ညောင်တုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

Powered by Drupal

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက် ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ဆားမလောက်) အ.ထ.က (၂)၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     ဟောပြောပွဲတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက လူငယ်များ၏ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စည်းကမ်းလိုက်နာရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ၊ စားသုံးသူကာကွယ်ရေးဥပဒေသည် ဝယ်ယူသူများ၏ ဘေးကင်းလုံခြုံရေး၊ မှန်ကန်သော သတင်းအချက်အလက်ရရှိရေးနှင့် နစ်နာမှုများ တောင်းခံနိုင်ရေး စသည့် အဓိကအခွင့်အရေး ၈ ချက်ကို ကာကွယ်ပေးသောဥပဒေဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ မှန်ကန်တိကျသော အချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရန် ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်တို့ကို အသိပညာပေးပြီး၊ မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်အခြေအနေများတွင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

       ထို့ပြင် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဌာနများမှ ပြည့်စုံစွာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

       အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၅၀)ဦး တက်ရောက်ခဲ့ကြပြီး လူငယ်များအနေဖြင့် ဗဟုသုတနှင့် အသိပညာများ တိုးပွားစေရန် ရည်ရွယ်၍ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)