
အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ အဆိုအရ ယခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံထံမှ ဆန်များကို ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူတင်သွင်းမှုသည် အဆပေါင်း ၅၀ ကျော်အထိ မြင့်တက်လာ ဖွယ်ရှိကြောင်း သိရှိရသည်။
ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) ၏ ခန့်မှန်းချက်များကို ကိုးကားလျက် ကမ္ဘောဒီးယားမှ ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်၌ ၃၅၁၀ တန်မျှသာရှိခဲ့ရာမှ ယခုနှစ် ကုန်ဆုံးချိန်တွင် တန်ချိန် ၂၀၀၀၀၀ အထိ ရောက်ရှိနိုင်သည်ဟု USDA က ပြောဆိုခဲ့သည်။ ဤသို့ ခန့်မှန်းချက်အရ ကမ္ဘောဒီးယား၏ ယခုနှစ် ဆန်တင်ပို့မှု စုစုပေါင်းမှာ တန်ချိန်တစ်သန်း ကျော်လွန် နိုင်ပြီး ၎င်းအနက် ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့မှုသည် ၂၀ ရာခိုင်နှုန်းခန့် ပါဝင်မည်ဖြစ်သည်။
ဖိလစ်ပိုင်၏ ဆန်သွင်းကုန်ခွဲတမ်း တိုးချဲ့ခွဲဝေမှုနှင့် ကမ္ဘောဒီးယားဆန်၏ အရည်အသွေးနှင့် ဈေးနှုန်းအရ အားသာချက်ရှိမှုတို့က တင်ပို့မှုပမာဏကို တိုးတက်လာစေသည်ဟု CRF က ပြောဆို ထားသည်။ အထူးသဖြင့် ဆန်ဖြူလုံးရှည်အပေါ် ဖိလစ်ပိုင်၏ ဝယ်လိုအား မြင့်မားလာချိန်၌ အခြား သော ဆန်တင်ပို့သည်နိုင်ငံများထက် ကမ္ဘောဒီးယားနိုင်ငံက ဈေးနှုန်းအရ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိနေ သည်ဟု USDA ကလည်း ပြောဆိုခဲ့သည်။
ဖိလစ်ပိုင် လွှတ်တော်မူဝါဒရေးရာနှင့် ဘဏ္ဍာငွေသုတေသနဌာန (CPBRD) ၏ အစီရင်ခံစာ တစ်စောင်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ၌ ကမ္ဘောဒီးယားနိုင်ငံနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဖိလစ်ပိုင်အနေဖြင့် ဆန်တင်သွင်းမှု ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ ဖိလစ်ပိုင် စိုက်ပျိုးရေး အတွင်းဝန် Francisco Tiu Laurel ကလည်း ပြည်တွင်း၌ တိုးပွားလျက်ရှိသော ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန် ကမ္ဘောဒီးယားမှ လယ်ယာထွက်ကုန်များ ပိုမိုတင်သွင်းခွင့်ကို တံခါးဖွင့်ပေးထား ကြောင်း ယခင်နှစ်၌ ပြောဆိုထားသည်။
ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီး Dith Tina က ၎င်းအနေဖြင့် မနီလာမြို့တော်နှင့် အခြားသော မြို့ပြဒေသများတွင် ဝယ်လိုအားခိုင်မာကြောင်း မြင်တွေ့လာရ သည့် ပရီမီယံအဆင့် ကမ္ဘောဒီးယားဆန်မွှေး၏ ကောင်းမွန်သော တိုးတက်မှုအလားအလာအပေါ် အထူးသဖြင့် ကျေနပ်အားရမှုရှိကြောင်း ပြောဆိုခဲ့သည်။
သို့သော် ဖိလစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဗျူရို၏ အချက်အလက်များအရ ယခုနှစ်တွင် ဇွန်လ ၁၁ ရက်နေ့အထိ ကမ္ဘောဒီးယားထံမှ ဆန် ၆၀၈၆၀ တန်သာ တင်သွင်းထားပြီးဖြစ်ရာ တစ်နှစ်တာ လျာထားချက်အပေါ် ၇၀ ရာခိုင်နှုန်းခန့် လျော့နည်းနေဆဲဖြစ်သည်။ ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု တွင် ကမ္ဘောဒီးယားဆန် ပါဝင်မှုမှာ ၂.၅၁ ရာခိုင်နှုန်းမျှသာရှိပြီး ဗီယက်နမ်ဆန်များက ဈေးကွက် လွှမ်းမိုးမှု ၈၅ ရာခိုင်နှုန်းခန့်ရှိနေသည်။ အဆိုပါကာလအထိ ဗီယက်နမ်ထံမှ ဆန်တင်သွင်းမှုမှာ တန်ချိန် ၂.၀၆ သန်းအထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ယခင်နှစ်၌ ဗီယက်နမ်ဆန်တင်သွင်းခဲ့မှု စုစုပေါင်း တန်ချိန် ၂.၇၆ သန်းအောက် လေးပုံတစ်ပုံကျော်မျှသာ လျော့နည်းမှုရှိနေသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ယခုနှစ် ပထမငါးလအတွင်း ဆန်တန်ချိန် ၂.၃၁ သန်းကို တင်သွင်း ထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူ၌ တင်သွင်းခဲ့သော တန်ချိန် ၁.၉၃ သန်းထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ပြည်တွင်း၌ ထုတ်လုပ်မှုကျဆင်းနိုင်မည်ဟု ခန့်မှန်းချက်က ဆန်တင်သွင်းမှု ကို ပိုမိုလာစေခြင်းဖြစ်ကြောင်း CPBRD ဌာနက မှတ်ချက်ပြုထားသည်။ သွင်းအားစု စရိတ်စက များ မြင့်မားလာမှုနှင့်အတူ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ပြင်းထန်စွာ သက်ရောက်နိုင်ခြေရှိခြင်း က ယခုနှစ် ဆန်ထွက်ရှိရန် ကနဦးမျှော်မှန်းထားခဲ့သည့် တန်ချိန် ၂၀.၂၈ သန်းကို ပြည့်မီနိုင်ခြင်း မရှိဘဲ တန်ချိန် ၁၈.၆ သန်းသို့ လျော့ကျဖွယ်ရှိကြောင်း Manila Bulletin သတင်းဌာနက ဖော်ပြ ထားသည်။
Source: Manila Bulletin, June 24, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
