
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံသည် ခရိုင်စီမံခန့်ခွဲရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ (၂၀.၇.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကုန်အညွှန်းအမှတ်အသားအကြောင်းအား အသိပညာပေးဟောပြော ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးက ကုန်းအညွှန်းအမှတ်အသား ဆိုသည်မှာ ကုန်စည် (သို့မဟုတ်) ကုန်စည်ထုပ်ပိုးမှု အပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ ဖြစ်စေ၊ ပုံနှိပ်၍ ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက် (သို့မဟုတ်) အမှတ်အသားကို ဆိုလိုကြောင်း၊ စားသုံးသူများကုန်ပစ္စည်းကို ကြည့်ရုံဖြင့် အလွယ်တကူ သိရှိနားလည်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေပြဌာန်း၍ ကာကွယ်ပေးထားခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်များကို ဥပဒေဖြင့် သတ်မှတ်ထားသော ကုန်ပစ္စည်းအပေါ် (သို့မဟုတ်) ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် ဖော်ပြထားသည့် အချက်အလက် (သို့မဟုတ်) အမှတ်အသားဖြင့် ဖော်ပြရန် သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ အခန်း(၁၈)၊ ပုဒ်မ (၄၁) အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်းအညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီ ဖော်ပြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်မှအခန်း(၂၃)ပါ ပုဒ်မ (၆၇၊၆၈) တားမြစ်ချက်များအား လိုက်နာခြင်းမရှိပဲ ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် ၂နှစ်ထက်မပိုသော၊ ငွေကျပ် သိန်း(၂၀၀)ထက် မပိုသော ဒဏ်နှစ်ရပ်လုံးကိုလည်းကောင်း ချမှတ်နိုင်ပြီး ပုဒ်မ (၇၉) အရ ရဲအရေးပိုင်ခွင့်ရှိသောပြစ်မှု အဖြစ်သတ်မှတ်ထားကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တတ်ရောက်လာသူများမှ သိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
