
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ တင်ပို့မှုအားကောင်းခဲ့သည့်အတွက် ဇွန်လတွင် လစဉ်ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့သော်လည်း စုစုပေါင်း ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၃.၅၈ ဘီလီယံရရှိခဲ့ကြောင်း နိုင်ငံ၏တရားဝင်စာရင်းအင်း အေဂျင်စီက ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အင်ဒိုနီးရှားစာရင်းအင်းဌာန (BPS) မှ ဖြန့်ဖြူးရေးနှင့် ဝန်ဆောင်မှုစာရင်းအင်းဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Ateng Hartono က ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကုန်စည်ကုန်သွယ်မှုလက်ကျန်စာရင်းတွင် အမေရိကန် ဒေါ်လာ ၃.၅၈ ဘီလီယံ ပိုငွေရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းပိုငွေသည် ရေနံနှင့် သဘာဝဓာတ်ငွေ့မဟုတ်သောကုန်စည်များတွင် အမေရိကန်ဒေါ်လာ ၁၉.၃၅ ဘီလီယံ ပိုငွေရရှိခဲ့ခြင်းကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ အမေရိကန်ဒေါ်လာ ၁၅.၇၇ ဘီလီယံ လိုငွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှဇွန်လအထိ စုစုပေါင်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၀.၈၁ ဘီလီယံရှိခဲ့ပြီး ယမန်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၄.၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ တင်ပို့မှုတိုးတက်မှုတွင် ကုန်ထုတ်လုပ်မှုကဏ္ဍက အဓိကမောင်းနှင်အားအဖြစ်ပါဝင်ခဲ့ပြီး စုစုပေါင်းတင်ပို့မှု တိုးတက်နှုန်း သို့ ၆.၁၈ ရာခိုင်နှုန်း ထည့်ဝင်ပံ့ပိုးခဲ့ကြောင်း သိရပါသည်။ တစ်ဖက်တွင်လည်း ယခုနှစ် ပထမခြောက်လအတွင်း စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၇.၂၄ ဘီလီယံခန့်ရှိခဲ့ပြီး ယမန်နှစ် တူညီသည့်ကာလထက် ၁၈.၆၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ သို့သော် ပထမနှစ်ဝက်စုစုပေါင်းရလဒ်မှာ အပြုသဘောဆောင်နေသော်လည်း ၂၀၂၆ ခုနှစ် ဇွန်လတစ်လတည်းတွင် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၅.၄၆ ဘီလီယံထက် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅.၉၁ ဘီလီယံ ပိုမိုများပြားခဲ့သဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကုန်သွယ်ရေးလိုငွေဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
