
ကမ္ဘောဒီးယားနှင့် ရဝမ်ဒါနိုင်ငံတို့သည် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ရပ် ထူထောင်ရန် ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအေဂျင်စီများနှင့် ကုန်သည်ကြီးများအသင်းများအကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး အပါအဝင် အာဆီယံနှင့် အာဖရိကအကြား ဈေးကွက်ဝင်ရောက်ခွင့်နှင့် စီးပွားရေးဆက်ဆံမှုများ တိုးချဲ့နိုင်ရေးအတွက် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုများကို ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ ရဝမ်ဒါသံအမတ် Bakuramutsa Nkubito Manzi နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (CDC) အထွေထွေအတွင်းရေးမှူး Chea Vuthy၊ ကမ္ဘောဒီးယား ကုန်သည်ကြီးများ အသင်း (CCC) ညွှန်ကြားရေးမှူးချုပ် Nguon Mengtech တို့ သီးခြားတွေ့ဆုံစဉ် ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။ CDC တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုအတွင်း Chea Vuthy က ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှု ရရှိစေရန်၊ စီးပွားရေးခံနိုင်ရည်အား မြှင့်တင်ရန်နှင့် အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးများ ခိုင်မာစေရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ရဝမ်ဒါနိုင်ငံ၏ စီးပွားရေးကဏ္ဍစုံလင်အောင် ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တိုးတက်မှုများ ရှိနေကြောင်းကိုလည်း အလေးထားပြောကြားပြီး နှစ်နိုင်ငံအနေဖြင့် အတွေ့အကြုံများနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်း များ အပြန်အလှန်ဖလှယ်နိုင်သည့် အခွင့်အလမ်းများရှိကြောင်း ထောက်ပြခဲ့သည်။ ထို့နောက် ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့နှင့် ရဝမ်ဒါဖွံ့ဖြိုး တိုးတက်ရေးဘုတ်အဖွဲ့တို့အကြား MoU လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါ MoU သည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး နှင့် နှစ်နိုင်ငံပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်သူများအကြား ချိတ်ဆက်ပေးရေးတို့အတွက် တရားဝင် ပူးပေါင်းဆောင်ရွက်မှုမူဘောင် တစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း CCC မှ ထုတ်ပြန်ထားသည်။
DOCA (ရန်ကုန်)
