပို့ကုန်တင်ပို့ခြင်းအား တားမြစ်ထားကြောင်း သိရပါသည်။ ထို့ပြင် အစိုးရဌာနများအကြား ညှိနှိုင်းဆောင်ရွက်မှုများကြောင့် နိုင်ငံပိုင်စစ်ဆေးရေးကုမ္ပဏီ PT Sucofindo သည် ပို့ကုန်တင်ပို့မည့် ကုန်စည်များတွင် တွဲဖက်သတ္တုများ ပါဝင်နိုင်သည့် လက္ခဏာများကြောင့် ယခင်က ထုတ်ပေးရန် နှောင့်နှေးနေခဲ့သည့် စစ်ဆေးအတည်ပြုရေး အစီရင်ခံစာ ၈၅ စောင်ကို ထုတ်ပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)