
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ တို့ကို ဇူလိုင်လ ၂၆ ရက် မွန်းလွဲပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချပေးခြင်းရှိ/မရှိ၊ ဆီကန်များအတွင်း စက်သုံးဆီရောက်ရှိမှုနှင့် လက်ကျန်အခြေ အနေများ၊ အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ တို့ကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့သည်။
ယင်းနောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များ နှင့် မန်နေဂျာတို့အား စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆီဈေးနှုန်းများကို စနစ်တကျ ပြသရောင်းချရန်၊ အချိန်အတွယ်နှင့် အရည်အသွေး ပြည့်ဝမှန်ကန် စေရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
