
အင်ဒိုနီးရှားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Kadin) သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် စိုက်ပျိုးရေးထွက်ကုန်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ၏ ထုတ်ကုန်များကို ဂျပန်နိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ Kadin ၏ စိုက်ပျိုးရေးကဏ္ဍ ဆိုင်ရာဒုတိယဥက္ကဋ္ဌ Devi Erna Rachmawati က ဂျပန်နိုင်ငံသည် အရည်အသွေးမြင့်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးထွက်ကုန်များအပေါ် ဝယ်လိုအားမြင့်မားနေသဖြင့် အလွန်အရေးပါသည့် ဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအခွင့်အလမ်းကို အပြည့်အဝအသုံးချနိုင်ရန် Kadin ၏ နှစ်နိုင်ငံ ဆက်ဆံရေးကော်မတီသည် တိုကျိုမြို့တော် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း အထောက်အပံ့ပေးရေးဗဟိုဌာနနှင့် ဂျပန်စီးပွားရေးမိတ်ဖက်များနှင့် ဇူလိုင် ၃၁ ရက်တွင် တိုကျိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားပါသည်။ Rachmawati က အဆိုပါတိုကျိုဆွေးနွေးပွဲသည် အင်ဒိုနီးရှားလုပ်ငန်းရှင်များ ဂျပန်ဈေးကွက်သို့ဝင်ရောက်နိုင်ရေးအတွက် ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး၊ လိုအပ်သည့်အသိအမှတ်ပြုလက်မှတ်များရရှိရေး၊ စီးပွားရေးမိတ်ဖက်များနှင့် ချိတ်ဆက်ပေးရေး၊ ဖြန့်ဖြူးရေးကွန်ရက်များ အားကောင်းလာစေရေးတို့ကို ပူးပေါင်းဆောင်ရွက်ပေးမည့် စင်မြင့်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် အင်ဒိုနီးရှား Kadin အနေနှင့် နိုင်ငံ့ပို့ကုန်မြှင့်တင်ရေးအတွက် လက်တွေ့ကျကျ ကတိကဝတ်ပြုဆောင်ရွက်နေသည်ကို ထင်ဟပ်စေကြောင်း၊ အရည်အသွေးမြှင့်တင်ရေး၊ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့သည့် စီးပွားရေးမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အင်ဒိုနီးရှား MSME နှင့် စိုက်ပျိုးရေးထွက်ကုန်များ ဂျပန်ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာစေရန်ရည်ရွယ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ Kadin အဖွဲ့ဝင် စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် ကနဦးအဆင့်တွင် တန်ဖိုးမြင့်စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် Tempeh၊ Cocopeat စိုက်ပျိုးမြေကြားခံပစ္စည်းဖြင့် စိုက်ပျိုးထားသော ဥယျာဉ်ခြံထွက်ကုန်များနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို အထောက်အကူပြုသည့် အော်ဂဲနစ်မြေဩဇာတို့ကို ဦးစားပေးတင်ပို့သွားမည်ဖြစ်ကြောင်း သိရပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုသည် ကုန်သွယ်ရေးတိုးချဲ့ခြင်းအပြင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ နည်းပညာလွှဲပြောင်းပေးခြင်း၊ ကုန်ကြမ်းအခြေပြု ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အင်ဒိုနီးရှား MSME များ ကမ္ဘာ့ဈေးကွက် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေးတို့အတွက်လည်း အထောက်အကူပြုမည်ဟု မျှော်လင့်ထားကြောင်း သိရပါသည်။ အဆိုပါ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာကုန်သွယ်မှုတိုးချဲ့ခြင်း၊ MSME များ အားကောင်းလာစေခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေခြင်း တို့မှတစ်ဆင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးကို Kadin က အခိုင်အမာထောက်ခံဆောင်ရွက်နေကြောင်း ပြသနေသည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် တိုကျိုမြို့တော် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း အထောက်အပံ့ပေးရေးဗဟိုဌာနနှင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အင်ဒိုနီးရှား စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပိုမိုများပြားစွာ ဂျပန်ဈေးကွက်သို့ ဝင်ရောက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
