အရန်ဆန်ပမာဏ စံချိန်တင်မြင့်တက်လာသဖြင့် အင်ဒိုနီးရှားက ဆန်တန်ချိန် သိန်းနှင့်ချီ တင်ပို့ရန် အသင့်ပြင်ဆင်

Powered by Drupal

ဇွန်လ ၂၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (National Logistics Agency) က မလေးရှား၊ စင်ကာပူနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အပါအဝင် နိုင်ငံတကာဈေးကွက်များသို့ အရည်အသွေးမြင့်ဆန် တန်ချိန် ၂ သိန်း တင်ပို့ရန် အသင့်ပြင်ဆင် ထားကြောင်း ကြေညာခဲ့သည်။

ဂျကာတာမြို့၌ သတင်းထောက်များအား ပြောကြားရာတွင် အင်ဒိုနီးရှား အမျိုးသား ထောက်ပံ့ ပို့ဆောင်ရေးအေဂျင်စီ ညွှန်ကြားရေးမှူး အာမက် ရီဇယ် ရမ်ဒါနီက လက်ရှိတွင် အေဂျင်စီ၌ ၅ ရာခိုင်နှုန်း ဆန်ကွဲပါဝင်သည့် အရည်အသွေးမြင့်ဆန် တန်ချိန် ၂ သိန်းကို အရန်သိုလှောင်ထားပြီး ဝယ်ယူလို သည့်နိုင်ငံများထံ ချက်ချင်းပို့ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

          တင်ပို့ရေးအစီအစဉ်အရ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်း၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁ သောင်းနှင့် UAE သို့ တစ်လလျှင် တန်ချိန် ၅ သောင်းစီ တင်ပို့သွားရန် ရည်ရွယ်ထားသည်။

         နိုင်ငံတကာဈေးကွက် ချဲ့ထွင်ရေးအစီအစဉ်သည် ဇွန်လ ၂၉ ရက်က အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး အန်ဒီ အမ်ရန် ဆူလိုင်မန်နှင့် စင်ကာပူနိုင်ငံ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဂရေ့စ် ဖူတို့၏ နှစ်နိုင်ငံဆွေးနွေးပွဲအပြီး ပိုမိုအရှိန်ရရှိခဲ့သည်။

        ဆွေးနွေးပွဲတွင် အင်ဒိုနီးရှားဘက်က စင်ကာပူသို့ ဆန်တန်ချိန် ၁ သောင်း တင်ပို့ရန် တရားဝင်ကမ်းလှမ်းခဲ့ပြီး အင်ဒိုနီးရှားအစိုးရပိုင်လုပ်ငန်းများနှင့် စင်ကာပူပုဂ္ဂလိကကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှု မူဘောင်သစ်တစ်ရပ် တည်ဆောက်ရန်လည်း အဆိုပြုခဲ့သည်။ ထို့ပြင် ဆန်အပြင် ကြက်သား၊ ကြက်ဥ၊ စွန်ပလွံဆီနှင့် အုန်းသီးကဲ့သို့သော မဟာဗျူဟာမြောက် စိုက်ပျိုးရေး ထုတ်ကုန်များကိုလည်း စင်ကာပူဈေးကွက်သို့ တင်ပို့နိုင်ရေး အခွင့်အလမ်းများ ရှာဖွေနေကြောင်း သိရသည်။

       စိုက်ပျိုးရေးဝန်ကြီး အမ်ရန်က လက်ရှိ ဆန်ထုတ်လုပ်မှု အလွန်ကောင်းမွန်နေခြင်းကြောင့် ပို့ကုန်တိုးမြှင့်နိုင်မည့် အလားအလာရှိကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် အစိုးရ၏ ဆန်အရန်လက်ကျန်ပမာဏမှာ စံချိန်တင် တန်ချိန် ၅ ဒသမ ၁ သန်းခန့်အထိ ရောက်ရှိနေသည်။

          သို့သော် အင်ဒိုနီးရှား အမျိုးသားထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ၏ ဂိုဒေါင်သိုလှောင်နိုင်မှုမှာ အများဆုံး တန်ချိန် ၃ သန်းခန့်သာ ရှိသဖြင့် ပိုလျှံနေသော ဆန်များကို သိုလှောင်ရန် ပြင်ပဂိုဒေါင်များကို ထပ်မံငှားရမ်းထားရကြောင်း သိရသည်။

         စင်ကာပူဘက်မှ ဝန်ကြီး ဂရေ့စ် ဖူကလည်း သုတေသန၊ နည်းပညာနှင့် စက်မှုလယ်ယာစနစ်များတွင် အင်အားကြီးမားစွာ ရင်းနှီးမြှုပ်နှံထားခြင်းကြောင့် အင်ဒိုနီးရှား၏ စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာမှုကို ချီးကျူးပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံသည် အစားအစာ အများစုကို ပြည်ပမှ တင်သွင်းနေရသောကြောင့် အင်ဒိုနီးရှားထံမှ အစားအစာ ထောက်ပံ့ရေး ကွင်းဆက်ကို တိုးချဲ့နိုင်ခြင်းသည် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးအတွက် အရေးပါသော အခွင့်အလမ်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

       ထို့အပြင် အင်ဒိုနီးရှား အမျိုးသားထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီသည် အရှေ့တီမောနှင့် ပါပူအာနယူးဂီနီကဲ့သို့သော အိမ်နီးချင်းနိုင်ငံများသို့လည်း ဆန်တင်ပို့ရေးဈေးကွက် တိုးချဲ့နိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)